RSS

ကိုယ့်ဟာကိုယ်ခေါင်းစဉ်ရှာမရသော . . .

ကိုယ်ပိုင် အရေးအတွေးတွေလား . . မဟုတ်ကြပါဘူး . .Credit ပေးစရာတွေရှိတယ် ။
ဒါဆိုဘယ်သူရေးတာကူးလာလဲ . . မဟုတ်ပြန်ပါဘူး . . ကျုပ်ရေးနေတာပါပဲ ။

နေမထိထိုင်မသာ . . မရိုးမရွ ဆိုးရွား ကွတစွာ ခံစားရတဲ့အခါ . .
နံရံတွေပေါ် လမ်းတက်လျှောက်ချင်နေတဲ့ စိတ်တစောင်းကြီးကို ပစ်ချထားစရာနေရာမရှိပြန်ဘူး ။

ဘူတာရုံလေးတွေနား ဖြတ်သွားရမှာ ကြောက်ရွံ့တွန့်ဆုတ် . . နှလုံးသားရဲ့
ရောင့်ရဲနိုင်မှုအားတို့ နဖားကြိုးပြုတ်သွားမှာ စိုးတယ် ။ ငိုချလိုက်ရအောင်ကလဲ လှမှမလှဘဲလေ။

အိပ်မက်အဟောင်းတွေဝယ်တယ် ဟုတ်လား . . လာထားကိုယ့်လူရေ
သက်တမ်းရင့် အ၀ီစိအောင်း အိပ်မက်ဟောင်းတစ်ခု အလကားမတ်တင်း လက်ဆောင်ပေးလိုက်ချင်ရဲ့ ။ ရှေးဟောင်းပစ္စည်းအဖြစ် ပြန်ရောင်းရင် ဈေးကောင်းရပါလိမ့်မယ် ။

ထီးမပါရင် မိုးကာတော့ဝတ်လာဗျာ . . ဒီနေရာက အက်ဆစ်ထက်ဆိုးတဲ့ အလွမ်းတွေ မိုးလိုရွာနေတာ ။ စိုမိရင် အရိုး . . အသား . . နှလုံးသားတင်မက စိတ်ဓါတ်ပါ နမိုးနယားနဲ့ ကင်ဆာဖြစ်သွားမှာ ။

ကာကွယ်ဆေးရှာဖို့လား . . Research အတွက် အကုန်မခံနိုင်ပါဘူး . . အသေခံတာက ဈေးသက်သာတယ် မဟုတ်လား ။

အခုတလော နှလုံးသားမှာ ခနခနဖွင့်နားထောင်နေဖြစ်တာက the ants ရဲ့ အန်ချင်တယ်နဲ့ ရိုဆေး ဗျ . . ။ မကြားရဘူး ဟုတ်လား . . အေးဗျာ . . ခဗျားနှလုံးသား နားချမ်းသာတာပေါ့ . . ။ သီချင်းက ဒီလောက်ဆိုးလို့လား . . ဟာ . . မဟုတ်ပါဘူး . . ကျုပ်နှလုံးသားကိုက ဆိုးဆိုးရွားရွား အက်ခိုးများနေလို့ပါ ။

အမှန်တော့ ကျုပ်လဲ ကဗျာကို အလှဆုံးအဆုံးသတ်ချင်တာပါပဲ။
ဒါပေမယ့် . . စကားလုံးရှာမရမှတော့ ဒီတိုင်းတန်းလန်း ပစ်ထားလိုက်ရုံပေါ့ဗျာ .
အပြီးမသတ်ဖြစ်သေးတာက ဆဲတာထက်တော့ နည်းနည်းသာတယ်မဟုတ်လား ။ ။

ခရေငယ်(၇.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

ပြောခဲ့ပါ . . တစ်ခုခုပေါ့