RSS

“ အချစ်သည် ဤသို့ဤပုံ ကဗျာဆန်လေသည် ”

မြင်မြင်ရာ . . တောင်ကုန်း တောင်တန်းတွေ ကြားထဲမှာ လှုပ်ရှားသက်ဝင်နေတဲ့နေရာတစ်ခု ။
ငွေ . . ရှိဖို့ ရွှေရှာရသော . . ဆန်ရှိဖို့ ရွှေရှာရသော . .ဒီအသေးစားရွှေမှော်ကလေးဆီကို
နေ့စားကျင်းသားလေးများအဖြစ် မြင့်နိုင်အောင်နဲ့ တေဇာတို့ ညီအကို၂ယောက်
ရောက်နေကြတာ တစ်လလောက်ရှိပြီကော။ ညီအကိုအရင်းတော့မဟုတ်ပေမယ့်
တစ်ယောက်ကိုတစ်ယောက် ညီအကိုအရင်းတွေလိုပဲ ချစ်ကြလေတော့ သွားအတူလာအတူ ။ အလုပ်လုပ်တော့လဲ တက်ညီလက်ညီမို့ ရွာစကားနဲ့ပြောရရင် အတိုင်အလှည့်ညီတဲ့
နွားတစ်ရှဉ်းလိုပဲ ဟန်ကျပန်ကျရှိလှတယ်။

ရွှေမှော်ဆိုတော့ နေ့လုပ် ညနား . . ပင်ပန်းသမျှလေးကို ဖြေချင်တာနဲ့ဖြေလို့ရတဲ့နေရာ။
ယာမကာ . . ဘာညာအစ . . သူ့အဆက်နဲ့သူတော့ ငွေပေးရင် ဘာမဆိုရပေမယ့် ဒီညီအကိုရဲ့
စိတ်အပန်းဖြေရာက ညနေညနေ လက်ဖက်ရည်ဆိုင်လေးထိုင်တာပါ။ မှော်ကလေးရဲ့
ကျင်းသားတွေထိုင်နေကျ လက်ဖက်ရည်ဆိုင်တွေထဲက တောင်ပေါ်မှာဖွင့်ထားတဲ့ဆိုင်ကလေးမှာ သူတို့ညီအကို အထိုင်များတယ်။

လက်ဖက်ရည်ကောင်းတာ မကောင်းတာထက် သူတို့တဲလေးနဲ့ သွားရလာရနီးတာကြောင့်ရယ်
 ။ အရာရာကို အပေါ်စီးက ကြည့်ရတာမိုက်တယ်လို့ ၂ ယောက်လုံးခံစားမိကြတာကြောင့်ရယ်
 ဖြစ်မယ်ထင်ပါ့ ။ဝမ်းရေးအတွက် ရုန်းရကန်ရဖို့လာတာပေမယ့် လူငယ်ဆိုတော့လဲ
 ခံစားတတ်တဲ့နှလုံးသားလေးတွေနဲ့ကိုး ။ အလုပ်ချိန်အလုပ် လုပ်ပြီး အားချိန်ဆိုရင်တော့
 လက်ဖက်ရည်ဆိုင်လေးမှာ ၂ ယောက်သားအတိတ် အနာဂတ် အကြောင်း . .
 မိသားစုအကြောင်း . . ထားခဲ့ဖူးတဲ့ချစ်သူအကြောင်း . . တောင်ပေါ်ရှုခင်းလေးတွေ ခံစားရင်း
 ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။

လက်ဖက်ရည်ဆိုင် လာဖွင့်တဲ့ဆိုင်သမားက ဒီမှော်လေးနဲ့ သိပ်မဝေးတဲ့ ရွာတစ်ရွာကပါ။
 ဆိုင်အကူ အလုပ်သမားလေးတွေရယ် ဆိုင်ရှင့်တူမ ၂ ယောက်ရယ်နဲ့ သိပ်မကြီးလှတဲ့
 ဆိုင်ကလေးကို လည်ပတ်နေတာပါပဲ။ ဆိုင်ရှင့်တူမ ၂ ယောက်ထဲမှာ တစ်ယောက်က
 ကိုယ်နေဟန်ရော ရုပ်ရည်ရော အတော်လေးအချိုးတကျရှိတော့ မှော်ထဲက
 ကျင်းသားလေးတွေရဲ့ အေးခဲချင်ချင်နှလုံးသားတွေထဲမှာ ကဗျာဆန်လှတယ်လို့
 ပြောစမှတ်ပြုရတယ်။ တစ်ရက်တစ်ရက် ဒီဆိုင်ကို ဒီကောင်မလေးမြင်ချင်လို့ လာထိုင်ကြတဲ့
 ကျင်းသားလေးတွေလဲ မနည်းမနော . .။ ဒါကတော့ သိတဲ့အတိုင်း မိဝေးဖဝေး ချစ်သူဝေး . .
 မြို့ဝေး . .ရွာဝေး နေရာမှာ မျက်စိပသာဒဖြစ်စရာလေး ရှာကြံကြည့်ရတာကိုး။
အိမ်ကိုလဲ ပိုက်ဆံပြန်ပို့ချင်သေးတော့ ကိုယ့်ရတာလေး ခြစ်ကုတ်စု . . ဆေးတို့ အရက်တို့လဲ
 ရှောင် . . ပင်ပန်းတာလေးတွေ ဒီမျက်နှာလေးလာကြည့်ရင်း အမောဖြေရတယ်ဆိုလဲ ဟုတ်ရဲ့။
ရွာသူလေးဆိုပေမယ့် တစ်သွေးတစ်မွေးရှိလှတယ် ။ ပြီးတော့ ဆိုင်လူများအောင်
 အပြထိုင်ပြီး ကြာပစ်တာမျိုးလဲ မဟုတ်ပါဘူး ။ သူလုပ်စရာရှိတာ ပုံမှန်လုပ်နေတာမျိုးပါ ။
 ဆိုကြပါစို့ . . တော်တော်လေးမဆိုးလှတဲ့ ကလေးမပေါ့လေ ။

ဒါပေမယ့် . . မြင့်နိုင်နဲ့ တေဇာတို့ညီအကိုကတော့ သူများနဲ့မတူ တမူထူးခြား အဲဒီကလေးမကို
 မျက်စိထဲမထားဖြစ်ဘဲ . . ၂ ယောက်လုံးမျက်စိရေးထဲမှာ သဘောတကျဖြစ်နေတာက
 ရုပ်ရည်သိပ်မချောလှတဲ့ နောက်တစ်ယောက်ကိုပါ။ မချောလှဘူးဆိုတာကလဲ အတူတွဲနေတဲ့
 တစ်ယောက်က အတော်လှနေတော့ သိပ်မပေါ်တာမျိုးပါ ။ အသားလေးညိုညိုစိုစိုနဲ့
 မျက်လုံးမျက်ဖန်လေး မဆိုးလှတော့ သူ့ဟာသူဆိုရင် ရွက်ကြမ်းရေကြိုအလှလေး ရှိတယ်လို့
 ညီအကို၂ယောက်လုံးက တွေးမိကြတာကိုး။ ပြီးတော့ ရုပ်သိပ်မလှပေမယ့်
 စိတ်ရင်းသဘောလေးက ကောင်းတယ်လေ။ ဟန်ပန်မရှိ တကယ့်ရိုးရိုးစင်းစင်းနဲ့
 စိတ်ရင်းစေတနာကောင်းသူလေးပါ ။ ဆိုင်လာတဲ့ ဧည့်သည်တိုင်းကို မောင်လို အကိုလို
 သဘောထားပြီး ခင်ခင်မင်မင်ကူညီတတ်တာလဲ မမြင်ချင်လဲမြင် မြင်ချင်လဲမြင်မို့
 သူတို့ညီအကိုမျက်စိထဲတော့ ဒီကလေးမကမှ အသာစီးရနေပြန်တော့တာ။
 အဲဒီဖက်ဒေသစကားနဲ့ . . သီချင်းဆိုပြရရင်တော့ “ သံယောဇဉ်ငြိတွယ်မိပြီညှယ် . . ” ပေါ့လေ။

သဘောကျတယ်ဆိုတာကလဲ ဒီကောင်မလေး မဆိုးဘူး ဆိုတာမျိုးပါ ။
 ချစ်သူရည်းစားဖြစ်အောင် ကြံမယ်ဆိုတာမျိုးတော့ ၂ ယောက်လုံး မတွေးမိကြပါဘူး ။
 ဘာလို့ဆို ကိုယ့်ဘ၀ကိုယ်တောင် ပြောင်ယောင်အောင် မနေနိုင်သေးတာ။ သူများသားသမီး
 ဒုက္ခမပေးချင်ကြတာလဲပါ . . မှော်ဆိုတာ ဒီလိုပဲ တွေ့ဆုံကြုံကွဲတွေကလဲ များနေပြီဆိုတော့
 ပုဝါပါးနဲ့ကြက်သားကမှ လျှော်လိုက်ရင်အစွန်းသက်သာဦးမယ် တစ်ရွာသားနဲ့ တစ်ရွာသူ
 မလွမ်းရတဲ့ ဇာတ်လမ်းရယ်လို့ မဖြစ်နိုင်လေတော့ . . အတွေးထဲမှာတင်
 လက်လျှော့ပီးသားပေါ့လေ။

တကယ်ဖြစ်ဖို့သာ အားလျှော့ထားတာ . .ဒါမျိုးဆို အစွမ်းအစလေးနည်းနည်းရှိတတ်တဲ့
 မြင့်နိုင်အောင်က ကွမ်းယာတို့ဘာတို့ဆိုရင် တခြားသူတွေယာတာ မစားချင်ဘူး ။ သူယာပေးမှ
 ဆိုတာမျိုး . . လက်ဖက်ရည်ဆိုလဲ သူဖျော်တာက ပိုကောင်းတယ်ဆိုတာမျိုးလောက်တော့
 အရိပ်အမြွက် ပြောဖြစ်တာပေါ့။ ကောင်လေးနဲ့ ကောင်မလေးကြားထဲမှာ
 အဲလောက်လေးပြောတာတော့ အပြစ်မဖြစ်ဘူးထင်ပါတယ် ။ နှမသားချင်း
 မစာနာတဲ့အပြောအဆို အကြည့်မျိုးမှ မဟုတ်တာပဲလေ နော။ ကြာတော့ ကောင်မလေးကလဲ
 နည်းနည်းတော့ ရိပ်မိပုံကျပါတယ် ။ သူတို့လာပြီဆို သူတို့ဝိုင်းဖက်ကို မသိမသာလေး
 ခိုးခိုးကြည့်လာတတ်တယ်။ ပြီးတော့ တခြားသူတွေနဲ့မတူ ရည်ရည်မွန်မွန်လေးတွေဆိုတော့
 စိတ်ကူးလေးဘာလေးလဲ ယဉ်ချင်ယဉ်မှာပေါ့လေ။

ဒီလိုနဲ့ အခြေအနေက ရှေ့ဆက်ဖို့လဲ ဘယ်နှယ်မှန်းမသိ ဘယ်လိုဆက်ရမှန်းမသိ . . ဒီအတိုင်း
 သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်ကနေ တက်မလာဘူး ။ တစ်ယောက်ကိုတစ်ယောက်
 သံယောဇဉ်အမျှင်တန်းနေတာကိုတော့ ဘေးလူတောင်သိနိုင်ရဲ့ဆိုပါတော့။ ဒါပေမယ့်
 ချစ်သူဖြစ်ဖို့ကြိုးစားရမလားဆိုပြန်တော့လဲ အပေါ်ကပြောခဲ့တဲ့အတိုင်း ကိုယ့်အခြေအနေ
 သူ့အခြေအနေတွေက ရှိပြန်ဆိုတော့ ခက်တော့ခက်သားလား ။
 တစ်ရက်တော့ ညီဖြစ်သူ တေဇာက ကျင်းနားတဲ့အချိန်မှာ ဗလာစာရွက်တစ်ရွက်ပေါ်
 ခဲတံတစ်ချောင်းနဲ့ အလုပ်ရှုပ်နေတယ်။ ငယ်ငယ်ထဲက ပုံဆွဲတာဝါသနာပါတာကြောင့်
 တောင်ခြစ်မြောက်ခြစ်လောက်တော့ သူကဖြစ်တာကိုး ။ ဒါနဲ့ပဲ
 အဲဒီကောင်မလေးရဲ့ပုံလို့ထင်ရတဲ့ (ပိုပိုသာသာတွေးပေးမှ တူမယ့်)
 ပုံတစ်ပုံရလာရောဆိုပါတော့။ ပုံကိုအကိုဖြစ်သူလက်ထဲထည့်ပြီး “ ရော့ . . မင်းဆွဲတာလို့
 ပြောပြီးပေးလိုက် ” ဆိုတော့ မြင့်နိုင်အောင်က “ အေးပါ . . လက်နဲ့သာမဆွဲတတ်တာ . .
 လေဆွဲတော့ဆွဲတတ်ပါတယ် . . အပြောနဲ့ဆွဲတာကတော့ ဖြစ်ပါတယ် ” ပေါ့။

အဲဒီပုံကို ယူသွားပြီးပေးလိုက်တာ . . ကြိုက်တယ်လို့ပြောလိုက်တာထက် တာသွားပါတယ်။
ဘာလို့ဆို သူ့ကိုစိတ်ထဲမှာ အတော်ရှိနေလို့သာ ဒီပုံမျိုးထွက်လာတယ်လို့ ကောင်မလေးက
ထင်သွားတာလဲပါ ။ တောသူတောင်သားတွေကြားထဲမှာ စကားနဲ့ပြောတာထက်
တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ရှိတာကို ပြောစရာမလိုဘဲ သူ့အလိုလို
ချစ်သူရည်းစားတော်သွားကြလေသတည်းပေါ့ ။ သမီးရည်းစားတွေ ဖြစ်သွားကြလို့
ဟိုနေရာဒီနေရာ ချိန်းရတယ်မရှိပါဘူး ။ သူလဲသူ့အလုပ်နဲ့သူ ကိုယ်လဲကိုယ့်အလုပ်နဲ့ကိုယ်
အားမှမအားတာလဲပါ ။ ရည်းစားတစ်ခါမှ မထားဖူးရှာတဲ့ကောင်မလေးကို
ငဲ့တာကတစ်ကြောင်း။(မြင့်နိုင်အောင်ကတော့ သူ့ထက်သာသေးတယ် ။ ရွာမှာတုန်းက
ငယ်ရည်းစားလေးတစ်ယောက် ထားဖူးသေးတာကိုး) ကောင်မလေးဦးလေးတွေသိကုန်ရင်
အဆူအဆဲခံရမှာစိုးလို့ပါ ။ ဒါကြောင့် ရည်းစားဖြစ်သွားပေမယ့်လဲ ဒီအတိုင်းဒုံရင်းဒုံရင်း
လက်ဖက်ရည်ဆိုင်ထိုင်ရင်း . . ကွမ်းယာဝယ်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရတာ ။ စကားလေးတစ်ခွန်းစ နှစ်ခွန်းစ ပြောရတာထက် မပိုပါဘူး။ အမယ် ဒီကြားထဲ . .
တေဇာဆွဲပေးလိုက်တဲ့ ကောင်မလေးရဲ့ပုံက တူတော့တူပါတယ် ဒါပေမယ့် မှဲ့မပါဘူးဆိုလို့ . .
ပြန်ယူလာပြီး ညီဖြစ်သူမှာ မှဲ့ပြန်ထည့်ပေးလိုက်ရသေးတယ် ။ ဟုတ်တယ်လေ မျက်နှာမှာ
မှဲ့ပါတယ် မပါဘူး သေချာကြည့်နေလို့ဖြစ်တာမှမဟုတ်တဲ့ဟာ . . ပြီးတော့ သူ့မှဲ့က
အကြီးကြီးဆိုလဲ ဟုတ်သေး ။ သေးသေးလေးဆိုမှတော့ အဝေးကလောက်ကြည့်ရ
မြင်ရတဲ့သူတဲ့ကောင် ဘယ်လိုလုပ်တွေ့မတုန်း ။

ဒီနေ့တော့ . . ညနေခင်းကျင်းနားတာနဲ့ ညီအကို၂ယောက် ထုံးစံအတိုင်း
တောင်ပေါ်ကဆိုင်လေးဆီ ခြေဦးလှည့်ရင်း စကားပြောနေကြတုန်း ။ လက်ဖက်ရည်မှာထားတာ
လာပို့တဲ့ မြင့်နိုင်ရဲ့ကောင်မလေးကို မသိမသာကပ်မေးလိုက်တယ်။

“ဟဲ့ . . ငါပေးတဲ့ပုံကို သေသေချာချာ သိမ်းထားရဲ့လား . . မပျောက်စေနဲ့နော်”

“ သိမ်းပါတယ်တော် . . ပေးထားမှတော့ သေချာသိမ်းထားတာပေါ့ ”

လို့ ကောင်မလေးက ပြုံးပြီးပြန်ပြောတော့ စိတ်ပူတဲ့ပုံနဲ့ မြင့်နိုင်အောင်က ထပ်ပြောတယ်။

“ သူများတွေလဲ မြင်ကုန်ဦးမယ် . . ဖွက်လဲဖွက်ထားဦး . . နင်အဆူခံနေရမယ်”

“ မပူပါနဲ့ . . ဘယ်သူမှ မတွေ့နိုင်တဲ့နေရာမှာ သေချာသိမ်းထားတာပါ ”

အပိုင်ပါပဲ ဆိုတဲ့အမူအရာနဲ့ ကောင်မလေးက ပြောတော့ ဘယ်နေရာသိမ်းတယ်လို့
မြင့်နိုင်အောင်တို့ညီအကိုလဲ သိချင်သွားတာပေါ့ ။ မီးခံသေတ္တာတွေဘာတွေများ
ဝယ်လိုက်သလား ။ ထမီကြား အင်္ကျီကြားထဲများ ညှပ်ထားသလား . .
ဒါမှမဟုတ် ယွန်းဗူးတွေဘာတွေနဲ့များ သေချာထည့်ပြီးသိမ်းသလား . .
တွေးကြည့်တာမရဘူး။ မေးလိုက်တာ အေးတယ်မဟုတ်လား ။

“ ဘယ်နား . . သိမ်းထားတာတုန်း ”

အဖြေစကားကြားအပြီး . . မြင့်နိုင်အောင်နဲ့ တေဇာတို့ညီအကို၂ယောက်တင်မကဘူး
အနောက်ဖက် တောင်စွယ်တွေကြားက ၀င်ခါနီးနေမင်းကြီးတောင် ကောင်မလေးရဲ့
ပုံအသိမ်းကောင်းပုံကို သဘောကျပြီး ပြုံးလို့။ ရိုးလဲရိုး ဥာဏ်လဲကောင်းပါပေရဲ့ ။

“ ဟိုလေ . . ဓါတ်မီးမှာ ဓါတ်ခဲပတ်တဲ့နေရာထဲ ထည့်သိမ်းထားတာ . . ဘယ်သူမှ
မတွေ့နိုင်တော့ဘူး . . အိပ်ယာနား ထားအိပ်တာတော်ရေ ” တဲ့။

.................
ခရေငယ်(၂၉.၃.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“တခါတရံတွင် . . ပိုင်ဆိုင်ခွင့်ရရန်မကြိုးစားခြင်းသည်လည်း အချစ်ဖြစ်လေသည် ”


ခေငယ် ငယ်ငယ်ထဲက အကောင်လေးတွေကို ချစ်တတ်ပါတယ်ဗျာ ။ အကာင်လေးဆိုလို့ ကောင်လေးတွေလို့ မတွေးလိုက်ကြပါနှင့် ။
ငယ်တုန်းကတော့ “ အ” ပါသော  ခွေးလေး . . ကြောင်လေးတွေ စသဖြင့် အကောင်လေးများကို ဆိုလိုတာပါ။
ငယ်ငယ်ထဲက ခေငယ်တို့အိမ်မှာ ကြောင်လေးတွေရှိနေတတ်တယ်။ တမင်မွေးထားတာမျိုးမဟုတ်တောင်
ဘယ်က ဘယ်လိုရောက်လာမှန်းမသိသော ကြောင်ပေါက်စလေးတွေ . . တမင်တောင်းလာသော ခွေးလေးတွေနဲ့
အိမ်မှာ ခွေးကြောင် ပြတ်သည်ဟု သိပ်မရှိသလောက်ပင် ။

သေချာ မှတ်မိသော ကြောင်တစ်ကောင်ရှိပါသေးရဲ့ ။ အကောင်လဲ အရမ်းကြီးပြီး တစ်ကိုယ်လုံး ကြောင်ရောင် ( အညို)  . .
အမြီးကတော့ ရောက်လာခါစ ကြောင်သေးသေးငယ်ငယ်လေးထဲက ကောက်နေတာကြောင့် ကြောင်နာမည် အကောက်လို့  ပေးထားတယ်။
အဲဒီတုန်းက အကောက်ဆိုတာ ကျောက်စိမ်းသူဌေးတစ်ယောက်ရဲ့ နာမည်လဲ ဟုတ်သဗျ။ အကောက်က ညညဆို လျှောက်လည်နေတတ်ပြီး
မနက်မိုးလင်းရင် ခေငယ့်စောင်ပေါ်တက်အိပ်နေတတ်တယ်။ အရမ်းအပျင်းထူပြီး အအိပ်အစားမက်တဲ့ ကြောင်ကြီးပေါ့ဗျာ။
ပြီးတော့ ကိုယ်တိုင်က ဖျက်ဆီးနေတယ်ပဲပြောပြော ခေငယ်က ကြောင်ဆို အအိပ်မက်ပြီး အပျင်းထူတဲ့ ကြောင်ဆို ပိုချစ်တတ်တယ်။
ကြောင်တွေအပျင်းထူပြီး အိပ်နေပြီဆို ပျင်းနေတဲ့ရုပ်ကြီးကကို ချစ်စရာအရမ်းကြီးကောင်းနေတယ်လို့ ထင်ပါရဲ့။
တစ်ခါတစ်လေများ ခေငယ် အခန်းပြောင်းအိပ်ဖြစ်ရင် ခေငယ်နဲ့အိပ်တဲ့ကောင်တော့ ဘယ်သွားအိပ်မလဲ လို့ ပူပန်ပြီး ပြောင်းအိပ်ရပေမယ့်
မနက်မိုးလင်းရင် ခေငယ့်ကြောင်ကြီး အကောက်က စောင်ပေါ်ရောက်နေတတ်မြဲ ။ ကြောင်တွေက သခင်ရဲ့ကိုယ်နံ့ကိုခွဲသိပြီး
အဲလိုပဲ လိုက်အိပ်တတ်တယ်။ နောက်ဆို အခန်းပြောင်းအိပ်ဖြစ်လဲ အကောက်လာတတ်တာသိတော့ သိပ်မစိုးရိမ်တော့ပါဘူး။
အိမ်ရဲ့ ဘယ်နေရာမှာပဲအိပ်အိပ် အခန်းတံခါး မပိတ်ထားရင် မနက်ဆို ဂူးဂူးဆိုတဲ့  မြည်သံနဲ့ ခေငယ့်ကြောင်ကြီး ရှိနေတတ်မြဲ။
တစ်ဖြည်းဖြည်း အသက်ကြီးလာတော့ ကြောင်ကြီးက ဘယ်ရောက်သွားမှန်းမသိတော့ပါဘူး ။ ညပိုင်းလည်ရာကနေ ပြန်မလာတော့ဘူးလေ။
ခေငယ်တို့ ကလေးတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ လူကြီးတွေက အကောက်က လျှောက်လည်နေတာ သူပျော်တဲ့နေရာသွားခဲ့ပြီ ။
အဲလိုပဲ ပျော်နေတော့ ပြန်မလာတော့ဘူးလို့ ပြောပြကြတယ်။ ဟုတ်မဟုတ် သေချာမသိပေမယ့် ခေငယ့်စိတ်ထဲမှာ အကောက်က
လည်လည်သွားနေတာ ပျော်နေတာလို့ပဲ တွေးဖြစ်သွားတယ်။ သူများသတ်လိုက်တယ်လို့ကို တွေးလို့မရခဲ့ပါဘူး။
ခုချိန်ဆိုရင်တော့ မရှိတော့လောက်ဖူးပေါ့ ။ ကြောင်ကြီးရောဂါနဲ့ ဆုံးလောက်ရောပေါ့ဗျာ ။

နောက်ပိုင်း ကြောင်တွေ ခွေးတွေနဲ့ကတော့ ကျောင်းသွားတက်တာ ဘာညာနဲ့ သိပ်ရင်းရင်းနှီးနှီးမနေဖြစ်တော့ပါဘူး။
ဒါပေမယ့် ချစ်တာတော့ ချစ်တုန်းပဲဗျ။ ငယ်တုန်းက ခွေးတွေ ကြောင်တွေချစ်လို့ ဘယ်ကောင့်ဖြစ်ဖြစ် တရင်းတနှီးဖက်လိုက်
ပွေ့လိုက်လုပ်တတ်လွန်းလို့ ကြောင်ကုတ်ခံရ . . ခွေးဟပ်ခံရတာလဲ ခဏခဏပေါ့ဗျာ။ ဒီကောင်တွေက စကားသာ အသံနဲ့
မပြောတတ်တာ စိတ်မကောင်းဖြစ်ရင်လဲ သိသာတယ် ။ မျက်လုံးအကြည့်တို့ မျက်နှာရိပ်မျက်နှာကဲတို့ကျ ခွေးတွေကြောင်တွေက
သိပ်လုပ်တတ်တာ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကျနေတာပဲ ။ နည်းနည်းအော်မိလို့ စိတ်မကောင်းဖြစ်သွားပြီဆို မျက်နှာလေးတွေတောင် အိုလို့။
ဒီကောင်တွေ ပျော်နေပြီဆိုလဲ ဆူဆူညံညံနဲ့ ကြည့်ရတာကို မြူးနေရော ။ အစာတောင်းကြပြီဆိုလဲ တစ်ကောင်တစ်မျိုး ချစ်စရာ အကျင့်လေးတွေနဲ့။
လက်နဲ့ပုတ်တောင်းတဲ့ကောင်နဲ့ အီအီ အီအီ အသံပြုတဲ့ကောင်နဲ့ . . သစ်သားချောင်းလိုဟာကို ဂွပ်ဂွပ်နဲ့ အသံမြည်အောင် ကိုက်ပြီး ဗိုက်ဆာတယ်လို့
ဆန္ဒပြတဲ့ကောင်နဲ့ ။ တစ်ခါတစ်လေ အချင်းချင်း စားမာန်ခုတ်ကြနဲ့ အစုံပဲ ရီရတယ် ။ အမှန်တော့ ခွေးကြောင် မချစ်တတ်တဲ့သူအတွက်တော့
ဘာမှလဲ မဟုတ်လောက်တဲ့ပုံစံတွေပေမယ့် ချစ်တတ်တဲ့ခေငယ်လိုကောင်ကျတော့ သူတို့အမူအရာတွေလုပ်တတ်တာထက် ကိုယ့်ဖာသာ
ဒါလေးကတော့ ဒီလိုထင်တယ်ဆိုပြီး ခံစားကြည်နူးနေတာမျိုးက ပိုတာပေါ့ဗျာ . . ဟီး ။

ဒါပေမယ့် ခွေးတွေကြောင်တွေမွေးရတာက သံယောဇဉ်ထားမိရင် မလွယ်ဘူးဗျ ။ တစ်ခုခုများဖြစ်လာရင် စိတ်မကောင်းဖြစ်ရတာ
ဆိုးသလားမမေးနဲ့ ။ ဒီကောင်တွေကလဲ တော်တန်ရုံဘေးရန်တော့ ရှောင်တတ်ကြပေမယ့် အကုန်လုံးတော့ ဘယ်ဟုတ်ပါ့မလဲဗျာ။
သူတို့ချင်းကိုက်လို့ ပေါက်ပြဲတာမျိုးဖြစ်ဖြစ် . . ဆေးမိလာလို့ ပဲဖြစ်ဖြစ် ။ ရောဂါဖြစ်ပြီဆိုရင်ဖြစ်ဖြစ် စိတ်ပူရတာ တအားပဲ။
ကုပေးလို့ရရင်တော်သေး . . ကုလို့လဲမရရင် ကိုယ့်ရှေ့  မှာမြင်နေရတာ အရမ်းရင်နာစရာကောင်းတာ ။
အဲဒါနဲ့ နောက်ပိုင်းကျ သံယောဇဉ်အရမ်းဖြစ်ပြီး တစ်ခုခုဆို ခံစားရတာဆိုးလို့ အိမ်မှာ ခွေး ကြောင် လုံးဝ မမွေးတော့ဘူးလို့
ဆုံးဖြတ်ပြီး ခုဆို ဘာကောင်မှ မမွေးဖြစ်တော့ဘူး ။

ဒါပေမယ့် ခွေးချစ် ကြောင်ချစ် အကောင်ချစ်တဲ့ စိတ်ကတော့ မကုန်သေးဘူးဗျ ။ လမ်းသွားရင်း ခွေးတွေကြောင်တွေတွေ့ရင် စချင်သေးတာ။
ပြီးတော့ ခု ခေငယ်က ရန်ကုန်မှာ အဆောင်နေရတော့ ခွေးကြောင် အကောင် မွေးဖို့လဲ အဆင်မပြေပါဘူးလေ။
ကိုယ့်ဖာသာတောင် ထမင်းနပ်မှန်အောင် မနည်းစားနေရတာ ။ မွေးလဲ ဒီကောင်တွေ ဒုက္ခရောက်ဖို့ပဲရှိတယ် ။
ဒါကြောင့် ခုနောက်ပိုင်းတော့ ခွေးတွေကြောင်တွေ သူများမွေးထားတာလေးတွေပဲ လိုက်လိုက်ကြည့်ပြီး ပျော်နေတတ်တော့တယ်။
ဘယ်သူ့ဆီမှာ ဘာကောင်လေး မွေးထားတယ် ဆို သတင်းကြားရတာနဲ့တင် ပျော်နေတတ်ပြီ။ အကျင့်လေးက ဘယ်လို ဆို
သဘောတကျပဲ စိတ်ထဲမြင်ယောင်လို့ပေါ့ ။ ခေငယ်နေတဲ့ရပ်ကွက်က လမ်းခွေးလဲ များတော့ ဒီကောင်တွေနားက ဖြတ်သွားရင်
မကြောက်တဲ့ပြင် ချစ်တောင်ချစ်သေး ။ ဘယ်ကောင်ကတော့ ဘယ်လိုဟ ဆိုပြီး နှုတ်ဆက်ရတာနဲ့ ။ (သူတို့ကတော့ ပြန်နှုတ်မဆက်ကြပါဘူး )
အခုတော့ ကြောင်တွေ ခွေးတွေဆိုတာ မွေးဖို့မဟုတ်တော့ဘဲ သူများမွေးထားတာလေးကို မြင်ရ ကြားရရင်ကို ခေငယ့်အတွက်
ပျော်စရာကောင်းနေပါပြီ ။ ကိုယ်ပိုင် အကောင်လေး မွေးချင်ပေမယ့် ကိုယ့်ဆီထားတာထက် ကိုယ့်ထက်စောင့်ရှောက်နိုင်တဲ့သူတွေ
မွေးကြတာကိုပဲ ၀မ်းသာတော့မယ်လို့လဲ စဉ်းစားမိတယ် ။ သူတို့ကို ချစ်တဲ့စိတ်သာ ရှိပေမယ့် စောင့်ရှောက်နိုင်တဲ့ လုံခြုံအောင် ထားနိုင်တဲ့
အရည်အချင်း မပြည့်မီတော့ ဒီလိုပဲ အဝေးက ချစ်နေရတာကပဲ ခေငယ့်တွက် အသားကျ အဆင်ပြေသွားတော့မယ်ထင်ပါရဲ့။

တစ်ခါတစ်ခါကျတော့လဲ ကိုယ့်ဆီမှာ ရှိဖူးတဲ့ အကောင်လေးတွေအကြောင်း သတိရမိတယ် ။ ချစ်စရာအကောင်လေးတွေတွေ့ရင် လိုချင်သလိုဖြစ်သွားတတ်ပေမယ့်
အကောင်လေးတွေ ခေငယ့်နားမှာထက် သူများဆီမှာပိုအဆင်ပြေကြမှာ ဆိုတာတွေးမိရင် မတောင်းဖြစ် မ၀ယ်ဖြစ်တော့ပါဘူး ။
ဒီကောင်တွေကို ချစ်ချစ်ခင်ခင်နဲ့ စောင့်ရှောက်ပေးကြတဲ့သူတွေကိုပဲ စိတ်ထဲကျေးဇူးတင်ပြီး . . ဒီကောင်တွေတွက် ၀မ်းသာနေဖြစ်တော့တယ်။
ခေငယ်လဲ ချစ်တော့ချစ်တတ်ပါတယ်ဗျာ . . ဒါပေမယ့် . .သူတို့အတွက် အဆင်မပြေဘူးဆိုရင် ဘယ်တစ်ကောင်ကိုမှ ကိုယ့်နားခေါ်မထားချင်တော့ပါဘူး ။
သူတို့အဆင်ပြေပျော်ရွှင်ကြတာကြည့်ရင်း ကြည်နူးဝမ်းသာချင်မိပါရဲ့ ။ သူတို့မသိလဲ . . ခေငယ်ကတော့ သူတို့ကိုချစ်တဲ့စိတ်နဲ့ ကြည်နူးနေရရင်ပဲ တော်ပါပြီဗျာ ။              ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရောင်စုံ ရထား

ရန်ကုန်-မန်းလေး ရထားကြီးပေါ် ကျောပိုးအိတ်ခပ်လေးလေးကိုလွယ်ရင်း
ကျမထိုင်ရမယ့် ကျမရဲ့ထိုင်ခုံနံပါတ်ကို မြန်မြန်လိုက်ရှာလိုက်တယ် ။
ဟုတ်တယ်လေ . . ခုံမြန်မြန်တွေ့ရင် စောနေသေးတော့ ခဏဖြစ်ဖြစ် ခုံပေါ်လှဲအိပ်လို့ရသေးတယ်မဟုတ်လား ။
တွေ့ပါပြီ . . ပြတင်းပေါက်နဲ့ ကပ်ရက်မို့ ၀မ်းသာသွားတယ် ။ မနက်စောစောရထားဖြစ်တာရယ် ဘူတာစဉ်တွေရပ်တာများလို့ စီးရအချိန်ကြာတာရယ်ကြောင့် လူသိပ်မစီးတော့ ချောင်မယ်လို့ မျှော်လင့်ရတာပဲ။
 ကိုယ့်တွက်ကိန်းနဲ့ကိုယ် စိတ်ချမ်းသာသွားတယ်။

ကျမနဲ့ အတူတူ ရန်ကုန်တက်တွေလဲ ကိုယ့်နေရာကိုယ်ရှာရင်း ထိုင်ငိုက်တဲ့သူငိုက် အိပ်တဲ့သူအိပ် အချင်းချင်း စကားပြောသူပြောလို့ ။
မနက်အရမ်းစောတော့ နေ့လည်ရထားတွေ ညနေရထားတွေလို အလွမ်းသည်လေးတွေ မတွေ့ရတာများတယ်။
စောစောစီးစီးဆိုတော့ လိုက်ပို့ဖို့ခက်ကြတာကိုး ။

ဘေးခုံက မလာသေးဘူးဆိုတော့ အိပ်ဦးမယ် တွေးနေတုန်း . .
မျက်နှာချင်းဆိုင်ခုံမှာ သီလရှင်တစ်ပါး နဲ့ ကလေးအမေတစ်ယောက် နေရာယူနေကြပြီ ။
ကလေးက ၅ နှစ် ၆ နှစ်လောက်များရှိမလား မသိ။ သိပ်မခန့်မှန်းတတ်တော့ မပြောတတ်ဘူး။ ဈေးသက်သာမယ့် အနွေးထည်လေးဝတ်ပြီး ညိုညစ်ညစ် အသားလေးနဲ့ ဆံပင်စုတ်ဖွားလေးရယ်။

ရထားစထွက်သည်ထိ ဘေးခုံက မလာသေးတော့ လမ်းဘူတာမှာ တက်မှာသေချာသွားပြီမို့ စိတ်ချလက်ချ အိပ်လိုက်တယ်။
မနက်သိပ်မလင်းသေးတော့ ပတ်ဝန်းကျင်ရှုခင်းကြည့်ဖို့လဲ မကောင်းလှသေးဘူးမဟုတ်လား။

“ ဘော် ဘူး . . ဘော် ” ဆိုတဲ့ ဘူတာဝင်ရထားဥသြသံကြောင့် ဘယ်ရောက်ပြီလဲ နားစွင့်ကြည့်လိုက်တော့
ပဲခူးဝင်တော့မယ် လို့ ကြားလိုက်တယ်။
ရထားစီးရတာ ဘူတာဝင်ရင် ဘယ်ဘူတာလဲ ထကြည့်ဖို့ သိပ်မလိုဘူး။
ခရီးသည်တွေ အချင်းချင်းပြောနေတဲ့ ဘာဘူတာထင်တယ်ဆိုတာ နားထောင်လိုက်ရင် ရပြီကိုး။
အိပ်ရေးလဲ နည်းနည်းဝသွားလို့ ထထိုင်လိုက်တုန်း ကွက်တိပဲ ဘေးခုံကို လူရောက်လာတယ်။
အမယ် . . မျက်နှာချင်းဆိုင်ခုံကို အားကျမခံပဲရှင် ။ ကျမခုံဘေးကိုလဲ သားအဖ ၂ ယောက် တက်လာတာပါလား။
သမီးတစ်ယောက် အဖေတစ်ယောက်ပေါ့လေ။ ဆွဲလာတဲ့ခြင်းတောင်းကြီးထဲမှာလဲ စားစရာဘူးတွေအပြည့် ။
သမီးလေးကို ဆင်ထားတာကလဲ လိမ္မော်ရောင် အနွေးထည်ခပ်လှလှ လတ်လတ်လေးနဲ့ ။

၂ယောက်ခုံကို ၃ ယောက်ထိုင်ရမှာဆိုတော့ သူတို့အနေမခက်အောင် ကလေးလေးကို စခေါ်မှပါ ။
“ လာလာ . . သမီး ဒီမှာထိုင် ” ဆိုပြီး အလယ်မှာ နေရာပေးရင်း ပြုံးပြလိုက်တယ်။
ကလေးက လူတော့နည်းနည်းကြောက်တတ်ပုံရတယ် ။ ကျမကို ပြန်ပြုံးမပြပဲ ကြောက်နေပုံနဲ့ ကြည့်နေတယ်။
ကလေးအဖေကတော့ ကျေးဇူးတင်တဲ့ အပြုံးနဲ့ “ သမီး တီတီ့ဘေးမှာထိုင်လိုက်လေ ” ဆိုပြီး ကလေးကို နေရာချ သူလဲဘေးဖက်က ၀င်ထိုင်ပေါ့ ။ သူတို့သားအဖ နေရာယူနေတုန်း ရထားကြီးက ထွက်လာပြီ ။

မိုးလဲလင်းတော့မှာဆိုတော့ ပြန်မအိပ်ဖြစ်တော့ပါဘူး။ ဆောင်းမနက်ခင်းတွေကို ရထားပေါ်ကကြည့်ရတဲ့ အရသာက
အရမ်းမိုက်တာလဲ ပါတာပေါ့လေ။
နှင်းမှုန်တွေရယ် တဲအိမ်စုလေးတွေ လယ်ကွင်းပြင်ကျယ်တွေရယ်က ရန်ကုန်မြို့ရဲ့ တိုက်ရှည်ရှည်ပုပုတွေကြားမှာ မွန်းကျပ်ပိတ်လှောင်နေတဲ့ စိတ်ကို အတော်ကြီး ပြေလျော့လန်းဆန်းစေတာပဲ။
ကျွန်မရဲ့ ဇာတိမြို့လေးနားမှာလဲ ဒီလိုရှုခင်းစိမ်းစိမ်းတွေရှိတယ်လေ။ ဒါကြောင့် ဇာတိမြေကိုချစ်တဲ့စိတ်နဲ့ ကြည့်လို့လားမသိ အကုန်လုံးကို လှနေတော့တာပါပဲ။

“ ညီမ . . ဘယ်သွားမှာလဲ ” ဘေးခုံက ကလေးအဖေရဲ့ အမေးကို “ မန္တလေးပါရှင့် . . အကိုတို့ရော ဘယ်သွားကြမှာလဲ” လို့ အမေးနဲ့ တုန့်ပြန်ဖြစ်တယ် ။ “ . . . နားက ရွာကိုသွားမှာ ညီမ ။ အိမ်ပြန်ကြမှာလေ” တဲ့။
သူပြောတဲ့ရွာကိုတော့ ကျမ မကြားဖူးပါဘူး။ “ ပဲခူးကို ဘာလာလုပ်ကြတာလဲ ။ အလည်သက်သက်ပဲလား”
မျက်နှာချင်းဆိုင်က သီလရှင်ဆရာလေးရဲ့ အမေးစကား။
“ ဟုတ်ကဲ့ အလည်ဆိုပါတော့ဘုရား ။ တပည့်တော်ရဲ့ အဖေနဲ့ သူ့မိန်းမကို လာတွေ့တာပါ ။
တပည့်တော်အဖေက ဒီမှာ အင်ဂျင်နီယာ တာဝန်ကျပါတယ် ။ နောက်အိမ်ထောင်နဲ့ပါ ။ အမေကတော့ ဆုံးတာကြာပါပြီ။
 သမီးကိုလဲ မတွေ့ဖူးသေးလို့ လာပြရင်း အမွေကိစ္စဘာညာလဲ တပည့်တော် ညီမတွေအတွက် စီစဉ်ဖို့လာတာပါ ” တဲ့။
“ တပည့်တော်က ရန်ကုန်ဇာတိ အိမ်မှာ အကြီးဆုံးသား ။ အောက်မှာ ညီမ၂ယောက်ရှိသေးတယ် ။ ညီမအလတ်ကတော့ သူ့အိမ်ထောင်နဲ့သူဖြစ်သွားပါပြီ ။ ညီမအငယ်ဆုံးပဲ အလွတ်ကျန်နေတာ။
 တပည့်တော်တို့ အမေလက်ထက်ထဲက အိမ်နဲ့ဝိုင်းမှာ ညီမအငယ်ဆုံးနေနေတယ် ဘုရား။
မိထွေးကို သူတို့ အခုလက်ရှိနေတဲ့အိမ် အတွင်းပစ္စည်း ဘာညာ ပေးပြီးပေမယ့် အမေ့အိမ်ဝိုင်းကိုလဲ သူက ဝေစုလိုချင်သေးသလိုလိုဖြစ်နေလို့ ။ ညီမ အငယ်ဆုံးကလဲ အပျိုလေးဆိုတော့
တစ်ခုခုဆို နေစရာ အဆင်မပြေမှာစိုးလို့ တပည့်တော်က လူကြမ်းဝင်လုပ်ပြီး မောင်နှမ ၃ ယောက် နာမည်နဲ့ စာချုပ်ချုပ်ခဲ့ရတယ်။ တပည့်တော်ကတော့ ပြန်မနေနိုင်တော့ပါဘူးဘုရား ။ သူ့အတွက်ပါပဲ ။
တပည့်တော်ဖာသာ ယာလုပ် အခင်းလုပ်နဲ့ စီးပွားရေးက အဆင်ပြေနေပါပြီ ။ ရန်ကုန်ဖက်ကို ပြန်မလာချင်တော့ပါဘူး ။”

အော် . . အမွေကိစ္စ ရှုပ်လာရင် မိသားစုတွေ အမှုတွေဖြစ်ကြ စိတ်ဝမ်းကွဲကြ ဘာကြနဲ့ . . ကျမမြင်ဖူးတာတွေများနေပေမယ့် အခု ညီမအငယ်ဆုံးကို အကုန်ပေးလိုက်တော့မယ် ဆိုတဲ့ အကိုတစ်ယောက်ရဲ့ မေတ္တာနဲ့
မိသားစုစိတ်ဓါတ်ကိုတော့ သဘောကျသွားမိတယ်။ ဒီလိုမျိုးကြားရတာပဲ စိတ်ချမ်းသာစရာပါလေ။

သူတို့စကားကောင်းနေတုန်း မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကလေးအမေနဲ့ ကလေးကို မသိမသာ အကဲခတ်နေမိတယ်။ ကလေးအမေကတော့ ပါတိတ်လုံချည် တစ်ပတ်နွမ်းလေးရယ် ဈေးသိပ်မရှိတဲ့ ဇာအင်္ကျီ
ီလေးရယ်ဝတ်လို့ ။မျက်ခုံးမျက်လုံးခပ်ကောင်းကောင်းနဲ့  အပျိုတုန်းကတော့ ညိုညိုလုံးလုံးလေးနဲ့ ချစ်စရာကောင်းမယ့်ပုံပါ။ အပျိုတုန်းက ဆိုလို့ အခုကလဲ သိပ်တော့ အသက်မကြီးသေးဘူး။ ရှိလှ ၃၅ လောက်ပေါ့။

ကလေးကတော့ အပေါ်ကပြောခဲ့တဲ့အတိုင်း ဆံပင်စုတ်ဖွားနဲ့ မျက်နှာပေါ်မှာ ကြေး(ဂျီး) ကြောင်းလေးတွေနဲ့။  ဒါပေမယ့် ထူးခြားတာက ကလေးရဲ့ မျက်လုံးတွေက ၅ နှစ် ၆ နှစ်ကလေးတစ်ယောက်ရဲ့ မျက်လုံးတွေထက် တဆိတ်တော့ တောက်လွန်းသလားလို့။ လူသိပ်ကြောက်ပုံမရဘူး ။ အမေနားလဲ သိပ်ကပ်တယ်မရှိဘူး ။ သူ့ကစားစရာ ပလတ်စတစ်ဒယ်အိုးလေးတွေ ထုတ်ပြီး ကစားနေလေရဲ့။

“ ဒါနဲ့ အမတို့ကရော မန်းလေးအထိလားခင်ဗျ” လို့ ဒီဖက်က ကလေးအဖေက စနှုတ်ဆက်သံကြားတယ်။
“ မဟုတ်ဘူး။ သာစည်အထိပါ။ ကျမက သာစည်သူ ၊ ယောက္ခမများဆီကနေ သမီးကိုသွားခေါ်ပြီး ပြန်လာတာ။
 သာစည်မှာ ကျောင်းထားဖို့လေ။ အခုသမီးက ၁ တန်းရောက်ပြီ။ ကျောင်းတ၀က်နဲ့ ခေါ်ခဲ့ရတာ။ ကျောင်းထွက်လက်မှတ် မရလာဘူး။ တစ်နှစ်အောက်သွားတာပေါ့။ ”
အဲလိုပြောလိုက်တော့ ကျမစိတ်ထဲ တစ်မျိုးဖြစ်သွားမိတယ်။ သာစည်လို မြို့မပြောနဲ့ ကျမတို့ အဘိုးအဘွားတွေနေတဲ့ ရွာတွေဖက်မှာတောင် ကလေးတစ်ယောက်ကို ကျောင်းထားဖို့ မိဘတိုင်းစိတ်အားထက်သန်ကြတယ်။
တကယ်တွက်ကြည့်ရင် တစ်တန်းကလေးတစ်ယောက်ကို ကျောင်းထားတာ ဘယ်လောက်များ ကုန်စရာရှိလို့လဲကွယ်။
ကလေးလေးရဲ့ ပညာရေးအစပိုင်းမှာ တစ်တန်းနောက်ကျအောင် ဘာလို့များလုပ်လိုက်ရတာလဲ။
ကလေးကတော့ စိတ်ထဲဘယ်လိုရှိမယ် မသိပေမယ့် ကျမစိတ်ထဲမှာတော့ ကလေးအမေကို အပြစ်တင်မိသွားတယ်။
စိတ်လဲ နည်းနည်းတိုသွားတယ်။

ဟုတ်တယ်လေ . . ကိုယ့်သားသမီးပညာရေးကို အရေးမကြီးသလိုပုံမျိုး သူမို့တွေးရက်တယ်။

အတွေးထဲမှာ ဒေါသထွက်နေတုန်း ကလေးအမေဆက်ပြောတာက
“ အရင် ကျမက ရန်ကုန် ယောက္ခမအိမ်မှာ လိုက်နေတာ။
ကျွန်မယောက်ျားက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထိုင်းကိုအလုပ်လုပ်ဖို့ ထွက်သွားတယ်လေ။
အဲဒီထဲက လူလဲမလာ ပိုက်ဆံလဲမလာ စာမလာ ဖုန်းမလာ ဖြစ်နေတော့တာ အခုထိပါပဲ။
သူသွားတော့ ယောက္ခမများကလဲ ကလေးတွေနဲ့ ကျမကို မကြည်ဖြူတော့တာနဲ့
သာစည်အိမ်ကို ဒီသမီးအောက် ကလေးအငယ် ၂ ယောက်ကိုခေါ်ပြီး ပြန်ခဲ့ရတယ်။
သမီးကြီးကိုတော့ ဒီသမီးလေးထားခဲ့ရင်များ သူ့အဖေဆီက အဆက်အသွယ်လေးဘာလေး ရမလားလို့ မျှော်လင့်ပြီး
ရန်ကုန်မှာ ကျောင်းထားပေးဖို့ အပ်ခဲ့တာပါ။
အခုတော့ ယောက်ျားဆီက အဆက်အသွယ်လဲ မလာတော့တာအပြင် ယောက္ခမများက
ကလေးစားရိတ်ကြီးလို့ မနိုင်တော့ဘူး လာခေါ်ပါဆိုလို့ သွားခေါ်ပြီးပြန်လာတာ။
ယူတုန်းကလဲ ကျမဖာသာ ချစ်လို့ကြိုက်လို့ယူခဲ့တာဆိုတော့
အိမ်ကိုဒုက္ခမပေးချင်ပေမယ့် တခြားသွားစရာမရှိတော့လဲ သာစည်ပဲပြန်ရတာပေါ့ ”

“ သတင်းလေးဘာလေး မစုံစမ်းဘူးလား” သီလရှင်ရဲ့ စိတ်ဝင်တစားအမေး . .
“ ဒီကသွားတဲ့ အသိတွေကတော့ ပြန်ပြောကြပါတယ်။ ဘယ်မှာတွေ့တယ် ဘာညာပေါ့။
သိပ်လဲ အဆင်မပြေလှဘူးလို့တော့ ကြားတယ်။ ဒါပေမယ့် အဆင်မပြေလဲ တစ်နှစ် နှစ်နှစ်ဆိုတော်သေးတယ်လေ။
အခုက ၃ နှစ်ကျော်ထိ အဆက်အသွယ် တစ်စက်မှမလုပ်တော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။
အဆင်မပြေလို့ပြန်လာရင်တောင် ကိုယ်လင်ကိုယ်မယား ဒိုးတူဘောင်ဘက် လုပ်စားနိုင်ပါတယ်။
ဆင်းရဲတာကို ကျမမကြောက်ပါဘူး ။ ဒါပေမယ့် အဆက်အသွယ်တောင် မလုပ်တော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။
ကျမလဲ လိုက်သွားတတ်တာမှမဟုတ်ဘဲ။”

ကြားလိုက်ရတဲ့စကားအဆုံးမှာ ကျွန်မစိတ်ထဲ အံ့သြပြီးရင်း အံ့သြမိသွားတယ်။
ကလေး ၃ ယောက်ရတဲ့ထိပေါင်းသင်းခဲ့တဲ့ လင်ယောက်ျားတစ်ယောက်က အားကိုးပြီးလိုက်လာခဲ့တဲ့ မိန်းမဆီကို
အဆက်အသွယ်မလုပ်တော့ဘူးဆိုတော့ . .
ကျမသာ ဒီအမျိုးသမီးလိုအဖြစ်မျိုးကြုံရင် ဘယ်လိုများ ခံနိုင်ရည်မွေးရမှာပါလိမ့်။
စစတုန်းက ကလေးကို ပညာရေးတစ်နှစ်အောက်ခဲ့တာကို အပြစ်တင်မိသွားတာကိုလဲ စိတ်မကောင်းဖြစ်သွားမိတယ်။ လိုက်ရှာလို့တွေ့တယ်ပဲထားပါဦး လူအနားသာရောက်နိုင်ပေမယ့် သံယောဇဉ်နဲ့ ချစ်ခြင်းတွေကိုတော့ ပြန်ရဖို့မလွယ်တော့တာ သေချာသလောက်ရှိနေတဲ့ အချိန်ဖြစ်နေတဲ့အခါ . .
ကျမဆိုရင်ရော လိုက်ရှာဖြစ်ပါ့မလား ။ ပြီးတော့ တစ်ချို့တစ်ချို့အတွက် ကမ္ဘာကြီးက ရွာကြီးလို့သတ်မှတ်နိုင်ကြပေမယ့် ဆင်းဆင်းရဲရဲသာစည်သူလေးအတွက်ကတော့ ထိုင်းနယ်စပ်က ဝေးလွန်းလှတဲ့အရပ် ဖြစ်နေသတဲ့လားကွယ်။

“ မေမေ . . ရှူးပေါက်ချင်တယ်” လို့ ကလေးမလေးရဲ့ ပြောသံက ကျမအတွေးကို ခဏရပ်တန့်သွားစေတယ်။ ကျမတို့ထိုင်ခုံက ရထားတွဲရဲ့အလယ်လောက်မှာဆိုတော့ အိမ်သာနဲ့ နည်းနည်းလှမ်းတယ်ပြောရမှာပေါ့။
“ အေးအေး လိုက်ပို့မယ်” လို့ ကလေးအမေကဆိုပေမယ့် ကလေးက “ မလိုက်နဲ့ သမီးဖာသာ သွားတတ်တယ်” တဲ့။
ကျွန်မတောင် အခုတစ်ခေါက်က တစ်ယောက်တည်းလာတာမို့ အိမ်သာဘာညာသွားရင်
တစ်ယောက်တည်းသွားတာ . . သူငယ်ချင်းတွေပါရင် အတူတူခေါ်သွားနေကျ။
ကျမမှလဲ မဟုတ်ပါဘူး ကျမသူငယ်ချင်းတွေလဲ ဒီလိုပဲ တစ်ယောက်ယောက်သွားမယ်ဆို နောက်တစ်ယောက်တော့ အနည်းဆုံးခေါ်နေကျ။ ကြောက်လို့ရယ်မဟုတ်ပေမယ့် အဖော်မင်တာလို့ပြောရမှာပဲ။ အဲလို ကလေးသေးသေးက တစ်ယောက်တည်းသွားမယ်လို့ပြောတော့ ရဲမှရမယ့်ဘ၀လေးမို့ ရဲရတာများလားလို့ တွေးမိသွားတယ်။

ရထားကြီးကလဲ တရွေ့ရွေ့နဲ့ ဘူတာစဉ်တော်တော်များများကိုကျော်လို့ ။ နေတောင် နည်းနည်းမြင့်လာပြီ ။

“ ညီမ ဗိုက်ဆာတယ်ဆို ယူစားနော် ။ ၀ယ်မစားနဲ့ အကိုတို့အများကြီးထည့်လာတာ။ သမီးက ငါးကြော်အရမ်းကြိုက်တော့ သူ့အဖိုးကထည့်ပေးလိုက်တာ။ အများကြီးပဲ။ ညည်းဆာတဲ့အချိန်သာ ယူစား” ဆိုလို့
“ ဟုတ်ကဲ့ရှင့် မဆာသေးပါဘူး” လို့ အားနာနာနဲ့ ငြင်းရင်း မျက်စိခဏအနားပေးဖို့  မှိတ်ထားလိုက်တယ်။
အမှန်တော့ နည်းနည်းဆာနေပြီ ။ မနက်ထဲက ဘာမှမှ မစားရသေးတာ။ ဖြတ်သွားသမျှ ဈေးသည်တွေဆီကလဲ
ဟိုဟာဝယ်ကျွေး ဒီဟာဝယ်ကျွေးဆိုတော့ အားနာတာနဲ့ မစားဖြစ်တာ။

“ ဟော . . မိုးတွေရွာလာပြီ ” လို့ ရထားထဲက ခရီးသည်တွေပြောလို့ မျက်စိဖွင့်ကြည့်တော့ ဟုတ်ပါရဲ့ ဆောင်းတွင်းကြီး မိုးတွေရွာလို့။ ရန်ကုန်မှာသာ သိပ်မရွာတာ တစ်ချို့နယ်တွေမှာဆို ဒီနှစ်ဆောင်းက
မိုးတော်တော်ရွာသတဲ့။ အအေးလဲအရမ်းပိုတယ်ပြောကြတယ်။

“ မိုးတွေရွာတာ မကောင်းဘူး ဆရာလေးရေ . . တပည့်တော်ရဲ့ ငရုတ်ခင်းတွေ ပျက်ကုန်တော့မှာ။ ဒီနှစ်တော့ အရှုံးများတယ်။ ”လို့ မိုးကြောင့် စိတ်ညစ်ရတဲ့အကြောင်း ကလေးအဖေက ပြောတော့ ဆရာလေးက
“ဟုတ်ပါ့ . . မုံရွာဖက်လဲ အခင်းတွေပျက်ကြ လယ်တွေပျက်ကြနဲ့ ရာသီဥတုများဖောက်ပြန်တော့ စီးပွားလဲထိကြတာပေါ့လေ” လို့  သူတို့နယ်ဖက်အကြောင်းပြောပြနေတယ်။

 “ ဟုတ်တယ်ဆရာလေး . . ငရုတ်စိုက်ရတာ စားရတဲ့နှစ်ကြတော့လဲ အရမ်းမြတ်တာ။ ၂ နှစ် ၃ နှစ်ထိုင်စားပဲ။ ရှုံးပြီဟေ့ဆိုလဲ ဘာနဲ့လိုက်လိုက်ကို မမီတာများတယ်။ တပည့်တော်ဆို စစတုန်းက လယ် ၊ ယာ မလုပ်တတ်ဘူး။ မိန်းမရတော့မှ စလုပ်ရတာ ။ လက်တွေလဲပေါက်လို့ပြဲလို့ ။  ဒါမယ့် စလုပ်ထဲက တပည့်တော်က ပျော်တယ်ဘုရား။
တပည့်တော်က တောတွေမှာပျော်တယ်။ ဒါကြောင့် ရန်ကုန်ကနေ ဒီမှာလာနေရတာ စိတ်မညစ်ဘူး။
မြို့ပြစရိုက်ထက် တောစရိုက်ကို ပိုကြိုက်တယ်။ လူသာပင်ပန်းပေမယ့် စိတ်ချမ်းသာရတယ်ဘုရား ။
တပည့်တော်ကGTI ကျောင်းဆင်းမို့ အဖေကတတ်ထားတဲ့ပညာတွေ နှမြောစရာလယ်လုပ်ပစ်တယ်ဆိုပြီး ရန်ကုန်ပြန်ပြောင်းလာစေချင်တာကို မလာတော့ဘူးလို့ပြောခဲ့တာ။ ကိုယ့်ဘ၀ကိုယ် တပည့်တော်က ကျေနပ်နေပြီဘုရား”

ဒီလိုပြောနေတဲ့ ကလေးအဖေရဲ့မျက်နှာဆီမှာ ဘ၀ကိုကျေနပ်နေတဲ့ အရိပ်တွေအပြည့်ဖြတ်သွားနေကြတယ်။ ရန်ကုန်သားက တောမှာ လယ်ယာလုပ်ပြီးပျော်နေသတဲ့ ။ ဟိုးးး . . အထက်ပိုင်းမြို့ငယ်လေးက တောသူမ ကျွန်မကျတော့ မန်းလေး . . ရန်ကုန် . . နောက် . . တခြား . . စသဖြင့် ဘ၀ရဲ့အောင်မြင်မှုဆိုတာကြီးကို မမောသလို မပမ်းသလို လိုက်ရှာနေလိုက်တာ . . အိမ်နဲ့ဝေးရာသွားနေလိုက်တဲ့ ခရီးတွေနဲ့ ဘယ်ချိန်အိမ်ပြန်ရမယ်တောင် မသိနိုင်သေးတဲ့ဘ၀တစ်ခုထဲမှာ အသားမကျတကျ ကျော်ဖြတ်နေရတယ်။

တကယ်တော့ ကျမကလေ လယ်ကွင်းပြင်တွေကိုဖြတ်တိုက်လာတဲ့ လေနဲ့ ကြီးပြင်းခဲ့ရသူမို့
အပင်တွေကိုချစ်တယ် . . တောင်တန်းညိုတွေကိုချစ်တယ် . . လယ်ကွင်းပြင်တွေကိုချစ်တယ် . . မြေနီလမ်းတွေကိုချစ်တယ် . . ပြီးတော့ မထည်ဝါလှတဲ့ ကျမရဲ့မြို့လေးကိုလဲချစ်တယ်။
ကျမရဲ့ အိမ်က ဘယ်မှာလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖြစ်တဲ့အခါတွေလဲ မကြာခဏ။
တိုးတက်ပါတယ်ဆိုတဲ့ မြို့တွေဆီမှာနေရင်း ဘယ်အချိန်မှာရောင့်ရဲရမှန်း . . ဘယ်အချိန်မှာရပ်တန့်ရမှန်းမသိတဲ့
ကျေးတောသူမတစ်ယောက် ဆီမှာ ဘယ်တော့များမှ ကိုယ့်ဘ၀ကိုယ်ကျေနပ်ပျော်ရွှင်တဲ့အရိပ် မျက်နှာပေါ်တင်နိုင်မှာလဲလို့ မသိနိုင်တဲ့ တွေဝေမိန်းမောမှုများနဲ့ . . တောကိုချစ်တယ် ပြီးတော့ ဘ၀ကိုကျေနပ်တယ်ဆိုတဲ့
လယ်သမားကြီးတစ်ယောက်ကို Programmer ကျမတစ်ယောက် အားကျမိခြင်းများစွာနဲ့ပေါ့။

ရထားကြီးကတော့ ရပ်ရမယ့်ဘူတာရပ်လို့ . . ဆင်းသွားတဲ့ခရီးသည်ကိုချန်ခဲ့ . . တက်လာတဲ့ခရီးသည်ကို တင်ဆောင်လာရင်း . . တရွေ့ရွေ့နဲ့ မန်းလေးဆီသို့ ခရီးဆက်မြဲဆက်လျက် ။ရထားကြီးပေါ်ကို
ဘ၀တွေတက်လိုက်ဆင်းလိုက်နဲ့ အရောင်တွေစုံနေကြတယ်။  ဒီရထားရဲ့ ခရီးဆုံး ပန်းတိုင်က မန်းလေး သေချာပေမယ့် ကျမလျှောက်နေတဲ့ ခရီးမှာတော့ . . ပန်းတိုင်နဲ့ လမ်းဆုံးက သေခြင်းတရားကိုမေ့ထားရင်တောင်
ခုထိယောင်ဝါးဝါးဖြစ်နေသေးရဲ့ ။ ကျမ  မြင်မြင်ရာမှာ နှင်းမြူတွေဆိုင်းနေကြတယ် . . ။
ဘယ်တော့များမှ ကုန်မှာလဲ ကျမရဲ့ ဆောင်းရယ် . . . ။  ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

my March @ ygn

ရန်ကုန်ရဲ့ March က မိုးရေတွေစိုလို့ပေါ့ . .
ရေခဲငွေ့လို မိုးအေးတွေကြားမှာ . . မချမ်းဘယ်သူရှိမှာလဲကွယ် . .
မိုးမရွာရင်တောင် အေးတဲ့ဒေသ . . ဟိုးအဝေးက ချစ်သူကိုတွေးမိရင်ရော . . မလွမ်းဘယ်သူရှိမှာလဲ . .
ချမ်းရှာရော့မယ်လို့ တွေးမိပေမယ့် သွားနေကျလမ်းတွေက ချစ်သူ့အနားဆီသို့ ဦးတည်တာမှ မဟုတ်ကြဘဲ . .

အနေဝေးလို့ ချစ်သွေးအေးတာက ကိုယ့်အတွက်တော့ မဟုတ်နိုင်ပါဘူး . .
တစ်နေ့တစ်ရက် တစ်မနက်မှာမှ သူ့အကြောင်းနဲ့ မစတဲ့အတွေး
ကိုယ့်ဆီမှာ မရှိသေးခဲ့တာမို့ တိုးလို့ချစ် တိုးလို့လွမ်း . . အော . . အချစ်ဆိုတာကလဲ ဆန်းတော့ ဆန်းသားပေါ့ကွယ် . .
မိုးကောင်းကင်ကိုမော့ကြည့်မိတိုင်း သူရောကိုယ်ရော တစ်မိုးအောက်မှာ နေထိုင်ကြတယ်ဆိုတဲ့အသိကို သွင်းပေမယ့်
ဒီကောင်းကင်ကြီးက ကိုယ့်အတွက် ကျယ်ပြောလွန်းလှတယ် . .

ဖြစ်နိုင်မယ်ဆိုရင်လေ . . ချစ်သူ့အနားမှာနေရဖို့
ကောင်းကင်ကြီးကို ကျုံ့သွားအောင် လုံးခြေပစ်လိုက်ချင်မိပေမယ့် . .
ကမ္ဘာမြေဆိုတာ စက္ကူရွက်ကလေးမှ မဟုတ်ပေတာပဲလေ နော် . .
ပြောမယ့်သာပြောရတာ . . မိုးရွာတော့ ကိုယ်ဆောင်းတဲ့ထီးကလေးက
ခပ်သေးသေးပဲရှိတာမို့ ၂ယောက်စာ မလုံခြုံနိုင်သေးလို့
သူလာမယ်ဆို ထီးယူလာဖို့ မမေ့နဲ့လို့ ပြောရမှာလား . .
မိုးမရွာရင် အဆင်ပြေပေမယ့် ဒီခေတ် ရန်ကုန်မိုးက ထီးတစ်လက်စာနဲ့ မလုံတော့ဘူးထင်ပါရဲ့ . .

အချစ်ဆိုတာနဲ့ ဖလူဇာကြော်ငြာထဲက စက်ဘီးနဲ့ကောင်လေးကို သတိရမိပေမယ့် . .
ဖျားနာရင် စက်ဘီးကလေးနဲ့အရောက်မသွားနိုင်တဲ့ အကွာအဝေးမို့ . .
“ ဆေးခန်းသွားနော် ” ဆိုတာကို အကြင်နာရယ် . . အချစ်ရယ်ပေါင်းပြီး တယ်လီဖုန်းနဲ့ ပါဆယ်ပို့ရတယ် . .
အလွမ်းနဲ့တွက်ရင် အကွာအဝေး များပေမယ့်  . .
ချစ်ခြင်းနဲ့တွက်ရင် သူက ကိုယ့်တွက် အနီးဆုံးလေး . . . စိတ်ကူးတိုင်းကို အနားသတ်ပေးခဲ့တာမို့

သေချာပါတယ် . . ချစ်ခြင်းမှာတော့ သူ . . ကိုယ့်ဆီက ဘယ်တော့မှ မဝေးဘူးကွယ် . . ။     ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အခါတော်လွန်လေပြီးရင်

မလွန်ဆန်နိုင် မလွန်ဆန်ချင်သော
သဘောထားတွေတဲ့လား
ဒို့ဝေးသွားဖို့ ခိုင်လုံနေကြတာ . .

တကယ်လျှောက်ရတော့မယ့်
အနားမှာ မင်းမပါတဲ့ ဘဝ
တွေးရင်းတွေးရင်း သရဲဘောကြောင်လာတယ် . .

ကိုယ် . . ရင်ဆိုင်ဖို့ နဲ့
လက်ခံလိုက်ဖို့ ခက်နေတယ်
ချစ်သူရဲ့ လက်ထပ်ပွဲ အကြောင်း
ကိုယ့်ရဲ့ အကြီးကျယ်ဆုံး ကျဆုံးမှုအကြောင်းပေါ့ကွယ် . .

တရွေ့ရွေ့သွားနေတဲ့ နာရီများကြား
ကိုယ့်ဘ၀ အမှောင်ကျသွားတော့မယ့်
မနက်ဖြန်များကို
ငိုကြွေးခြင်းနဲ့ ကြိုဆို . .

ကိုယ်သိပ်ချစ်တဲ့သူ့ကို
အဝေးကသာ . . ဆိုတဲ့ စကား
တွင်တွင်ကျယ်ကျယ်သုံးလို့
သက်ဆုံးထိ နေထိုင်သွားရတော့မယ် . . တဲ့လား

အခါတော် လွန်လေအပြီးမှာ
ချစ်သူနဲ့ကိုယ်ဟာ တစိမ်းတွေ
သူ့ပခုံးဆီမှာ အ ပြုံးနဲ့မှီနွဲ့နေမယ့်သူဟာ
ကိုယ် . . မဟုတ်တော့ဘူးတဲ့လား . .

ကိုယ် . . မခွဲနိုင်လဲ . . ခွဲရတော့မယ်တဲ့လားကွယ် . .
အခါတော်လွန်လေပြီးတဲ့အခါ . . ကိုယ် . . . ။       ။


 ( အဆုံးသတ်တူညီမည်ဖြစ်သော်လည်း အလှည့်ကျစောသွားသော ညီမလေးတစ်ယောက် အတွက်
   ဘယ်သူ့တွက်မှ ထပ်မရေးချင်သော ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့သည်။
   အခါတော်လွန်လေပြီးသည့်အခါ . . အားလုံးပျော်ရွှင်ရသော မင်္ဂလာပွဲများသာ ဖြစ်စေချင်ပါသည်။
   သို့သော် . . .
    )
ခရေငယ် ( ၁၄.၃.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပေါမိပေါရာ . .

ခုတလော . . ညာဖက် လက်နဲ့ ခြေထောက် ကိုက်ကိုက်နေတယ်ဗျာ . . ဘာလို့မှန်းလဲမသိဘူး . . ဒါနဲ့ နာ့စ် သူငယ်ချင်းတစ်ယောက်ကိုပြောပြလိုက်တော့
“ ဖိအိပ်မိလို့ဖြစ်မယ် ဘယ်ဖက်ကို စောင်းအိပ်ကြည့် ” တဲ့ . . သူပေးတဲ့ အကြံကို ရုတ်တရက်စဉ်းစားလိုက်တော့ ဟုတ်သားလို့ တွေးမိပြီး အိပ်မယ်ပေါ့ . .
ဒါမယ့် သေချာစဉ်းစားလိုက်တော့မှ ဘယ့်နှယ် နောက်တစ်ဖက်ပါ ထပ်ကိုက်တော့ ဘယ့်နှာလုပ်မတုန်းလို့ . . ၀ှီးချဲစီးရမယ့် အပေါက် . .

ဘယ်ဖက်ဆိုလို့ ပြောရဦးမယ်ဗျ . . အခုမှ ကိုယ့်ဟာကိုယ် သတိထားမိသွားတာ တစ်ခုရှိလို့ . . အဟီးး
ခေငယ်က စာရေးရင် ညာသန်ဗျ . . ဒါမယ့် ခြေထောက်ကျ ကိုယ့်ဟာကိုယ် ဘယ်သန်ထင်တာပဲ . .
ငယ်တုန်းက ကစားရင် ခြေထောက်တစ်ဖက်ထောက်ပြေးရတာတို့ ခုန်ရတာတို့ဆို ဘယ်ဖက်ခြေထောက်ကို အားကိုးပြီးရပ်တာများတယ် . .
ညာဖက် ခြေထောက်က အဲ့ချိန်ကျ အားမကိုးရဘူး . . ဒါမယ့် လက်ကျပြန်တော့ ဘယ်က မသန်ပြန်ဘူးဗျ . .
ဒါကြောင့် ကိုယ့်ဟာကိုယ် ညာသန်ပါလို့ပြောရရင်လဲ ဘယ်ခြေထောက်ကို ကိုယ့်ဟာကိုယ် အားနာမိပြန်ရောဗျာ . .

ထားပါတော့ . . ခေငယ်ပြောချင်တာက ခုတလောမှ စဉ်းစားမိတဲ့ ကိုယ့်ဖာသာတောင် ဘက်လိုက်မိတဲ့ အကြောင်းပါ . .
ဒီလိုဗျ . . လူကို အလယ်က ပိုင်းလိုက်ရင် ဘယ်တစ်ခြမ်း ညာတစ်ခြမ်းဖြစ်ရောမှတ်လား (သေရောလို့ မတွေးနဲ့ဦး . . ဒီတိုင်းစိတ်နဲ့ ပိုင်းကြည့်ခိုင်းတာ . . )
အဲ့မှာဗျာ . . ဘယ်ဖက်ခြမ်းနဲ့ ညာဖက်ခြမ်းဆို ဘယ်အခြမ်းကို သံယောဇဉ်ပိုတယ်လို့ စဉ်းစားမိကြလားမသိ . .
ခေငယ်လဲ အခုမှ ကိုယ့်ဖာသာစဉ်းစားမိတာ . . ဘယ်ဖက်ခြမ်းကို ဘက်လိုက်မိတယ်ဗျာ . . ငကြောင်ကြီးကိုးနော် . . ဟီးး
ငယ်ထဲက လက်စွပ်ဆိုလဲ ဘယ်ဖက်လက်မှာပဲ ၀တ်ချင်တယ် . . ဘယ်ဖက်ရော ညာဖက်ရော အလွတ်ကြီးဖြစ်နေတာကိုတောင် နာရီဆိုလဲ ဘယ်လက်မှာပဲ ပတ်ချင်တယ် . .
နာရီမ၀တ်ဖြစ်ဘဲ တခြား လက်ကောက် . . ဟန်းချိန်း စသဖြင့်ဆိုရင်လဲ ဘယ်ဖက်မှာပဲ အလှဆင်ချင်သဗျ . . ဒါက အစပိုင်းအတွေး . .

အဲလိုတွေးမိတော့ ကိုယ့်ဖာသာ . . ဟဲ့ . . ညာဖက်လက်က အလုပ်လုပ်ရတာများတော့ ဘယ်ဖက်မှာပဲဝတ်ကြတာများတယ် . . သူများတွေလဲ ဒီလိုပဲ လို့ တွေးလိုက်ပြန်ရော . .
ဒါမယ့် မဟုတ်ပြန်ဘူးဗျ . . သေချာစဉ်းစားကြည့်တော့ တကယ်ကို ဘယ်ဖက်ကိုပဲ ဘက်လိုက်ချင်နေတာ . . ခုနောက်ပိုင်း ကောင်မလေးတွေ ဆံပင်စည်းရင် ဘေးစောင်းလေးတွေ
စည်းကြတယ်မဟုတ်လား . . ဘေးစောင်းစည်းတော့ ဆံပင်က ကုပ်သားနဲ့ လုံးဝ မထိနေတော့ဘဲ ဘေးထွက်နေတော့ နေရထိုင်ရ ပိုအေးတယ်လေ . .
ခေငယ်လဲ ဘေးစောင်းစည်းဖြစ်တာများတယ် . . ဒါမယ့် အဲလိုစည်းမိတိုင်း သတိမထားမိဘဲ (အခုတော့ သတိထားမိပြီ) ဆံပင်ကို ဘယ်ဖက်ကိုပဲ ယူစည်းလေ့ရှိတယ်ဗျ . .
အမှန်က ဘယ်ဖက်နဲ့ ညာဖက်နဲ့ ဘယ်ဖက်ကို ချချ အတူတူပဲလေနော . . ဒါမယ့် စည်းဖြစ်တိုင်း ဘယ်ဖက်ကိုပဲ ချစည်းမိတယ် . .
မော်ဒယ်များဓါတ်ပုံရိုက်ရင် ဘယ်ရှုထောင့်ကလှတယ်ဆိုတာမျိုးလို ကိုယ့်ဖာသာ ညာဖက်နားရွက်ဖော်တာက ပိုလှတယ်လို့လဲ မတွေးမိရရိုးအမှန်ပါ . .

ပြီးတော့ ခေငယ့်မှာ ငယ်ငယ်ထဲက နားမဖောက်ထားတော့ နားပေါက်မရှိဘူး . . ဒီလိုနဲ့ နေလာခဲ့တာ တက္ကသိုလ် ဒုတိယနှစ်ရောက်တော့
ခေငယ့်လိုပဲ နားပေါက်မရှိတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ နားပေါက်ဖောက်ကြမယ်လို့ တိုင်ပင်ကြတာပေါ့ . .
ဒါနဲ့ နားပေါက် တစ်ပေါက်စီ ဖောက်မယ်ဆိုပြီး . . ဆိုင်သွား . .သူငယ်ချင်းကတော့ ညာဖက်နားမှာဖောက်ပြီး . .
ခေငယ်ကတော့ ဘယ်ဖက်နား အလယ်လောက်မှာ (  နားအောက်ဖျားမဟုတ်တဲ့နေရာ) ဖောက်ဖြစ်တယ် . .
ကိုယ့်ဖာသာတော့ ဘယ်ဖက်နားအကြောင်း စဉ်းစားလိုက်ရင် နားပေါက်လေးတစ်ပေါက်နဲ့ကွဆိုပြီး သဘောတွေကျလို့ဗျ . .
ငယ်ထဲက ရင်ထိုးတို့ . . ဘာတို့ထိုးရင်လဲ ဘယ်ဖက်ရင်ဘတ်ပဲ ထိုးဖြစ်တယ် . . နောက် ပန်းပန်တာတို့ဘာတို့ဆိုလဲ ဘယ်ဖက်ကပန်တာများများပါလား . .
ဒါတောင် နှာခေါင်းတို့ မျက်ခုံးတို့ ဖောက်ချင်စိတ်မဖြစ်လာလို့ . . ဖောက်ချင်လာရင် ဘယ်ဖက်ပဲ ဖောက်ဦးမှာ . .

ဒါနဲ့တင် မရပ်သေးဘူးဗျ . . ဖုချိန်းဘာညာ ၀တ်ချင်ပြန်ရင်လဲ ဘယ်ဖက် ခြေထောက်ကိုပဲ ဦးစားပေးစဉ်းစားမိပြန်ရော . .
ခြေစွပ်ဆိုလဲ ဘယ်ဖက်ခြေထောက်ကိုပဲစွပ်ချင်တယ် . . ဒါမယ့် ဘက်မလိုက်တာတော့ တစ်ခုကျန်သေးပါတယ် . .
ဖိနပ်ကျတော့ ဘယ်ရော ညာရော စီးပါတယ် . . ဟီး . .

တကယ်လို့များ ခေငယ်တစ်ယောက် ရှေးရှေးတုန်းကလူဖြစ်ပြီး စစ်တွေဘာတွေတိုက်ဖို့ ချပ်ဝတ်တန်ဆာများ ဆင်ရရင် . .
ဘယ်ဖက်တစ်ခြမ်းထဲများဆင်မိမလားမသိ . . အဲလိုသာဆို . . ရန်သူဖက်ကို တစောင်းကြီးတိုက်ရမှာဗျ နော် . .

ဒီလိုနဲ့ပေါ့ဗျာ . . စစတုန်းကတော့ သတိမထားမိပါဘူး . . အခုလောက်မှ မကြောင်သေးတာကိုး . .း). . ခုတော့ တော်တော်ကြောင်လာလို့ထင်ပါရဲ့
ခေငယ်တစ်ယောက် . . ဘယ်ဖက်ခြမ်းကို ပိုချစ်နေတာ သေချာသွားပြီဗျ . . ဒါနဲ့ ကိုယ့်ဖာသာ “ ငါ မဟုတ်သေးပါဘူး . . ဘယ်လိုဖြစ်တာပါလိမ့် ” လို့
ပြင်ဆင်ဖို့ ဘယ်နဲ့ညာ နှိုင်းယှဉ်ချက်တွေထပ်စဉ်းစားလိုက်တာ . . အခုတော့ အဲဒီဘယ်ဖက်ကို ဘက်လိုက်တာကြီးက လုံးလုံးပြင်မရတော့ဘူးထင်ပါရဲ့ . .

ဘာလို့လဲဆိုတော့ . . ဘယ်ဖက်ကို ဘက်လိုက်တဲ့ကောင်ကျမှ . . အရူးဘုံမြှောက်တဲ့ အတွေးတစ်ခုထပ်ရသွားလို့ဗျ . .
ကိုယ့်ဖာသာကိုယ်တော့ ငါ ဘက်လိုက်တာ တရားတယ်လို့စဉ်းစားမိတယ် . . ( ဘက်လိုက်ပါတယ်ဆိုမှ တရားတယ်ဖြစ်ရသေး)
စဉ်းစားကြည့်လေ . . ဘာကိုမဆို ခံစားတဲ့ . . ဘာကိုမဆို ချစ်တဲ့ မုန်းတဲ့ . . လွန်စွာမှ အရေးကြီးသော အသုံးနှုန်း . .
လူတွေကြားမှာ သိပ်ခေတ်စားလှတဲ့ “နှလုံးသား” ဆိုတာကြီးက . . ဘယ်ဖက်ခြမ်းမှာပဲ ရှိနေတာကိုးးးး . .ဟီးးး . . ။   ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာရီတစ်လုံး ရှိခဲ့ဖူးပါသည် . . .

ကျမမှာ နာရီတစ်လုံး ရှိခဲ့ဖူးပါသည်။

နာရီ စပတ်တတ်စ အရွယ်မှစ ပတ်လာခဲ့သော နာရီပေါင်းများစွာမှာ ပုံစံရော အမျိုးအစားပါ စုံလင်နေသည်။
ဈေးနှုန်းအသင့်တင့် နာရီများနှင့် ရင်းနှီးလာခဲ့သော ကျမ၏သက်တမ်းမှာ အတော်ပင်ကြာခဲ့ပြီ။
ကျမ၏ အကျင့်မှာ ပုံမှန်အားဖြင့် လက်ပတ်နာရီအပို မထားတတ်ဘဲ တစ်လုံးပျက်သွားမှ တစ်လုံးဝယ်ပတ်တတ်သည်။
အကြောင်းကြောင်းကြောင့် တစ်ခါတစ်ရံ ကျမမှာ ပိုနေသောလက်ပတ်နာရီရှိနေပါက ထိုနာရီသွားနေသော
နာရီလက်တံ စက္ကန့် မိနစ်တံများကို ဘာကြောင့်မှန်းမသိ အသေအလဲ နှမြှောနေတတ်သည်။ သူ့ဟာသူသွားနေသော လက်တံများဖြစ်ပြီး
ကျမအတွက် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမထားနိုင်ရင်လဲ ခဏသာဖြစ်ပြီး ဘယ်လိုမှ လက်ပတ်နာရီအပိုတစ်ခု ဆောင်ထားလို့မရပါ။

အရွယ်လေးရလာတော့ တစ်ချို့သူငယ်ချင်းများ နာရီအမျိုးမျိုးကို အ၀တ်အစားနှင့် အချိန်အခါကြည့်ပြီး ပတ်ကြ . . လှကြတာကို အားကျမိသောကြောင့်
နာရီအပိုဝယ်ထားလိုက်မိလျှင် ကျမရဲ့ ဟိုဆိုက်ကိုကြောင့် မပတ်ဖြစ်သော နာရီကို အားနာ လက်တံများသွားနေကြသည်ကို နှမြှောနှင့် နောက်ဆုံးတော့
ကျမမှာ ပုံမှန်ပတ်တဲ့ နာရီတစ်လုံးထဲနှင့်သာ အဖော်ပြုနေထိုင်ရလေတော့သည်။

ထိုအချိန်များထဲမှ နာရီပျက်သွားသောအချိန်တစ်ခုတွင် ကျမသူငယ်ချင်းက လမ်းလျှောက်ရင်း နာရီတစ်လုံးကောက်ရလာသည်။
နာရီက ရွှေရောင် မိန်းမပတ်နာရီလေးဖြစ်ပြီး ကောက်ရသည့်အချိန်တွင်ပင် အတော်လေး ဟောင်းနေပြီ။
ကျမတစ်သက်တာတွင် ရွှေရောင်နာရီကို မကြိုက်သောကြောင့် တစ်ခါမှ ၀ယ်မပတ်ဖူးပါ။ ၀င်းလက် ၀င်းလက်နှင့် နေရခက်မည်ဟု တွေးမိသောကြောင့်ရယ်
ကျမရဲ့ အသားရောင်နှင့် ရွှေရောင်နာရီနှင့် မလိုက်ဟု ထင်မိသောကြောင့်ရယ် ဖြစ်ပါသည်။ သို့သော် သူငယ်ချင်းကောက်ရလာသော နာရီလေးကိုမူ မြင်မြင်ချင်း
ကျမနှင့်ရင်းနှီးသလိုခံစားရပြီး ခဏပတ်ကြည့်ရင်း ဒါကျမရဲ့ နာရီလေးဟုပင် ထင်မြင်လာမိသည်။ နာရီမှာ ကောက်ရလာသောနာရီဖြစ်သည့်ပြင် ဟောင်းလဲဟောင်းနေခြင်း
ရွှေရောင်ကို ကျမလိုပဲ ကျမသူငယ်ချင်းများမကြိုက်ကြခြင်းကြောင့် ထိုနာရီကို ကျမပတ်မည်ဟု ပြောသောအခါ အလွယ်တကူပေးလိုက်ကြသည်။
နာရီလေးမှာ ကျမလက်ထဲမှာ ခဏခဏ စက်ရပ်ရပ်သွားသောကြောင့် ပြင်ဆိုင်မကြာခဏ ပို့ရတတ်သည်။

ခါတိုင်းနာရီများဆိုလျှင် စိတ်မရှည်တတ်သောကျမ  ပျက်သွားသည်နှင့် အသစ်တစ်လုံးဝယ်ပတ်ပြီး နာရီအဟောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်သည်။
ဒီနာရီလေးကိုမူ ဘယ်လိုပျက်ပျက် မရရအောင်ပြင်ရင်း နာရီလေး ကျမလက်မှာ အချိန်ကြာကြာရှိနေခြင်းကို ကျေနပ်နေမိသည်။
ဟိုအရင်ဆိုလျှင် ဖြစ်ကတတ်ဆန်းနေတတ်သော ကျမရဲ့နာရီများအားလုံး ရေစိုခံများဖြစ်ကြပြီး ရေချိုးခြင်း မျက်နှာသစ်ခြင်း စသော ရေထိရသည့်အချိန်တိုင်း
ဘယ်တော့မှ မချွတ်တတ်။ မချွတ်ရအောင်လဲ အပျင်းကြီးသော ကိုယ့်ကိုယ်ကိုယ်သိသောကြောင့် ရေစိုခံပဲဝယ်ဖြစ်သည်။
သို့သော် သိကြသည့်အတိုင်း ကျမ၏ နာရီလေးမှာ ဒီအတိုင်းနေရင်းပင် ဖွတ်ချက်ဖွတ်ချက် ပျက်လှသည့်အပြင် မိုးရွာထဲလျှောက်သွားပြီး မိုးနံ့လေးများရလိုက်လျှင်
ရေငွေ့ရိုက်ပြီး ရပ်သွားလိုက် နေပူတော့မှ ပြန်သွားလိုက်နှင့်မို့ မိုးသံရေသံကြားလျှင် ကျမမှာမျက်လုံးပြူးနေရပြီ။ မိုးရွာလျှင် ရပ်သွားလိုက် နေပူလျှင်ပြန်သွားလိုက်နှင့်
သူ့ဟာသူတော့ ဟုတ်နေသေးတော့သည်။ တစ်ခါတစ်လေတော့ ရေငွေ့ထိတာများလျှင် သူ့ဖာသာပြန်မနိုးတတ် ပြင်ဆိုင်ပို့ပြီးနှိုးရတတ်သေးသည်။
ရေချိုးလျှင် မျက်နှာသစ်လျှင် မီးဖိုချောင်ဝင်လို့ လက်ရေစိုမည်ဆိုလျှင် နာရီလေးကိုချွတ်ချွတ်ထားရသည်ကလဲ ကျမရဲ့ ပုံမှန်အလုပ်တစ်ခုအဖြစ် တိုးလာတော့သည်။
ဒီလိုနှင့် ကျမဆီ နာရီလေးရောက်တာ ၃နှစ်ကျော်ကျော် ၄ နှစ်နီးပါးရှိတော့မည်ထင်ပါသည်။

မနက်အိပ်ရာနိုးသည်နှင့် နာရီလေးကောက်ကြည့် မျက်နှာဘယ်နှမိနစ်သစ်မယ် ရေချိုးခန်းအိမ်သာ ဘယ်နှမိနစ်ဝင်မယ်။ ကျမ ဘယ်လောက် အချိန်ရတယ်ဟု
ကိုယ့်ဖာသာ အချိန်တွက်ရာတွင်လဲ ကျမ၏နာရီလေးကို တကြည့်ကြည့်။ ရုံးသွားဖို့ လမ်းထွက်လာရင်း ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်ခြင်း . . ဘတ်စ်ကားပေါ်တွင်
ကျမ နောက်ကျပြီလား . . အချိန်ဘယ်လောက်များ လိုဦးမလဲဟု စိတ်ပူရာမှာလဲ နာရီလေးကို မကြည့်ရမနေနိုင်။ တစ်နေ့တာရဲ့ အချိန်ဇယားထဲတွင် ဘာလေးပဲလုပ်လုပ်
နာရီကြည့်တတ်သော အကျင့်လဲ ဘယ်လိုကဘယ်လိုရလာသည်မသိ။ ဘာမှလုပ်မနေရင်တောင် နာရီလေးကို ငုံ့ငုံ့ကြည့်နေတတ်သေးသည်။ အောင်မြင်ပျော်ရွှင်မှု
တစ်ခုခုရှိလျှင်လဲ ကျမ၏နာရီလေးက ကျမနှင့်အတူ ပျော်ရွှင်နေပြီး စိတ်ပျက်အားငယ်စရာများကြုံလျှင်လဲ နာရီလေးက ဒိုင်ခွက်သေးသေး လက်တံလေးများဖြင့် ကျမကို
အားပေးပြုံးပြနေတတ်သည်ဟု ခံစားရပါသည်။

တစ်နေ့က ကျွန်မသူငယ်ချင်းများနှင့် ချိန်းထားသောကြောင့် ရေချိုးရန် နာရီလေးကို ချွတ်ခဲ့သည်။ ရေချိုးခန်းမှ ပြန်ထွက်လာတော့ မေ့တတ်သော နမော်နမဲ့နိုင်လှသော
ကျမအကျင့်အတိုင်း နာရီလေးကို ဘယ်နေရာတင်ထားခဲ့မိမှန်း စဉ်းစားမရတော့။ အချိန်လဲ နောက်ကျနေသောကြောင့် ပြန်လာမှရှာမည်ဟု တွေးကာ သူငယ်ချင်းတွေဆီ
ထွက်လာခဲ့သည်။ သူငယ်ချင်းများနှင့် စကားပြောနေချိန်များတွင်လဲ သတိမေ့ပြီး ဘယ်ဖက်လက်ကောက်ဝတ်ကို ငုံ့ငုံ့ကြည့်နေမိသည်။ အပြင်မှ ပြန်လာတော့ ကျမနာရီလေးကို
ထားတတ်သောနေရာများအနှံ့ လိုက်ရှာရတော့သည်။ ရေမချိုးခင် ဘယ်နေရာကထွက်တယ် ဘယ်လိုချွတ်လိုက်တယ် ထိ စဉ်းစား၍ရသော်လည်း ဘယ်နေရာတင်လိုက်တယ်
ကိုမူ ဘယ်လိုမှ စဉ်းစားမရတော့။ ကျမ၏နာရီလေး ပျောက်သွားလေပြီ။ နာရီလေးပျောက်သွားပြီး ၄ ရက်ရှိပြီဖြစ်သော်လည်း ကျမစိတ်ထဲတွင် ကျမ၏ပစ္စည်းများကြားတွင်
နာရီလေးရှိနေသည်ဟု ထင်ကာ ကျမ၏နေရာလေးကို မွှေနှောက်ရှာဖွေနေသည်မှာလဲ ခဏခဏဖြစ်သည်။ တစ်ခါရှာပြီးသွားလျှင် နာရီလေး ဒီနေရာများတွင် မရှိနေဟု
ကျမလက်ခံသွားသော်လည်း အတော်ကြာပြန်လျှင် ကျမနာရီလေး ဒီနေရာမှာရှိနေသည်ဆိုပြီး တွေးမိပြန်ရင်း ထပ်ဖွရှာပြန်ရင်းဖြင့်  မတွေ့နိုင်သော ဒီနေရာမှာပင် တွေ့မည်ဟု
စိတ်စွဲကာ ရှာ၍မမောနိုင်ဖြစ်နေမိတော့သည်။

ယခုတော့ နာရီမရှိလျှင် မနေတတ်သောကျမအတွက် နာရီတစ်လုံးဝယ်ရမည်ကို စဉ်းစားမိသော်လည်း ကျမနာရီလေး ပြန်ရမည်ဟု စိတ်စွဲကာ အသစ်မ၀ယ်ဖြစ်သေးပါ။
ဘယ်သွားသွား ဘာလုပ်လုပ် ဘယ်ဖက်လက်ကောက်ဝတ်ကို မျက်လုံးဝေ့ကြည့်ရင်း မြင်နေကျ ရွှေရောင်ဖျော့ အစင်းကြောင်းသေးသေးလေးများနှင့် နာရီလေးကို
ပြင်းပြင်းပြပြလွမ်းဆွတ်ရင်း တစ်ရက်မှာ အကြိမ်ပေါင်းများစွာ ယောင်ချာချာဖြစ်ရသည်။ နား နားကို လက်ရောက်ဖြစ်တိုင်း ကြားနေကျ ချက်ချက် မြည်သံလေးနှင့် နှုတ်ဆက်တတ်သော
ကျမ၏ချစ်စရာ နာရီလေးနှင့်ဝေးခဲ့ပြီ။ ကျမရင်ထဲတွင် စူးနစ်စွာဝင်ရောက် အဖော်ပြုပေးခဲ့သော ကျမ၏နာရီလေးနေရာတွင် ဘယ်လိုနာရီမျိုးကို အစားထိုးလျှင်များ အဆင်ပြေမလဲ ။
တစ်ပုံစံထဲ အသစ်တစ်လုံးဝယ်ရကောင်းမလားနှင့် နာရီဆိုင်များကို လိုက်ကြည့်ဖြစ်သော်လည်း ကျမချစ်ခင်သော နာရီဟောင်းလေးကိုသာ စိတ်ထဲမှ မဖျောက်နိုင်ဘဲ ပြန်ပြန်လာခဲ့ရသည်။
ပြီးတော့ အသစ်ဝယ်လိုက်လျှင်လဲ ကျမ၏နာရီဟောင်းလေးလောက် နာရီအသစ်ကို မချစ်ခင်နိုင်ဟုတွေးမိသောကြောင့် အသစ်ကိုအားနာရင်း ကျမစိတ်ကို ပြင်ဆင်ဖို့ကြိုးစားရပါသည်။
သို့သော် အလုပ်သွား အလုပ်ပြန်မှအစ နာရီမပါဘဲ ဘာတစ်ခုမှ မလုပ်နိုင်သော ကျမအတွက် နာရီအသစ်တစ်လုံးကိုတော့ အဟောင်းလေးကိုလွမ်းရင်း
မ၀ယ်မဖြစ်ဝယ်ရတော့မည်ဖြစ်ပါသည်။  ဟော . . ခဏနေမိုးလင်းတော့မည်။ ထားတတ်သောနေရာများတွင်
ကျမနာရီလေးများရှိနေမလား ခါတိုင်းရှာရင်း ကျမပဲမျက်စိရှန်းနေသလား သေချာအောင် ကျမနေရာလေးကို ထပ်ပြီးမွှေနှောက်ဦးမှ ဖြစ်ပါမည်။       ။


ခရေငယ် (၅.၃.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS