RSS

ဦးတည်ရာပျောက်သွားသော . . ပိတောက်များ

လှမ်းမျှော်ကြည့်လို့မမြင်နိုင်တဲ့ နှလုံးသားရဲ့ ဟိုအဝေးမှာ . . သူမချစ်သူ နေထိုင်တဲ့ မြို့လေး ရှိမယ် . .။ ထင်းရူးနဲ့ ယူကလစ်နံ့တွေရောနေတဲ့ လေပြေကိုသူရှူရှိုက်ဖြစ်တဲ့အခါ . . သူမလဲ ဒီလေပြေရနံ့မျိုးကို သိပ်မြတ်နိုးပါလားလို့ တစ်ခါတစ်လေတောင် သူတွေးဖြစ်မှာ မဟုတ်ပါဘူး ။ သူမ . . သူ့ကို အဲဒီအကြောင်း မပြောပြဖူးခဲ့ဘူးလေ ။

ချစ်သူ့တောင်ပေါ်ဒေသလေးမှာ ချယ်ရီတွေဝေသလို . . သူမရဲ့နေရာလေးမှာလဲ မနေ့က ပိတောက်တွေပွင့်ကြတယ်။ လမ်းဘေးဝဲယာက ပိတောက်ပင်တွေဆိုတာ . . ၀ါခဲနေအောင်ပွင့်ကြပြီး . . အရွက်စိမ်းတွေတောင် ပျောက်လုဖြစ်ရတယ်။ ဖြတ်သွားဖြတ်လာ လေပြေမှာ . . ပိတောက်နံ့နဲ့သင်းနေတဲ့ နေ့တွေ ကိုယ်ပိုင်ဆိုင်ရတော့ . . ဘာရယ်မဟုတ် သူ့ကို အောက်မေ့တယ်။ လေပြေအဝေ့မှာ တဖွဲဖွဲကြွေကျနေတဲ့ ပိတောက်ပွင့်ဖတ်တွေခင်းတဲ့လမ်းမှာအတူတူ သူတို့ တစ်ခါမှ မလျှောက်ခဲ့ကြဖူးဘူး။ ပန်းပွင့်ဖတ်လေးတွေ ဝေ့၀ဲကျလာပုံက အပင်ပေါ်မှာ အပွင့်လေးတွေ ကုန်များကုန်သွားတော့မလားလို့ စိတ်ပူမိချင်စရာလဲကောင်း . . ကြည်နူးလွမ်းဆွတ်စရာလဲကောင်းတာမို့ . . လွမ်းဆွတ် တမ်းတစိတ်တွေကို ဒီအချိန် ဒီနေရာမှာခြွေချဖို့ သူမ နှမြှောတသ မဖြစ်ခဲ့ဘူး။

ဒီနှစ် သင်္ကြန်မှာ ပိတောက်တွေသိပ်မပွင့်ခဲ့ရလို့ ထင်ပါရဲ့ . . နောက်ဆုံးလက်ကျန်ပိတောက်တွေ အစွမ်းကုန်ပွင့်နေလိုက်ကြတာ . . အဖူးအငုံမကျန်သလောက်နီးပါးပဲ ။ သူမြင်ရင်ရော ပျော်မှာပဲလား . . ။ အဆွေးဓါတ်ခံနဲ့မို့များ . . ပိတောက်ပွင့်တဲ့ရက်က သူမအတွက် ကဗျာသိပ်ဆန်နေတာလား မပြောတတ်ပေမယ့် . . ဒီလိုခံစားနိုင်တဲ့ နှလုံးသားကိုပဲ ကျေနပ်ကျေးဇူးတင်မိတယ်။ သူမရဲ့ ကမ္ဘာကြီး . . သူမရဲ့ ရန်ကုန် . . သူမ သွားနေကျလမ်းကလေး သိပ်လှတာပဲ ။ သိပ်လှတာပဲ . . သိပ်လှတာပဲလို့ သူမပြောပြချင်မိတဲ့သူတွေ တော်တော်များတယ်။

သူမရဲ့ချစ်သူ . . သူမချစ်တဲ့ သူငယ်ချင်းတွေ . .  သူမချစ်တဲ့ ကဗျာဆရာတွေကိုပေါ့ . .။ ဒါပေမယ့် . . အဲဒါတွေလိုက်ပြောပြနေရင် ဒါလေးကိုများ တခမ်းတနားခံစားနေသေးတယ်ဆိုပြီး . . သူမကို အရူးကောင်လို့ ၀ိုင်းပြောကြမလားမသိ ။ တကယ်တော့ . . ပြောပြချင်တယ်ဆိုတာကလဲ . . တုန့်ပြန်မယ့် Response တစ်ခုခုပြန်လိုချင်တာထက် သူမတွေ့တဲ့မြင်ကွင်းလေး . . သူမရတဲ့ Feeling လေးကို ကြည်နူးစေချင်တဲ့စိတ်နဲ့ ပေးသိချင်တာလေးတစ်ခုပါပဲ ။ ဒါပေမယ့် . . ဒီအတွေးနဲ့တစ်ဆက်တည်းမှာ . . သူမချစ်တဲ့သူနဲ့  အဆက်အသွယ်မလုပ်ဖြစ်တာ . . အတော်ကြာခဲ့ပြီပဲလို့ သူမဖာသာ ရှာတွေ့တယ်။ နောက် . . ချစ်တဲ့ ကဗျာဆရာတွေရဲ့ အကောင့် သူမမှာမှမရှိဘဲ ။ အင်းလေ . . သူတို့အကောင့်ရှိတော့ကော သူမလို ငတုံးငအက ဘာသွားပြောတတ်မှာလဲ ။ သူ့ကဗျာက ဘယ်လိုစာသားနဲ့ ဘယ်လိုခံစားမှုနဲ့ ဘယ်လိုအရေးအသားနဲ့ ဘယ်လိုအဆင့်မြင့်တာလို့ မချီးမွမ်းတတ်ပေါင် ။ “ခင်ဗျားကဗျာတွေကို ကြိုက်တယ်ဗျ ” ဆိုတာတစ်ခုက သူမပြောတတ်တဲ့ အစွမ်းကုန်ပဲ ထင်ပါရဲ့ ။ အကောင့်ရှိရှိ မရှိရှိ သူတို့ကဗျာတွေရေးထုတ်နေကြတာကိုပဲ အသေအလဲ ကျေးဇူးတင်နေမိတတ်တာကမှ သူမအစစ်။ ကဗျာတစ်ပိုဒ်ကို ချစ်မိသွားရင် အူထဲမှာယားလာသလိုလို . . ကလိကလိခံစားမှုမျိုးနဲ့ ကျိတိကျက်တက်ပျော်သွားရတာလေးကို သူမဖာသာ ကျေနပ်နေတော့တာ။

သူမသေသွားခဲ့တဲ့အခါ . . Dead body လှူသလိုမျိုး . . သူမရဲ့နှလုံးသားကိုလဲ ကဗျာတက္ကသိုလ်ရဲ့ နှလုံးသားအလှူခံဌာနမှာ သုတေသနပြုဖို့ လှူခဲ့ရ ကောင်းမလား ။ သူမနှလုံးသားကို အစိပ်စိပ်မွှာမွှာ စိပ်ဖြာကြည့်မယ်ဆိုရင် ခံစားထားမိတဲ့ ကဗျာအတွေးတွေ . . ရေးဖြစ်ခဲ့တာတွေနဲ့ ရေးမတတ်ခဲ့တာတွေ . . ခံစားမှုကို အရေးအသားလိုက်မမီခဲ့တဲ့ သူမရဲ့အားနည်းချက်တွေအကြောင်း ကျန်ခဲ့တဲ့ကဗျာစိတ်ဝင်စားသူတွေ သူမလိုမဖြစ်အောင် သူမနှလုံးသားအဟောင်းကြီးက ပြပေးနိုင်မလားလို့ တစ်ခါတစ်လေကြောင်တောင်တောင် မျှော်လင့်နေမိတာလဲရှိရဲ့ ။ ဒါပေမယ့် ကဗျာတွေတိုးတက်ဖို့ ရုပ်ဝတ္ထုနှလုံးသားကြီးက ဘာသွားသုံးစားလို့ရပါ့မလဲ နော် . .။

စစတုန်းက . . ချစ်သူနဲ့ သူမရဲ့ အပိတ်လိုက်ခြားထားတဲ့ အကွာအဝေး(ခရီးမိုင် မဟုတ်ပါ) အကြောင်း ရေးမယ်စိတ်ကူးထားတာ . . ဘယ်လိုကဘယ်လို စကားလမ်းကြောင်းတွေ ချော်ကုန်ပါလိမ့် ။
စိတ်ခံစားမှုကလဲ ခဏချင်းပြောင်းနေတာ . . သဝေထိုးနဲ့ န ငယ်နဲ့ကြားမှာတောင် . . သဝေထိုး ခံစားမှုနဲ့ နငယ်ခံစားမှုမတူပြန်ဘူး . . ။
 ကဲ . . ဒီတော့ သူမရေးတဲ့ အကြောင်းအရာက ဗြဲရမ်းရမ်းဖြစ်သွားတာ ဘယ်ဆန်းပါတော့မတုန်း ။

မနေ့က ပိတောက်လက်ကျန်တွေ  ဒီနေ့လဲ ထပ်တွေ့ရသေးတယ်။ ဒီနေ့ပွင့်မယ်ဆို . . အတူတူပွင့်မယ်လို့ ပိတောက်ပင်တွေ အချင်းချင်း စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်ရှိကြတာကလဲ အံ့သြစရာ။ သဘာဝပဲဆိုရင်လဲ အဲဒီသဘာဝကို သူမကတော့ အံ့သြ၀မ်းသာတာပဲ ။  အဲလို နှလုံးသားချင်းနီးနေတဲ့ သူငယ်ချင်းမျိုး . . ချစ်သူမျိုး . . သူမမှာမှ မရှိတာကွယ် ။ ဒီလိုနဲ့ ပိတောက်ပန်းတွေအများကြီး သူမ မိတ်ဆွေတွေအတွက် ယူလာခဲ့ပြီး စားပွဲပေါ်မှာ တင်ပေးထားခဲ့တယ်။ ပန်းတွေမြင်ပြီး ပျော်ပျော်ရွှင်ရွှင်လာယူကြတဲ့သူတွေရဲ့ အပြုံးကိုကြည့်ပြီး သူမကပြန် ကျေးဇူးတင်နေမိတယ် . . ။ “ ပန်းတွေ မင်းယူလာတာလား  ” ဆိုတဲ့ စကားသံကို . . “ ဟုတ်တယ် . . မင်းလိုချင် ယူလို့ရပါတယ်” လို့  ၀မ်းသာစွာပြန်ပြောတုန်း . . “ ဒီပန်းအနံ့ကို မခံနိုင်ဘူး . . တခြားမှာ ပြောင်းထားပေးလို့ရမလား” ဆိုတဲ့ စကားသံဆီမှာ . . သူမ နှလုံးသားတွေ ရုတ်တရက် ၀ုန်းကနဲ ခက်ထန်ကြမ်းတမ်းသွားကြတယ်။ အင်း . . ဒါလဲ . . သူ့Right ပဲလေလို့ တွေးပေးလိုက်ပြီး . . “ ဆောရီး ” ဆိုတာပဲ ပြန်ပြောလိုက်ပေမယ့် တကယ့်စိတ်ထဲမှာတော့ သူမလဲ . . အဲလိုလူမျိုးတွေကို သိပ် sensitiveဖြစ်တတ်လို့ တခြားမှာ သွားထိုင်ပေးလို့ရမလား ..  ထိုင်စရာတွေပေါတာပဲလို့ အကြိမ်ကြိမ်ပြောပစ်နေမိတယ်။ ပြီးတော့ ဒါက သူမတို့အတွက် ရှားပါးလွန်းတဲ့ တစ်နှစ်မှာရက်သိပ်မရှိတဲ့ ပိတောက်ပွင့်တဲ့နေ့လေ ။ သူမ စီးထားမိတဲ့ ဟန်ဆောင်ချိုသာခြင်းဖိနပ်က သူမနဲ့ အံဝင်ဂွင်ကျ မရှိလှတာကို သတိထားမိတာ တော်တော်လေးကြာခဲ့ပြီ။ ဖိနပ်ပေါက်လွန်းလို့  . . သူမစိတ်ခြေထောက်လဲ ဒဏ်ရာအနာတရဖြစ်ရတာ များပြီလေ ။

ဒီလိုနဲ့ နေစောင်းတဲ့အခါ . . ပိတောက်လမ်းက ဖြတ်ပြီး . .ပြန်လာတယ် . . သူမ နားထဲမှာ ၀င်းဦးရဲ့ ပိတောက်ရိပ်ဝယ် သီချင်းထဲက
“ လေယူရာ တလွှင့်လွှင့်
ပိတောက်ပွင့်ကလေးရေ
ချစ်ဖော်နဲ့ လွဲရလို့ အသည်းနာသေး  . .
ကပိုကရို မပျောက်စိတ် . .
ငိုမလို တစ်ယောက်မအိပ်
အို . .အိုး . .  ပိတောက်ရိပ်ဝယ် ” . .  ဆိုတာလေး ကြားယောင်နေမိတယ် . . ။

ကတ္တရာလမ်းပေါ်ကြွေနေတဲ့ ပိတောက်ပွင့်ဖတ်ဝါလေးတွေ အရှိန်ပြင်းလှတဲ့ လိုင်းကားတွေ ဖြတ်အသွားမှာ ခုန်လိုက်ကြတာမို့ ပျော်နေတာများလား . . ဒါမှမဟုတ် . . မြေမှာ မနေချင်ဘဲ ပိတောက်ကိုင်းမှာကျန်ခဲ့တဲ့ သူတို့ရဲ့ အညှာလေးတွေဆီကို ပြန်သွားဖို့ အားထုတ်နေတာလားလို့ . . . တွေးရင်း . . နောက်ထပ် . . “ အလှထူး . . လတန်ခူးရောက်ရင်ဖြင့် မြဖူးခိုင်ရွှေဝါ . . ၀င်းပပ ပိတောက်ပန်းလေးများ . . မင်းထံပို့မှာ အမှန်မသွေ” ဆိုတဲ့ သီချင်းလေးတစ်ပိုဒ်  ခပ်တိုးတိုးညည်းလိုက်မိသေးတယ်  . . ။    ။

ခရေငယ်(၂၉.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကိုယ်ရေးအကျဉ်းနံပါတ် ၂၄


တစ်ခါတစ်လေ မေးရင် ဖြေချင်မှဖြေ
မမေးဘဲနဲ့ ဖြေချင် အတင်းဖြေ
၂၃ နှစ်စာ သမိုင်းမှာ ဒါတွေ. .  ရိုးးး . . နေပြီးသား . .

တစ်ခါတစ်လေ . .
သူမတူအောင် ကြင်နာသနားတတ်ပေမယ့်
ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့အခါများကျ
အင်္ဂုလိမာလ ရဲ့ မိထွေးလားလို့ ထင်လောက်စရာ . .

သိပ်မိုက်မဲတာ လို့ ပြောမယ်ပြင်တုန်း
အလိမ်မာတုံးကြီး ဖြစ်သွားတတ်ပြန်တာလဲ . . ဒီကောင်

ကိုယ်က ဆောင့်ကန်ပြီး မတောင်းပန်ဘဲ
ကိုယ့်တက်နင်းတဲ့ကောင်ကို
နာသွားသေးလားလို့ အပူတပြင်းမေးချင်လဲမေးရဲ့

ယဉ်ကျေးမှုတွေ သင်ပေးလိုက်ခါမှ
ပိုရိုင်းပြသွားတတ်တာလဲ ဒီကောင် . .

အားနာချင်ပြန်ရင်
ကိုယ့်အပေါ် အမှားတစ်ရာရှိတဲ့သူကိုတောင်
ကြားသာအောင် မဆဲရေးနိုင်တဲ့ကောင် . .

ငဖျင်းလို့ ခံယူရမှာ . . ၁၀ခါပြန် မကြောက်
အဖြစ်ရှိတယ် ဆိုတာတွေနဲ့
ခပ်ဝေးဝေး နေတဲ့ကောင် . .

ဘာသာတရားတွေနဲ့ တဖြည်းဖြည်းဝေး
ဘယ်အတွေးကိုမှ မယုံရလို့
ကိုယ့်ကိုယ်ကို သင်တန်းပို့ချမိတဲ့ကောင် . .

လောကနဲ့ အဆင်ပြေဖို့
အထင်တွေ လျှော့ရမှာဆို
အတွေးတွေကို လော့ချမခံနိုင်တဲ့ကောင် . .

ခပ်ကြောင်ကြောင်မို့
ခပ်မှောင်မှောင် အတွေးတွေနဲ့
တတ်ယောင်ယောင် ဆရာကြီးလုတ်တတ်သေးတဲ့
ဟောဒိ . . ခရေ ကောင် . . ။      ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပိတောက်နေ့ (ရန်ကုန်) မှ ပေးစာ


ဒီနေ့ . .  အ၀ါရောင် ရန်ကုန်မှာနေတယ်
လမ်းတွေဝါ . . ကောင်းကင်ဝါ
ရေမြေရယ် စိတ်တွေရယ် ၀ါနေတဲ့နေ့ . .

ပိတောက်တွေလည်လည်လာတော့
ကြည်သာတဲ့စိတ်က 
ဧည့်ခံစရာ . . သင်္ကြန် . . မရှိတော့ပါဘူး
ပြန်လိုက်ပါဦး လို့ . . မနှင်ချင်ပါ . .

ပိတောက်တွေဝါရွှေတဲ့ အိပ်ခန်းမှာ
မောနေတဲ့ စိတ်အနွမ်းကို
ချော့သိပ်ရန် စောင့်နေသူမို့ 
အချစ်စိတ် အိပ်မက်ဆန်းကို
မက်ဖို့ ပြင်လှမ်းနေတုန်း

ပိတောက်ပွင့်ဖို့ မိုး . . လိုတာဆို
သူရောက်လာဖို့ ဘာကိုရွာရပါ့ . .

အ၀ါရောင် နှစ်ကူးပန်းကို
သဒ္ဓါဘောင်အကွပ်နဲ့ ဘုရားလှူလို့
ကံမတူ လွဲကြောင်တဲ့ဘ၀မှာ
အသည်းအမှောင်ကျတာကလွတ်ဖို့
နာနာ ဆုတောင်းစမ်းပါရစေဦး . . ။        

ခရေငယ်(၂၈.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဓိပ္ပါယ်မဲ့ မျှော်လင့်မိခြင်း အကြောင်း

အိမ်မြှောင်အမြှီးပြတ်တွေ နှလုံးသားထဲ ၀င်နေကြလို့
ရောက်လာမှာ မဟုတ်တဲ့
ချိန်းထားတဲ့နေ့ကို . . ကျော်ပစ်လိုက်ချင်တယ် . .

စောင့်နေခဲ့တယ် . . စောင့်နေမိတယ် . . စောင့်နေဦးမယ်
နောက်ပြီး စောင့်နေဖြစ်တယ်ဆိုတော့လေ . .

အလွမ်းတွေသာ ဝေေ၀ဆာဆာပွင့်တဲ့လမ်းမှာ
လှမ်းခေါ်လိုက်မယ့် အသံမရှိမှန်း သိနေပေမယ့်

စောင့်နေခဲ့တယ် . . စောင့်နေမိတယ် . . စောင့်နေဦးမယ်
နောက်ပြီး စောင့်နေဖြစ်တယ်လေ . .။


ခရေငယ်( 21st April of 2011)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကိုယ့်ဟာကိုယ်ခေါင်းစဉ်ရှာမရသော . . .

ကိုယ်ပိုင် အရေးအတွေးတွေလား . . မဟုတ်ကြပါဘူး . .Credit ပေးစရာတွေရှိတယ် ။
ဒါဆိုဘယ်သူရေးတာကူးလာလဲ . . မဟုတ်ပြန်ပါဘူး . . ကျုပ်ရေးနေတာပါပဲ ။

နေမထိထိုင်မသာ . . မရိုးမရွ ဆိုးရွား ကွတစွာ ခံစားရတဲ့အခါ . .
နံရံတွေပေါ် လမ်းတက်လျှောက်ချင်နေတဲ့ စိတ်တစောင်းကြီးကို ပစ်ချထားစရာနေရာမရှိပြန်ဘူး ။

ဘူတာရုံလေးတွေနား ဖြတ်သွားရမှာ ကြောက်ရွံ့တွန့်ဆုတ် . . နှလုံးသားရဲ့
ရောင့်ရဲနိုင်မှုအားတို့ နဖားကြိုးပြုတ်သွားမှာ စိုးတယ် ။ ငိုချလိုက်ရအောင်ကလဲ လှမှမလှဘဲလေ။

အိပ်မက်အဟောင်းတွေဝယ်တယ် ဟုတ်လား . . လာထားကိုယ့်လူရေ
သက်တမ်းရင့် အ၀ီစိအောင်း အိပ်မက်ဟောင်းတစ်ခု အလကားမတ်တင်း လက်ဆောင်ပေးလိုက်ချင်ရဲ့ ။ ရှေးဟောင်းပစ္စည်းအဖြစ် ပြန်ရောင်းရင် ဈေးကောင်းရပါလိမ့်မယ် ။

ထီးမပါရင် မိုးကာတော့ဝတ်လာဗျာ . . ဒီနေရာက အက်ဆစ်ထက်ဆိုးတဲ့ အလွမ်းတွေ မိုးလိုရွာနေတာ ။ စိုမိရင် အရိုး . . အသား . . နှလုံးသားတင်မက စိတ်ဓါတ်ပါ နမိုးနယားနဲ့ ကင်ဆာဖြစ်သွားမှာ ။

ကာကွယ်ဆေးရှာဖို့လား . . Research အတွက် အကုန်မခံနိုင်ပါဘူး . . အသေခံတာက ဈေးသက်သာတယ် မဟုတ်လား ။

အခုတလော နှလုံးသားမှာ ခနခနဖွင့်နားထောင်နေဖြစ်တာက the ants ရဲ့ အန်ချင်တယ်နဲ့ ရိုဆေး ဗျ . . ။ မကြားရဘူး ဟုတ်လား . . အေးဗျာ . . ခဗျားနှလုံးသား နားချမ်းသာတာပေါ့ . . ။ သီချင်းက ဒီလောက်ဆိုးလို့လား . . ဟာ . . မဟုတ်ပါဘူး . . ကျုပ်နှလုံးသားကိုက ဆိုးဆိုးရွားရွား အက်ခိုးများနေလို့ပါ ။

အမှန်တော့ ကျုပ်လဲ ကဗျာကို အလှဆုံးအဆုံးသတ်ချင်တာပါပဲ။
ဒါပေမယ့် . . စကားလုံးရှာမရမှတော့ ဒီတိုင်းတန်းလန်း ပစ်ထားလိုက်ရုံပေါ့ဗျာ .
အပြီးမသတ်ဖြစ်သေးတာက ဆဲတာထက်တော့ နည်းနည်းသာတယ်မဟုတ်လား ။ ။

ခရေငယ်(၇.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သွေးတိုးစမ်းမှုများအကြောင်း . .

“ ရိုးရိုးသားသား ကြိုးစားပါ . . သမီး ” ဆိုတဲ့စကားတွေ . . နားထဲမှာ အထပ်ထပ်ကြားနေမိတယ်။

အိမ်အပေါ်ထပ်က မိန်းကလေးတွေ အချင်းချင်း ပြောသွားတဲ့စကား . .

“ ငါ့ကို . . သူငယ်ချင်းတစ်ယောက်က သူတို့ကုန်မနီမှာ လာလုပ် ။ စားရိတ်ငြိမ်း တစ်လ
၇၀၀၀၀ ပေးမယ်တဲ့ ။ ဒါနဲ့ပြန်ပြောလိုက်တယ် . . ဟဲ့ . . ငါ့တစ်ညရတဲ့ပိုက်ဆံက ၁
သိန်းကျော်တယ်လို့ ”

ပြောနေတုန်းမှာရော ပြောပြီးမှာရော မျက်နှာတွေမော်လို့ . . .။

ဟုတ်ကဲ့ . . ကျွန်မရဲ့တစ်လလုံးလုပ်ခက . . ၇၀၀၀၀ နည်းနည်းလေးကျော်တယ်ဆိုရုံပါပဲ ။
အဖေ့ဆီရော . . အမေ့ဆီရော . . ဘယ်သူ့ဆီမှ ပိုက်ဆံပြန်မပို့နိုင်ဘဲ . . ကိုယ့်ဖာသာ
ရပ်တည်ဖို့တောင် အနိုင်နိုင် အိမ်ကို ပိုက်ဆံမှာသုံးနေရတဲ့ဘ၀လို့ ဆိုကြပါစို့ ။

ဟိုတလောက . . ဂျာနယ်ထဲဖတ်လိုက်ရတယ် . . “ ဘယ်မော်ဒယ်က သိန်းဘယ်လောက်တန်
ဖုန်းနဲ့ . . ဘယ်လောက်တန် ကားနဲ့ ” တဲ့ . . ။ ဘယ်သူ့သူငယ်ချင်းကတော့ . .
နာမည်ကြီးသူဌေးဘယ်သူရဲ့ ဘာဆိုလား . . တိုက်နဲ့ကားနဲ့ ကြီးပွားသွားသတဲ့ ။ အခုတလော
ကြားကြားနေရတဲ့ စပွန်ဆာကောင်းတယ် ဆိုတဲ့စကားက ဘ၀တွေတောက်ပြောင်ဖို့ မရှိမဖြစ်
ဖြစ်ကုန်ပြီလား ။ ကျွန်မစီးနေတဲ့ ဘတ်စ်ကားစုတ်တွေကြားမှာ . . ကိုယ်ပိုင်ကားတွေ တ၀ီဝီနဲ့
ဖြတ်သွားကြသူတွေထဲ . .ဘယ်နှယောက်များ . . ။

အရေးအသားနည်းနည်းရိုင်းတာတစ်ခု ရေးပါဦးမယ် ။ ဘယ်မာဆက်က ကောင်မလေးကို
အသိထဲက ဘယ်သူကတော့ ရော်လိုက်တယ်တဲ့ ။ ဂုဏ်သရေရှိလူကြီးမင်းများ . .
လူငယ်မင်းများရဲ့ကြား မိဘမဲ့ကလေးများလှူတာထက် စပွန်ဆာပေးနိုင်မှ
ခေတ်မီတယ်ဆိုတဲ့အတွေးများ ဘယ်ကဘယ်လိုတွေးမိသွားကြပါလိမ့်လို့လဲ နားမလည်နိုင်စွာ ။
အော် . . လင်ကောင်းသားကောင်းမြင်ချင်ရင် အဲဒီနေရာသွားလို့
လက်ညိုးထိုးပြရကောင်းမလား ။ ရင်းနှီးမြှုပ်နံမှုအသစ်တွေ ခေတ်စားနေပြန်ပြီကော ။

အရင်ခေတ်ကရော . .အခုခေတ်မှာရော ရေးလိုက်ကြတဲ့စာတွေထဲက
ဟိုအမျိုးသမီးများအကြောင်းထဲမှာ “ အပေါစားမိတ်ကပ် . . အပေါစားနှုတ်ခမ်းနီ . .
အပေါစားရေမွှေး ” ဆိုတဲ့စကားလုံးတွေက အမှတ်အသားတစ်ခုလို ဖောဖောသီသီပါလား ။
Revlon , Kanebo စသဖြင့်နဲ့ ဟမ်းဖုန်းကိုယ်စီ . . ဈေးကြီးဖိနပ်ထည်လဲစီးရင်း
အဲဒီစာသားတွေကို ဟာသတစ်ခုလိုရီသွားကြမယ့်သူတွေ များလာနေကြပြီထင် ။

တစ်ချို့များကျတော့လဲ ဒီအလုပ်အကိုင်နဲ့ နိုင်ငံကျော်မင်းသမီး . . အဆိုတော်တွေဖြစ်လို့
ဟိုနိုင်ငံ ဒီနိုင်ငံတောင် စာသွားသင်နိုင်နေကြပြီရှင်ရဲ့ ။
တကယ်က ဘတ်စ်ကားပေါ်တက်ကြည့်စမ်းပါ . . အပေါစားမိတ်ကပ် . . နှုတ်ခမ်းနီ . .
ရေမွှေးနံ့များကို ကျွန်မတို့လို ရိုးရိုးဝန်ထမ်း မိန်းကလေးတွေ
ဖောဖောသီသီသုံးလို့နေကြလေပြီကော . . ။ ရင်သတ်ရှုမောဖွယ်ကောင်းတဲ့
စီးပွားရေးသစ်တစ်ရပ် မြန်မာရဲ့ မိန်းကလေးထုကြားမှာ ဖွံ့ဖြိုးလာနေပြီထင်ပါရဲ့ ။ စားရိတ်စက
ကြီးလွန်းလှတဲ့ ဆေးကုသကုန်ကျမှုများ . . မဖြစ်မနေလိုအပ်ချက်များနဲ့ ခေတ်ကာလ . . Do
Or Die ဘ၀ထဲက Die ဘ၀များကို ရွေးချယ်ကျေနပ်ခဲ့မှတော့ . . နေမကောင်းဖြစ်လို့မှ
ကောင်းမွန်စွာ ကုသမပေးနိုင်တာမျိုးလောက်က မိဘနဲ့သားသမီးကြား အလိုလို
ပြေလည်ပြီးသား ပရိပက္ခများလို့ ယူဆကြရုံပေါ့ ။ ။

ခရေငယ်( ၅.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အညံ့ခံရင်း . . . .


ငါ . .ထိုင်နေဖြစ်တယ်
လေလွှင့်ချင်နေတဲ့ စွန်တစ်ကောင်လို
ကိုယ့်ကိုယ်ကိုယ် အပ်ချည်ကြိုးနဲ့ ချည်နှောင်လို့ပေါ့ . .

ငါ . . ထိုင်နေဖြစ်တယ်
နှလုံးသားတွေကြမ်းတမ်း . .လို့
သွေးစွန်းခဲ့တဲ့ အကုသိုလ်တရားတွေဆီ
ကျွံကျနေတဲ့ စိတ်ဓါတ်ကို ထူမတ်ဆွဲတင်ဖြစ်ရင်း . .

အတိတ်ထဲက
အပြုံးတွေ . . မျက်ရည်တွေ . . ကြင်နာယုယမှုတွေ
မစစ်မှန်လှသော သူငယ်ချင်းဆိုတဲ့ သဘောထားတွေ
မစစ်မှန်ခဲ့သော ချစ်သူဆိုတဲ့ သဘောထားတွေ
ကိုယ်ချင်းစာတရား ခေါင်းပါးခံရခြင်းတွေ
နာကျင်ကြေမွ ကြေကွဲရခြင်းတွေ
သံသယတွေ . . အယုံကြည်ကင်းမဲ့ခံရခြင်းတွေကို
ငြိမ်းချမ်းစွာ လက်ခံ . . ခံစားရင်းနဲ့
ငြိမ်ငြိမ်သက်သက် . . ငါ . . ထိုင်နေဖြစ်တယ် . . .။ ။

ခရေငယ်( ၁.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS