RSS

ဟင်းလင်း

အားငယ်လိုက်တာ ဆိုတဲ့စကားက
အားပေးသူရှိမှ သုံးစွဲရ အဆင်ပြေတာမို့
စကားလုံးတွေ မျိုမျိုချရင်း
မှောင်မိုက်ခြင်းရဲ့ ကောင်းကင်မှာ
ခြေလှမ်းတွေ ဇောက်ထိုးလျှောက်လို့
မင်းမရှိတော့တဲ့နောက်
ငါ တစ်ယောက်တော့ ရောက်ရာပေါက်ရာ . .

တိမ်မြုပ်ပျောက်ကွယ်ကုန်တဲ့
အပြုံးနဲ့ ရယ်ရွှင်မှုတွေအကြောင်း
နှမြှောတသစွာ စဉ်းစားမိတဲ့အခါ
ကူညီစိတ်ပူပေးသူ မရှိတဲ့
မနက်ဖြန်များစွာအကြောင်းက
ပိုပိုသာသာ ရင်နာစေပြန်တယ် . .

စိတ်နာစရာတွေ များပေမယ့်
မင်းအတွက် အမှတ်မရှိတတ်တဲ့ နှလုံးသားက
ခနခန ထထလွမ်းတတ်လို့
အဲဒီနံပါတ်ကို မနှိပ်မိဖို့
ကြိုးစားကျားကန်ရတာကလဲ အခါခါ . .

ရီနိုင်ပါစေချစ်သူ . . ဒါပေမယ့် မမောပါစေနဲ့လို့
ရင်ထဲက တိုးတိုး ဆုတောင်းမယ် . .

ငါမရှိတဲ့ နေရာတွေမှာ မှ
နေသာထိုင်သာ ရှိမယ့်သူအတွက်
“ချန်ရစ်သူသာ ဖြစ်လိုပါတယ်” လို့ ဆန္ဒပြုဖို့
ဘယ်တစ်ခါမှ မတွန့်ဆုတ်တတ်ခဲ့ပေမယ့် . .


အထီးကျန် စိတ်ဓါတ်ကျမှုတွေကြောင့်
တစ်ခါတစ်ခါတော့ ငါလဲ
နာနာကျင်ကျင် ပင့်သက် ရှိုက်ဖြစ်တယ် . . ။

ခရေငယ်(၂၁.၂.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS