RSS

ဝေး၍ ရေးသည်

ရင်ထဲ . . ပရမ်းပတာ ၀ုန်းဒိုင်းကြဲနေမှလား . .
တမြေ့မြေ့စွဲလောင်ပြီး သတိရခြင်းကို ခြွေနေတတ်တာလဲ
အလွမ်းပဲ . .  ။

သတ္တိကောင်းလွန်းလို့တော့ ဘယ်ဟုတ်ပါ့မလဲ . .

ပျိုးထောင်သူမဲ့ ပွင့်တဲ့အချစ်ရယ်
ရွေးချယ်ယူခဲ့တဲ့ အဝေးဘ၀တစ်ခုရယ် ရှိနေမှတော့
တမ်းတရတာကို သွေးကြောင်လို့ မဖြစ်ဘူး မဟုတ်လား . . ။

နေ့တိုင်းရဲ့ စက္ကန့်တံတွေမှာ
သတိရခြင်းခြေရာတွေ ကပ်ပါသွားကြတော့
ကိုယ့်နာရီတွေ အလွမ်းနဲ့ တင်းပြည့်ကျပ်ပြည့်ဖောင်းကားလေးလံလို့ . . ။

မနီးနိုင်တဲ့အကွာအဝေးက
မတွေးဘဲတောင် ခြားထားတဲ့နောက်မှာ
သူကတော့ သိချင်သိမယ် ၊ မသိချင်လဲ မသိမယ်
ကိုယ့်အိပ်မက်အိတ်ကြီးတောင် အလွမ်းရောင်ဆိုတာကိုလေ . . ။


ခရေငယ်(2011/12/15)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပင့်သက်

အဲဒီမြို့အကြောင်းမှာ . . အပြုံးရှားပါးခြင်းကစတယ်။

ကွက်ကြားမိုးလို . . .
အပြုံးတွေကိုယ့်အနားဆီမှာ မပွင့်ရဘူးလို့ တားတဲ့သူကို
ရှာပြီးမုန်းလိုက်ချင်တယ် . .
ကျေးဇူးပြုပြီး . .  မင်း ကိုယ်တိုင်မဟုတ်လိုက်ပါနဲ့ . .

အသွားရော . . အပြန်ရော လက်မှတ်သိပ်ခက်တယ် . .
သေတာထက်တောင် ပိုချင်ပိုမယ် . .

ညှိုးညှိုးငယ်ငယ်မျက်နှာတစ်ခုမှာ မပြောသာ မပြောရက်
အပြောခက်တဲ့ စကားတွေရှိခဲ့မယ် . . လို့
သိချင်သိခဲ့မယ် . . မသိချင်ဟန်ပြုခဲ့မယ် . .

မသိဟန်ပြုခဲ့တယ်ဆိုတာကလဲ
ပြောင်းမရတဲ့ တချို့စိတ်တွေကြောင့်ဖြစ်မယ်လို့
ကိုယ့်ဖာသာ နားလည်သလိုတွေးယူလိုက်တယ် . .

ထောက်ချလိုက်တဲ့ စိတ်ဓါတ်ကို
တစ်ချက်ငဲ့ကြည့်လိုက်ဖို့တောင်
သိပ်ခက်နေတယ်ဆိုမှတော့ . . .
နေပါစေ . . .ကွယ်
တစ်ယောက်တည်း သိမ်းကြုံးငိုလိုက်မှာပေါ့  . .

အားငယ်တာထက် အားငယ်တဲ့စကား . .
ထပ်ရှာမရတော့ဘဲ ပြန်လာတယ် . .

ဒါကြောင့် . . .
ရှိုက်ထည့်လိုက်တယ် . .
ရှိုက်ထုတ်တော့မှာမဟုတ်။


ခရေငယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထွက်ခွာနံနက်ခင်း

မင်းသားက မင်းသမီးနဖူးကိုအနမ်းမှာ
ဇာတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမယ့် . .

အခုတော့ . .
ဗလာဖြစ်လုရင်ထဲက စကားလုံးအပိုင်းတွေ
အလွမ်းရောင် ပိတ်ကားပေါ်မှာ
တစစီ ဆက်နေခွင့်သာရှိတယ် . . ။

ဆောင်းဦးနံနက်ခင်းဆိုတာ အေးသင့်တာလို့ သိပေမယ့်
မနေ့ကထက် ရာသီဥတုပူတယ် . . ။

အိမ်နားက ပိတောက်ပင်လဲ နဂိုထက် အရွက်ပိုကြွေ
ပြတင်းတံခါးနား လာနေကျငှက်တွေလဲ စကားနဲ
မှန်ထဲက အရိပ်မှာလဲ တက်ကြွခြင်း“ ကွယ်” လို့ . . ။

“ ငိုထားသလား” အမေးတွေကို
မကြားယောင်ဆောင် . .
အနွေးဓါတ်မပြယ်သေးတဲ့ လက်တစ်ဖက်ကို
ယောင်နနအကြည့်နဲ့ ငေး . . ။

လွမ်းဖို့ကလွဲ ဘာမှမသိလို့
ရင်ထဲ ၀ုန်းဒိုင်းကြဲရွတ်နေမိတာက
တစ်ကြောင်းတည်း . .

“ ဘယ်တော့ ထပ်လာကြိုရဦးမှာလဲ ”


ခရေငယ်(2011/10/24)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

UCSM (GCCတအုံ ) . . တမ်းချင်း

အဖြူနဲ့ စိမ်းပြာ . . ဒီကာလာတွေဝတ်ထားရင်း
မနက်ခင်းတွေ လူးလဲထ ပေမယ့်
ကားနောက်ကျဖူးတာ ခဏ ခဏ . . .

လေကြမ်းရင်ပြိုတဲ့
အမိုးမလုံ အကာမရှိ ကင်တင်းအိုတွေမှာ
တစ်ခါတစ်လေပေး . . တစ်ခါတစ်လေ အကြွေးနဲ့
အသက်သွေးကို ဆက်ဖူးခဲ့ . . .

ဖုန်ထူထူ နေပူပူမှာ
အေးရိပ်သာယာ ဇီးခြံသာတွေ
ရေပြာဝါစိမ်းတို့နဲ့ မြစ်ငယ်ရဲ့
ဂန္ဒ၀င်ဆန်တဲ့ အလှကဗျာတွေက
ကျောင်းတော်ကို လွမ်းတဲ့ “ လွမ်းချင်း ” မှာတော့
ခမ်းနားခြင်း အပြည့် . . .

မျှော်လင့်ထားတဲ့ စကား ကြားရဖို့
ရွှေကြေးစည်သံကြားမှာ
ဆုတောင်းထားဖူးမယ့်
ကျောင်းတော်ရဲ့ တော်ရုံဖော်မစုံသူများမှာလဲ
ထိပ်ဆုံးက ဗိုလ်စွဲခဲ့ဖူးတယ် . . .

တအုံရဲ့ အဖြစ်များဆုံးရောဂါနဲ့
တက္ကသိုလ်ဆေးရုံ ရဲ့ ဖောက်သည်
တစ်နှစ် ၂ခေါက်မက ဆက်သွယ်ခဲ့ရဖူးတယ် . .

ခပ်ကြပ်ကြပ် ကျောင်းကားလို
တင်းတင်းကြပ် စည်းကမ်းများအောက်မှာ
ရောက်တတ်ရာရာ စိတ်ကူးများစွာနဲ့
တစ်ဖွဲ့စီ တစ်လှည့်စီ လိုက်နာလွန်ရင်း

ခေတ်မီသူတိုင်း အော်တိုစာအုပ် မှာ
နေရာတစ်နေရာ ရဖူးပြန်ရော . . .

မရောက်ဖြစ်တာ ကြာတော့
တို့စိုက်ခဲ့တဲ့ ရေတမာတွေ အပင်မသန်ရင်နေ
အသက်တွေ ကြီးနေရော့မယ် . . .

တို့ရေးခဲ့တဲ့ စာအုပ် တွေလဲ (သိမ်းထားမယ်ဆို)
အရောင်ပြောင်းလို့ ဟောင်းနေရော့မယ် . . .

မကြာမကြာ လာချင်ပေမယ့် (အလည်သက်သက်သာ)
အခြေနေ မပေးတော့လဲ
စိတ်ကူးနဲ့ အဝေးကမှန်း
လွမ်းလိုက်တာ ကျောင်းတော်သာရယ် . . . ။ ။

ခရေငယ်
.........
အော်တိုစာအုပ် = ကျောင်းအုပ်ကြီးရဲ့ ပြစ်ချက်မှတ်တမ်းစာအုပ် . .း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခေငယ်နှင့် သူမ၏ ဦးကို . . :D

ခေငယ်တစ်ယောက်Valentines Day ရောက်တိုင်း . . မန်းလေးလမ်းတွေကို သတိရတယ်။ မန်းလေးက ValentinesDay နားနီးရင် လမ်းမတွေရဲ့ဘေးမှာ ချစ်စရာဆိုင်လေးတွေထွက်တယ်ဗျ။ ပန်းစည်းလေးတွေ ၊ အရုပ်လေးတွေ၊ ကဒ်လေးတွေ ၊ ချောကလက်ဗူးတွေ စသဖြင့် စသဖြင့်တွေ လှတပတ စီရီခင်းကျင်းလို့ အချစ်သီချင်းလေးတွေကလဲလမ်းမတစ်လျှောက် ပျံဝဲလို့ ။ Valentines ချိန်မှာ မန်းလေးက လှမှလှ ။ ခေငယ်တို့ကျောင်းတက်တုန်းကလဲအဲ့ချိန်ဆို ညတွေထိဖွင့်တဲ့ ဆိုင်လေးတွေကို လိုက်ငေးရတာ ပျော်စရာကောင်းတယ်။ ဒါမယ့်အဲ့ဆိုင်လေးတွေက ချောကလက်တော့ တစ်ခါမှဝယ်မစားခဲ့ရ ချစ်သူကိုလဲ ၀ယ်မပေးခဲ့ရဖူးဘူးဗျာ။အမယ် . . ခေငယ်ရည်းစားမရှိဘူးလို့တော့ အထင်မသေးနဲ့။ အဲ့ချိန်ရောက်တိုင်း ပိုက်ဆံပြတ်နေတတ်တာကအဓိကပြသနာပါ။ ဒါမယ့် ချောကလက်မစားရလို့ ဘာမှမဖြစ်ပေါင်။ ချောကလက်ကို စားရတာ ပျင်းတွဲတွဲကြီးနဲ့ဖီးလ်မလာဘူးရယ်လို့ ခေငယ်တစ်ယောက် မကြိုက်မှမကြိုက်ဘဲကိုး။ စားရင်လဲ ဟိုနားကပ် ဒီနားကပ်နဲ့ပါးစပ်ထဲမှာ အလုပ်ရှုပ်ချက်ဗျာ။ ကြေကွဲရတယ်ဆိုတာက သူများတွေဝယ်လို့ ကိုယ်လဲဝယ်ချင်တာမှာပိုက်ဆံက ပြတ်ပြတ်နေတတ်တော့ အဲ့ချိန်ဆို ကြေကွဲတာပါ။ ဒါမယ့် ရည်းစားကိုတော့ ချောကလက်ဝယ်ပေးဖို့မပူဆာဖူးဘူး။ ဂလိုနဲ့ရည်းစားတွေအစဉ်ဆက်ထားလာရင်း. . ခေတ်အဆက်ဆက်မှာ ချောကလက်ကို မေ့လျော့စွာဖြတ်သန်းလာတယ်ပေါ့လေ။

ဟိုတလောက. . ရုံးမှာညီမတစ်ယောက်က ချောကလက်ဗူးကြီးတစ်ဗူးဝယ်လာပြီး စားဖို့လာပေးထားတယ်။ အလုပ်လုပ်ရင်းတခြားစားစရာကလဲမရှိဆိုတော့ ပါးစပ်အားတိုင်း ဒါကြီးဖွင့်ဖွင့်စားနေလိုက်မိတာပဲ။ ဒီလိုနဲ့မသိမသာ . . ချောကလက်မရှိရင် စိတ်ထဲဟာတာတာဖြစ်လာပြီး တစ်သက်နဲ့တစ်ကိုယ် မကြိုက်ခဲ့တဲ့ချောကလက်ကြီးကို ခေငယ်တစ်ယောက် စွဲသလိုလိုဖြစ်လာရောဆိုကြပါစို့။ ဒါနဲ့ ဈေးဝယ်ထွက်ရင်ချောကလက်တွေလိုက်ရှာတဲ့အလုပ်တစ်ခု တိုးလာရော။ ပြီးတော့ ချောကလက်စားရင် ၀တယ်ဆိုတာလဲသဲ့သဲ့ကြားဖူးထားတော့ ငဖောင်ရိုးဘ၀က လွတ်လိုလွတ်ငြား ချောကလက်ကောက်ရိုးတစ်မျှင်ကိုဆွဲမိတာလဲပါတာပေါ့။

ဂလိုနဲ့ ဟိုတလောတုန်းက(စကားလုံးအသုံးနှုံးတော်ချက်ကတော့ ဟိုတလောတွေကိုထပ်လို့ . . :D) ချစ်သူကမေးတယ်။ “ ခလေးဆီ . . လက်ဆောင်ပို့မလို့ ဘာလိုချင်လဲ” တဲ့။ ဒီတော့ ခေငယ်ကပြန်ပြောလိုက်တယ်
“ ဟေ့ . . ချစ်ချစ် . . ချောကလက်ဆက်သစမ်း”ပေါ့။(စာရေးတာကခေငယ်ရေးတာဆိုတော့ . . ခေငယ်ဘုရင်မစတိုင်လုပ်ကြည့်တာ . . ဟီးဟီး။တကယ်ပြောတာတော့အဲ့တိုင်းဘယ်ဟုတ်မတုန်း “ ခေငယ် ချောကလက်စားချင်လို့ဦးကို” ပေါ့ကွယ်)
“ ဟော ချောကလက်က အရည်ပျော်မှာပေါ့ .. အဲ့ရောက်ရင် စားလို့ဖြစ်တော့မှာမုတ်ဘူး ခလေးရဲ့။တခြားဟာ စဉ်းစား” ဆိုတော့လဲ “ ဟေ့အေးချောကလက်မှ ချောကလက်ပဲ။ မပျော်အောင် သိပ်ကောင်းတာ မပို့နဲ့။ ပြီးတော့ ပျော်လဲ အပြင်မထွက်နိုင်တဲ့အိတ်ပိတ်ချောကလက်ပို့ ” စသဖြင့် တသီတတန်းမှာလွန်းမက မှာတော့ နောက်ဆုံးမှာ
“ အွန်း ပို့လိုက်မယ်. . မနက်ဖြန်သွားဝယ်မယ်” ဆိုတဲ့စကားကို ပြန်ရရော။ပြီးတော့
“ ခလေးရေ ပါဆယ်ပို့ထားပြီ ” ဆိုတဲ့ စကားလေးရတယ်။

ဒီတော့ ရုံးကညီမလေးကို“ ဟေ့လူ ကျုပ်ချစ်ချစ် ချောကလက်ပို့မယ်ပြောထားတယ်။ ၀ါးစရာရတော့မယ်” လို့ ပြောပြတော့ . .
“ ဟာ . . ပျော်စရာမီးတို့ကိုလဲကျွေးနော် အမ ” ဆိုတော့ မျက်နှာလိုမျက်နှာရ “ အေး . . ကျွေးမယ်။ များကြီးပို့ခိုင်းထားတယ်”ပေါ့။ ချစ်သူပို့ပေးမှာဆိုတော့ကြားထဲမှာ ဘာချောကလက်မှ မစားဘူး။ စားချင်စိတ်ကိုမြိုသိပ်ပြီး ဘယ်တော့များ ရောက်လာမလဲနဲ့ မျှော်လင့်နေတော့တာ။

ဂလိုနဲ့ ရုံးမှာပါဆယ်ရောက်သည်။ ပါဆယ်လက်ခံ။ ချောကလက်ပါဆယ်ထုပ်ကြီးတမမနဲ့ ပြုံးပျော်ရွှင်နေတဲ့ ခေငယ်ဖြစ်ရပြီ။ဒါမယ့် ချောကလက်ပါဆယ်ကလဲ မ ရတာတော့ ပေါ့သလိုလိုကြီး။ အရည်ပျော်လို့ထွက်ကျကုန်လား ဆိုပြီးလိုက်ကြည့်တော့လဲဖောက်ရာ ပေါက်ရာမရှိ အကောင်းပကတိ။ ဒါဆို ကိုယ့်စကားနဲ့ကိုယ် သိပ်မကောင်းတဲ့ ချောကလက်များပို့လို့ပေါ့ပေါ့ကြီးဖြစ်နေသလား။ “ အမ . . မီးတို့လဲစားမှာနော် ” ဆိုတော့ “ ဒါပေါ့.. ကျွေးမယ် ” ဆိုပြီး ချစ်သက်လက်ဆောင် ချောကလက်ပါဆယ်ကြီးကို ဖွင့်လိုက်တော့ . . . အဖြူရောင်အင်္ကျီတထည် အစိမ်းရောင်အင်္ကျီတထည် . . စာတစောင်တို့က ခေငယ့်ချောကလက် မျှော်လင့်ချက်ကြီးကိုပြောင်ပြနေကြတယ်။

စာထဲမှာ “ ခလေး . . ဦးကိုချောကလက်သွားဝယ်ရင်း အင်္ကျီတွေတွေ့လို့ဝယ်လိုက်တယ်။ပြီးတော့ ချောကလက်က ခလေးရဲ့အင်္ကျီတွေကို စွန်းမှာစိုးလို့ မထည့်ပေးလိုက်တော့ဘူး။ နောက်မှ သတ်သတ်စားတော့နော်” တဲ့ဗျာ။ တခါတခါ ချောကလက်ဆိုတာ ဒီလိုပဲ အင်္ကျီအဖြစ် အသွင်ပြောင်းသွားတတ်တယ်။

ဒီတစ်ခါထဲတော့မဟုတ်ဘူးဗျ. . ခေငယ့်ချစ်သူက အဲလိုတခါတလေ ခဏဏအူကြောင်ကြောင်နိုင်ပြီး ချစ်စရာကောင်းတယ်။

ကပ်တိုးလေးကြွားရဦးမယ်။သူများတွေရည်းစားတွေကိုဆို နတ်သမီးလေး . . ကလီယိုပက်ထရာလေး စသဖြင့် တင်စားကြတာတွေ ရှိတယ်မဟုတ်လား။အဲလိုလှတာမလှတာအသာထား ကြားရတဲ့ချစ်သူကတော့ ပျော်သွားတာပေါ့။ ခေငယ့် ချစ်သူကလဲ ခေငယ့်ကိုတင်စားတာလေးတွေရှိတယ်။ သူက ကဗျာရေးတဲ့သူဆိုတော့စကားလုံး အနုအရွလေးတွေ သုံးတတ်တယ်။ ခေငယ့်ကို ဘယ်သူနဲ့တင်စားလဲဆိုတော့ . . မိုက်ကယ်ဂျက်ဆင်ငယ်တုန်းကမဲမဲလေးပုံနဲ့တူသတဲ့ . . နောက် ရော်နယ်ဒင်ဟိုလေးတဲ့။ ခေငယ် စိတ်ကောက်တိုင်း မိုက်ကယ်ဂျက်ဆင်လေး. . ရော်နယ်ဒင်ဟိုလေးဆိုပြီး လာလာချော့တတ်တယ်။သူတို့လိုအောင်မြင်လို့ တော်လို့ အဲလိုတင်စားတာလို့ တွေးရအောင်ကလဲအဲလို မတော် . . မအောင်မြင်တော့ ခက်သား။ တသက်လုံးမကောက်နေနိုင်လို့သာ ပြေလိုက်ရတယ်. . သူ့ချော့ပုံနဲ့သာဆို ချော့မှုတစ်မှုတိုးပြီး ထပ်တောင်ကောက်ရမလိုပဲ။ တော်ကြာ မပြေသေးလို့ ဘင်လာဒင်လေးလို့ ချစ်စနိုးထပ်တိုးခေါ်နေရင်မခက်လားကွယ်။

တခါတော့. . သူများဂျီတော့စတေးတပ်မှာ
boy . ." Close Your Eyes ."
girl .. She closes her eyes.
boy .. " What do you see?"
girl .. "Nothing"
boy . . " This is my life without you." ဆိုတာလေးတွေ့တော့. . တော်တော်သဘောကျသွားတယ်။ ချစ်သူက ခေငယ့်တွက်အဲလိုပဲလို့ တင်စားချင်လာရော။ ဒါနဲ့ လှမ်းခေါ်တယ်။

ခေငယ် .. “ ဦးကိုရေ ”
ချစ်ချစ်. . “ ပြော ခလေး”
ခေငယ် .. “ မျက်စိမှိတ်ကြည့် . .ခဏပဲမှိတ် ပြီးရင်ပြောဦး”ပေါ့ . . မှိတ်နေလို့ခေငယ်မေးတာတွေ မဖတ်တော့ရင် ဂွမ်းပြီကိုး။ အဲ့တော့ ခဏပဲမှိတ်ခိုင်းလိုက်တာပေါ့။
ချစ်ချစ်. . “ ဟော . . ဘာလုပ်မလို့တုန်း ”
ခေငယ် .. “ ခဏ မှိတ်ပါဆိုကွာ . . ပြီးတော့ ပြောမယ်လို့ပါဆို”
ဒီလိုနဲ့. .
ချစ်ချစ်. . “ ပြီးပြီ ခလေး ” ဆိုတော့
ခေငယ် .. “ ဘာမြင်ရလဲ ” ပေါ့ တလက်စထဲ ချက်ဘောက်စ်ထဲမှာ“ အဲဒါ ဦးကိုမရှိတဲ့ ခေငယ့်ဘ၀ပေါ့ . .း) ” ဆိုတာကို ရိုက်ထားလိုက်ပြီ။ သူဖြေလိုက်တာနဲ့Enterခေါက်ရုံပဲ။

ဂလိုနဲ့ ဖြေလာတယ်. . “ ခလေးကို မြင်တယ်” တဲ့ . . .း(

အဲ့တော့ တွက်ကိန်းလွဲသွားတဲ့ခေငယ်တစ်ယောက်ရိုက်ထားလက်စလေးပြန်ဖျက်ပြီး မဟုတ်ဘဲညာရမလားလို့ ရန်လုပ်လို့မဆုံးတော့။
တခါတခါ အမြဲနီးပါး(တခါတခါက ဖော့ရေးချင်လို့ ထည့်ထားတာ :P)အဲလိုပဲ ၂ယောက်ကြားမှာ တလွဲတွေ။

ခရေငယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချမ်းသည်

မိုးတွေရွာလာပြီ . .
အတွေးနဲ့ ပလက်ဖောင်းပေါ်လျှောက်လာရင်း ထီးကိုဖွင့်ဆောင်းလိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားလိုက်မိတော့ ထီးဖွင့်ဆောင်းပြီးလမ်းလျှောက်နေတာ ကျွန်မတစ်ယောက်တည်းပါလား။ တကယ်က မိုးစက်သေးသေးလေးတွေ ဖွဲဖွဲကျတာတောင်မဟုတ်သေးဘူး။ တကယ့်သေးသေးလေးတွေက တစ်ခါတစ်လေမှ ကျလာတာမျိုး ဘယ်သူက ထီးထုတ်ဆောင်းမှာလဲ။ ကျွန်မဆို ခါတိုင်းမိုးစက်တွေခပ်စိပ်စိပ်ကျလာသည်ထိ ခပ်သည်းသည်းရွာတာမဟုတ်သည်ထိ ပေတေပြီး ဒီတိုင်းလျှောက်နေတတ်သေးတာ။ တော်တန်ရုံမိုးရွာတာလောက်များ . . ရန်ကုန်နဲ့အတူအသားကျလို့ သိပ်ဂရုမစိုက်ဖြစ်ဘူး။

ဒါပေမယ့် ခု တစ်ခါတစ်လေမှ သေးသေးလေးတစ်ပေါက်လောက်ကျတဲ့ မိုးစက်လေးတွေကို အလန့်တကြား ထီးထုတ်ဆောင်းနေမိတဲ့ စိတ်အခြေအနေကို သတိရသွားတယ်။ နာကျင်ထိတ်လန့်တတ်တဲ့စိတ်က မိုးစက်သေးသေးမှုန်မှုန်လေးဒဏ်ကိုတောင် အသည်းခိုက်မတတ် ကြောက်ရွံ့နေပြီလား။ ကျွန်မတစ်ယောက်တည်း ဆောင်းနေတာမို့ ထီးကိုပိတ်ပစ်လိုက်ရကောင်းမလား။ ဒါပေမယ့် ပိတ်လိုက်ရင်လဲ သူများတွေသတိမထားမိတဲ့ မိုးစက်သေးသေးလေးတွေဒဏ်ကို ကျွန်မအလူးအလဲ ခံနိုင်ပါ့မလားတွေးလိုက်တော့ မပိတ်ဖြစ်တော့ဘူး။ တစ်လမ်းပြီးတစ်လမ်းဖြတ်လျှောက်လာရင်း . . ကျွန်မနေတဲ့နေရာဆီ ရောက်လာခဲ့တယ်။

လေတိုးနေတာကို သိတယ်။ ဘာကြောင့်ဆို ကျွန်မချမ်းနေခဲ့တယ်လေ။ ဟိုးး . . ဒီဇင်ဘာတုန်းကရခဲ့ဖူးတဲ့ အေးစက်ခြင်းမျိုး။ ဟိုး . . ဒီဇင်ဘာတုန်းက ရေခဲမှုန်ပါတဲ့လေတွေ စိတ်ဖျားတဲ့အချိန်ဆို ကျွန်မကိုချမ်းခိုက်ခိုက်တုန်စေတယ်။ မုန်းတယ် ဒီဇင်ဘာ . . ရက်စက်ဖို့ရည်ရွယ်ရင်ကျွန်မရဲ့မိုးရာသီထဲဝင်မလာနဲ့။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“လျှို့ဝှက်ဆန်းကျယ် ပေါတောတောပို့စ် ”


“ အမ ဂမုန်းနက်ကိုသိလား . . သမီးအဲဒါစားချင်လို့”
လှည်တန်းက ရွှေမှာ ပဲကြာဆံသုတ်စားနေရင်း မဆီမဆိုင် မေးလာတဲ့ မေဇွန့်အမေးကို
“ အွန်း . . ဘာကြီးတုန်း သိဘူး . . ၀ါးစရာလား” ဆိုတော့
“ ဟုတ်တယ် စားလို့ရတယ် ။ တအားရှားတယ်လေ ။ တစ်ခါစားထားရင် ဗိုက်မဆာတော့ဘူးတဲ့ ။ သမီးလဲ ၀တ္ထုစာအုပ်တွေထဲက တောတွင်းအတွေ့အကြုံတွေထဲမှာ ဖတ်ဖူးတာ ။ ဂမုန်းနက်တစ်ခါစားထားပြီးရင် ဗိုက်မဆာတော့ ကောင်းတယ်လေ ။ အခုလဲ ရှိရင်ကောင်းမယ် ” တဲ့။ ဒီကောင် ၀တ္ထုတွေဖတ်ပြီး စားချင်လာပုံရတယ်။ “ ဟာ . . ဗိုက်မဆာဘူးဆိုရင် စားရသက်သာပေမယ့် ပျင်းတော့ပျင်းစရာကြီးထင်တယ် ။ ပဲကြာဆံသုတ် လေးဘာလေး
တစ်ခါတစ်လေစားဖို့တောင် အစာစားချင်စိတ်မရှိရင်. . စားလို့အရသာမရှိဘူးဖြစ်မှာပေါ့ ။ ပိုက်ဆံရှိတဲ့ချိန်တော့ အစာမစားချင်တာက ပျင်းစရာကြီးဖြစ်မယ် ထင်တယ်” လို့ ပြန်ပြောလိုက်တယ်။  ဟုတ်တယ်လေဗျာ . . အစာစားဖို့စိတ်မရှိရင် သူများတွေကိုယ့်ရှေ့မှာ အားရပါးရစားပြနေလဲ . . ကိုယ်ကတော့ အရသာမခံစားတတ်တဲ့ နလပိန်းတုန်းကြီးလို စပ်တယ် ၊ ချဉ်တယ် ၊ ငန်တယ် ၊ ခါးတယ် ဘာမှမရှိ စိတ်လှုပ်ရှားစရာမရှိ အစာမစားချင်တဲ့စိတ် တပြေးတည်းကြီးဆီမှာ
ဘယ်လောက် ပျင်းဖို့ကောင်းတုန်း။ တစ်ခါတစ်ခါ နတ်ပြည်တို့ဘာတို့အကြောင်း လူတွေပြောသလောက်တွေးမိရင် . . စာမေးပွဲတွေဘာတွေ မရှိတော့ ကျလို့ဝမ်းနည်းစရာလဲမရှိ အောင်လို့ဝမ်းသာစရာလဲမရှိ တပြေးတည်းခံစားမှုကြီးက စိတ်လှုပ်ရှားစရာတော့ မရှိဘူးဖြစ်နေတာပေါ့။ ဒီတော့ နတ်ပြည်သွားမနေတော့ဘူး . . ခွေးဖြစ်တာကမှ အမဲသားစားရတဲ့နေ့ဆိုပျော် ၀ါးတီးမမိုက်တဲ့နေ့ဆို ၀မ်းနည်းနဲ့ နည်းနည်းပိုစိတ်လှုပ်ရှားဖို့
ကောင်းသေးတယ် ဟုတ်ဖူးလား။ (ခွေးဖြစ်ချင်စိတ် တအားများနေပုံကတော့ နတ်နဲ့ခွေးတောင် ခွေးဖက်မျက်နှာလိုက်လိုက်သေးတယ် :P)

မေဇွန်က ဆက်ပြောတယ် . .
“ ပြီးတော့ ဂမုန်းနက်က တစ်သက်လုံးမဆာတာတော့ မဟုတ်ဘူးတဲ့အမရ ။ အချိန်အတိုင်းအတာတစ်ခုအထိပဲ မဆာတာတဲ့ ။ အဲ့တော့ ဒီလတစ်ခုခုဝယ်စရာရှိတယ်ဆို ဂမုန်းနက်စားထားပြီး ၀ယ်ပစ်လိုက် ။ အစာစားဖို့ ပိုက်ဆံမရှိတာကို စိတ်မပူရတော့ဘူးလေ အမရ” ဆိုတော့ . . အဲဒါကို သဘောကျသွားတယ် . . ။ လကုန်ခါနီးလောက်ဆို ပိုက်ဆံပြတ်ပြတ်နေတတ်ပြီး စားဖို့သွားဖို့ ပူပန်ရတဲ့ဆီကနေ အဲဒီ ဂမုန်းနက်ဆိုတာစားပြီး အေးဆေးဒူးနန့်နေလို့ရရင် မဆိုးဘူးလို့ တွေးမိတာကိုး။ အွန်း ဒါတောင် ခေငယ်ပိုက်ပိုက်အသုံးတတ်ပုံနဲ့က လကုန်ခါနီးတောင်မဟုတ်ပါဘူး . . လအစလောက်ဆိုရင်တောင် စစားရလောက်တယ်။ ဒီတစ်ခါရုံးလေးဘာလေးပိတ်ရင်
ရခိုင်ရိုးမထဲသွားပြီး ဂမုန်းနက်ရှာရကောင်းမလား ။

အဲလိုသာဆို NGO တွေဘာတွေလဲ မရှိဆင်းရဲသားနဲ့ ဒုက္ခသည်တွေကို ဆန်လှူတာတို့ စားစရာလှူတာတို့ထက် ဂမုန်းနက်ရှာပြီး လှူသင့်တယ် ။ ရေကြီးလို့ လယ်တွေပျက်သွားလဲ မပူရဘူး။ ဂမုန်းနက်စားပြီး နေရုံပဲ။ လူတွေများ အပင်ပန်းခံပြီး အစာစားရဖို့ အလုပ်တွေလုပ်နေလိုက်ကြတာ ။ ဂမုန်းနက်သာ ရှိရင် စား ၀တ် နေ မှာ စားအတွက် မလိုတော့ဘူး ။ ၀တ် . . နေအတွက်ပဲ လုပ်ရတော့မယ်။ ဒါ့အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ဂမုန်းနက်က အဓိကဇာတ်လိုက်ဖြစ်လာတော့မှာဆိုတော့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးအကြံပေးတွေလဲ ဒီဂမုန်းနက်ရှာပြီး မျိုးယူတာတို့ ဂမုန်းနက်ထုတ်လုပ်တာတို့ ဂမုန်းနက်သုတေတနတို့ လုပ်ဖို့ အကြံပေးသင့်တယ် ။ ဒီလူတွေ စီးပွားရေးဘာကျမ်းညာကျမ်းကြီးတွေထက် တောတွင်းမုဆိုးဝတ္ထုတွေပိုဖတ်သင့်တယ်လို့ ထင်တယ် ။
ဒါမယ့် ဒီဂမုန်းနက်ရှာဖွေရေးကို လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ဖွင့်တဲ့လူတွေကတော့ ဘယ်အားပေးမလဲ ။ အစာစားဖို့မစဉ်းစားတော့တဲ့ လူတွေကြားမှာ ရွှေကောင်းက ဆိတ်ကောင်လုံးကင်ဆိုတာလဲ မျက်နှာငယ်လိုက်မယ့်အဖြစ်။ ပြီးတော့ . . ဂမုန်းနက်နဲ့သာဆိုရင် YKKOရှေ့ကလဲ ဂလုဂလုနဲ့တံတွေးမြိုချပြီး ဖြတ်လျှောက်ရမယ့်အဖြစ်တွေ မရှိနိုင်တော့ဘူး ။ ဒီတော့ ဆိုင်တွေက လာစားမယ့်သူတွေတိုးလာအောင် အစားအသောက်ကို အဓိကမဟုတ်ဘဲ တခြားစွဲလန်းစရာတွေနဲ့ ဆွဲဆောင်လာကြရတော့မယ် ။ ဆိုင်လာမယ့်သူတွေရဲ့ အစာစားချင်စိတ်ထက် တခြားလိုအပ်ချက်တွေကို ထည့်စဉ်းစားပြီး ၀န်ဆောင်မှုတွေ ပေးရတော့မယ် မဟုတ်လား။

အဲလိုဆိုမှ စဉ်းစားမိတယ် . . မြန်မာမှာ အစားအသောက်ကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင်းတွေကြောင့် လူစည်နေတဲ့ စားသောက်ဆိုင်နာမည်ခံတွေရှိနေတာ ကြာပါပကော။ အဲလိုဆိုင်တွေသွားတဲ့လူတွေက အစားအသောက်စားဖို့ထက် တခြားအကြောင်းတွေကြောင့်က ပိုနေတတ်တယ်။ ဒီတော့ . . အဲလိုလူတွေက ဂမုန်းနက်ရထားတဲ့လူတွေများလား။ မသေတော့ မသေချာပေမယ့် ဖြစ်နိုင်ချေတော့ ရှိတယ်။ ရိုးမသွားပြီး ဂမုန်းနက်မရှာဘဲ ဒီလူတွေဆီက ကပ်တောင်းတာက ပိုသေချာမလား။ (လိပ်စာကဒ်တောင်းတာမဟုတ်ပါ . . :D) ဂလိုတွေးမိတော့ . . ဟ တစ်ချို့လဲ အဲဒါလုပ်နေကြတာပါလား။ ဒီလိုလူတွေနဲ့ရင်းနှီးအောင်ပေါင်းပြီး ဂမုန်းနက်တောင်း ကိုယ်ရှာတဲ့ပိုက်ဆံတွေကို တခြားအလှအပတွေ ဖုန်းတွေ ကားတွေဆီမှာ အကုန်အကျခံနိုင်နေကြတဲ့သူတွေလဲ ရှိသဟလို့ တွေ့ပြန်ရော။ ဒါဆို ဂမုန်းနက်ကတော့ မြန်မာနိုင်ငံမှာ လျှို့ဝှက်ပြန့်ပွားနေတာ သေချာနေပြီ ။ ခေငယ်တစ်ယောက် အသိနောက်ကျလေခြင်း။

နောက်ဆက်ပြီး ခေငယ်က “ ဒါဆို စားဖို့ပိုက်ဆံ တအားရှိတဲ့လူကျ ဂမုန်းဖြူတွေစားရမှာထင်တယ် ။ ဂမုန်းဖြူဆိုတော့ ဂမုန်းနက်နဲ့ပြောင်းပြန် ခနတိုင်းစားချင်သောက်ချင် ဖြစ်မလားမသိဘူး ”လို့ပြောတော့ . . မေဇွန်က “ ဟားဟား . . အဲလိုသာဆို သမီးတို့ ဂမုန်းဖြူမစားမိအောင် အသေအလဲရှောင်ရမယ် ” တဲ့။

အခုတလော ဟိုဟာစားချင် ဒီဟာစားချင်ဖြစ်ဖြစ်နေတာ ခေငယ်ကိုယ်တိုင်မသိလိုက်ဘဲ ဂမုန်းဖြူများ စားမိသလား။ စားချင်စိတ်သာရှိပြီး ၀ယ်စားစရာပိုက်ဆံမရှိတော့ ပါးခြုပ်တပ်ပြီး မြက်ခင်းထဲလွှတ်ခံရတဲ့နွားလို မြင်သာမြင်ရ မကြင်ရတဲ့ဘ၀ ။ ဒါ ခေငယ်ဝယ်စားနေကျ ထမင်းဆိုင်လက်ချက်ပဲဖြစ်ရမယ် ။ စားချင်စိတ် အချိန်တိုင်းဖြစ်နေတာ ဘာလို့လဲလို့ စဉ်းစားမရတာ . . အခုတော့ သိပြီ ။ ဒီလိုလုပ်ကြံလို့ ရရိုးလား ။ စားနေကျ လမ်းဘေးဆိုင်ကို FDA နဲ့တိုင်ရမယ်။

“ အမ . . ၀ပြီလား . . သမီးတော့ မ၀ဘူး ” လို့ နံရိုးပေါင်းကော်ရည်တစ်ပန်းကန်စားအပြီးမှာ မေဇွန်က  ခေငယ့် ပဲကြာဆံပန်းကန်ပြောင်လေးကိုကြည့်ရင်း မေးတော့ . .
“ ဟေ့အေး . . မ၀ဘူး . . ဒါမယ့်ထပ်မစားတော့ဘူး ။ အိမ်မှာ မနက်က ဟင်းဝယ်ထားတာ ကျန်သေးတယ်။ ကျုပ်ကြိုက်တဲ့ဟင်း ရှိတယ်။ ချဉ်ပေါင်ကြော်နဲ့ ငါးဥကြော် ။ ပြန်ရင် ထမင်းစားဦးမှာ ” လို့ ပြောလိုက်တယ်။ “ အော . . အမက ငါးဥကြိုက်တာလား” တဲ့ ။
 “ ဟုတ်ဖူး . . ကျုပ်ဝယ်စားတဲ့ဆိုင်လေးက ဘာဟင်းမှချက်တာ မကောင်းဘူး။ အသားလဲဒီအရသာ . . အရွက်လဲ ဒီအရသာ . . ဘာမှစားမကောင်းဘူး ။ ဒါမယ့် ချဉ်ပေါင်ကြော်တစ်ခုတော့ ကောင်းသဟ ။ အဲ့ဆိုင်မှာ ကျုပ်အကြိုက်ဆုံးက ချဉ်ပေါင်ကြော် ” လို့ ပြန်ပြောဖြစ်တယ်။

ခေငယ်ဝယ်စားတဲ့ဆိုင်က ချဉ်ပေါင်ကြော်က စားလို့အတော်အဆင်ပြေတယ် ။ သွားဝယ်တာနောက်ကျတဲ့နေ့ဆို ချဉ်ပေါင်ကြော် မရတော့ဘူး။ တခြားဟာစားပေတော့ပဲ ။ အဲ့တော့ ချဉ်ပေါင်ကြော်ရလာတဲ့နေ့ဆို ထီပေါက်သလိုပဲ ၀မ်းသာတယ်။ ထီတော့ မပေါက်ဖူးပေမယ့် ခေငယ်က ချဉ်ပေါင်ကြော်ရတဲ့နေ့ဆို ပျော်တော့ . . အော ထီပေါက်တဲ့လူတွေလဲ ငါ ချဉ်ပေါင်ကြော်ဝယ်လို့ရသလိုပဲ ၀မ်းသာမှာပါလားလို့ တွေးမိတာကိုး :P . . ။

ဒါနဲ့ ဒီနေ့မနက်ကျ . . အင်တာနက်မှာ ဂမုန်းနက်လို့ ရိုက်ရှာလိုက်တော့ . . ဂမုန်းနက်က ဆရာကြီးရွှေဥဒေါင်းရဲ့ ဘာသာပြန် ၀တ္ထုတစ်ပုဒ်နာမည်လို့လဲပြတယ်။ ပြီးတော့ http://www.thupyadict.com/ မှာကျ ဂမုန်းမျိုး ၃၁ပါးမှာ ဂမုန်းနက်က အာဟာရသိဒ္ဓိမြှောက်တယ်လို့ မရေးထားပေမယ့် ကိုယ်ပျောက်တယ်ဆိုပါလား ။ သုဝဏ္ဏဓမ္မရာဇ်ဖြစ်၏ ဆိုတာက ပါသေးတယ် ။ အဲဒါကိုတော့ ဘာဖြစ်တယ်မသိဘူး ။ ခေငယ်က ဗဟုသုတကြွယ်ဝတယ်ဆိုတော့ ဘယ်လိုလုပ်သိလိမ့်မတုန်း ။

ဟော . . ပြောရင်းဆိုရင်း နေ့လည်စာစားချိန်တောင်ရောက်ပြီ . . ဂမုန်းနက်မစားထားတော့ ဗိုက်ဆာလိုက်တာ။ ဂမုန်းနက်ကြော် (အဲလေ) ကန်စွန်းရွက်ကြော် စားဖို့ သွားမှ။ နောက်နေ့တွေကျ မေဇွန်ပြောတဲ့ ဂမုန်းနက်အကြောင်းပါတဲ့ တောတွင်းအတွေ့အကြုံစာအုပ်တွေ ငှားဖတ်ရဦးမယ်။ ဒါမှ ဘယ်နားရှာရမယ်သိအောင်ပေါ့ . . နောက်နေ့တွေ လတော်တော်များများ ခေငယ်ပျောက်နေရင် စိတ်မပူကြဖို့ အားလုံးကိုမှာခဲ့ရမယ် . . ဂမုန်းနက်သွားရှာတယ်လို့ . . မှတ်ယူကြပါကုန်ပေါ့ . . . :D . . ။


မေဇွန်နဲ့ပြောရင်း ပေါက်ကရတွေးမိလို့ ရေးထားတာ . .

ခရေငယ်(2011/08/31)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“အ၀တ်အစားဆိုတာ ၀ယ်ပြီးရင်တဖြည်းဖြည်းကြီးလာတတ်တယ် ”

ခေငယ်လူကောင်တအားသေးတာ သူငယ်ချင်းအကုန်နီးပါး သိကြတာများပေမယ့် ဘာလို့ လူကောင်တအားသေးလဲလို့ မသိကြတဲ့သူများတယ်။ ခေငယ်မို့ အင်းကျီ ဘောင်းဘီများဝယ်ပြီဆို ငယ်လေးထဲက ၀ယ်ထားတဲ့အင်းကျီတွေလဲ ခုထိဝတ်လို့ရသေးတယ်။ အ၀တ်အစားနဲ့ပတ်သက်လို့ ခေငယ့်ကိုယ်ပိုင် သီအိုရီက
“အ၀တ်အစားဆိုတာ ၀ယ်ပြီးရင်တဖြည်းဖြည်းကြီးလာတတ်တယ် ” တဲ့လေ။

ဟုတ်တယ် ခေငယ်ဝယ်ဖြစ်သမျှ ဘောင်းဘီဆိုလဲ ဘောင်းဘီမို့ အသေးဆုံး စမောဆိုဒ်ကို ၀ယ်လိုက်ပြီး ဆွဲကျယ်အသားမျိုးမဟုတ်ဘဲ ဒီတိုင်းရိုးရိုးဂျင်းသားပုံမှန်လိုမျိုးဆိုရင်တောင် ၃ ခါ ၄ ခါလောက်ဝတ်လိုက်ပြီးရင် ဒူးနားက ပွတာလိုလို ခါးကချောင်တာလိုလို ခြေသလုံးကပဲမတော်တော့တာလိုလိုနဲ့ နောက်ဆုံးကျ ၀တ်လို့ အဆင်မပြေတော့တာမို့ ဒီတိုင်းထားလိုက်ရတာတို့ သူများပေးလိုက်ရတာတို့ချည်းပဲ ။ သူများကိုပေးတာကလဲ
ကလေးတွေကိုပဲပေးလို့ရတာလေ ရွယ်တူထဲက ခေငယ်လောက်သေးတာ ဘယ်သူမှမှမရှိတာ။ စ၀ယ်တော့ ခပ်ကျပ်ကျပ် နောက်တော့ ရက်ပ်ပါဘောင်းဘီတွေလို ချောင်ဂလောင်တွေဖြစ်ကုန်ရော။ စိတ်ပျက်ချက်။

သူငယ်ချင်းတွေကို ခေငယ့်အ၀တ်အစားသီအိုရီပြောပြရင် သဘောမတူကြတာများတယ် ။ သူတို့တော်တော်များများရဲ့ သီအိုရီက အ၀တ်အစားက ဟောင်းသွားလို့ဝတ်မရတော့တာရယ် သေးသွားလို့မတော်တော့တာရယ်ပဲရှိသတဲ့။ ကြီးလာတယ်ဆိုတဲ့ကိစ္စကို ဘယ်သူမှလက်မခံကြဘူး။ ခေငယ့်မှာလဲ အ၀တ်အစားကကြီးလာတာမဟုတ်ရင် ငါများတဖြည်းဖြည်းသေးလာလားဆိုပြီး စိတ္တဇ ခဏဏဖြစ်ရတယ်။

ခေငယ်ဆို ငယ်ငယ်ထဲက တစ်ချို့ကိစ္စတွေကို ကိုယ့်ဖာသာအဖြေမရှာဘဲ လက်လွတ်စပယ်ပေးထားတဲ့ အဖြေတွေကို အဖြေမှန်ပဲလို့ ထင်ထင်နေမိတတ်တယ်။ ဥပမာ ခေငယ်တို့မြို့လေးရဲ့အိမ်ရှေ့က ရေမြောင်းတွေမှာ “ တုတ် တုတ်” ဆိုတဲ့အသံမျိုးဆို ခေငယ့်စိတ်က ဒါ ခရုတုတ်သံပဲ လို့ထင်နေရော။ အဲဒါ အခုအသက်ကြီးသည်ထိ အဲလိုပဲရုတ်တရက်ဆိုတွေးမိတုန်း။ ခရုတုတ်သံလို့အရင်တွေးလိုက်တယ်။
ပြီးတော့မှ ခရုကမအော်တတ်ဖူးလေလို့ ပြန်တွေးပြီး အဲဒီအသံဟာ ခရုတုတ်သံမဟုတ် ဆိုတာမျိုး ပြန်ပြင်ရတယ်။ အဲဒီမှာ ခရုတုတ်သံလို့ ထင်ထားတာကို မဟုတ်ဘူးလို့ပြန်တွေးရတော့ ခရုအော်သံလေးဆိုပြီး သာယာနေတဲ့ ကြည်နူးမှုလေးတော့ ဆုံးရှုံးသွားတာပေါ့။ ဒါကြောင့် တစ်ချို့ကိစ္စတွေက အမှန်မဟုတ်မှန်းသိရတာက အမှန်မဟုတ်မှန်းမသိတာလောက် မကောင်းတာလဲရှိတာပဲလို့ ထင်သွားပြန်ရော။

ခေငယ့်သူငယ်ချင်းတစ်ယောက်ဆိုလဲ အသက်၁၀နှစ်လောက်မှာ မျက်မှန်စတပ်ရတယ်။ ပါဝါ ၄၀၀ ကျော်လောက်ဖြစ်မယ်ထင်တယ်။ အဲဒီအချိန်ကျမှ ဘာလို့မျက်စိမကောင်းကြောင်းပြောလဲ စောစောစီးစီးထဲက ပြောရင်ဒီလောက်များများတပ်ရမှာမဟုတ်ဘူး ဘာညာ အိမ်ကပြောတော့
သူငယ်ချင်းက “ အားလုံးလဲ သမီးလိုပဲမြင်ရတယ်လို့ ထင်တာကိုး” လို့ ပြောသတဲ့။ ဟုတ်တော့ ဟုတ်တယ် . . ရုတ်တရက်ဆို ကိုယ်မြင်တာကပဲ အမှန်။ ကိုယ်တွေးတာကပဲ အမှန်လို့ တွေးမိတာချည်းပဲ။ သူများတွေတော့မသိဘူး ခေငယ်ဆို ငယ်တုန်းက စာမေးပွဲဖြေရင်
ကိုယ်မဖြေနိုင်တဲ့အပုဒ်ဆို သူများလဲဒီလိုပဲ ဖြေနိုင်ဘူးလို့ ထင်နေရော။ ကိုယ့်ထက်ညံ့တယ်လို့ တွေးမိတာမျိုးမဟုတ်ဘဲ ကိုယ်လိုပဲလို့ထင်နေတာမျိုး။ ကိုယ့်ထက်တော်မယ်လို့တွေးတာက ရာနှုန်းနည်းတယ်။ အဲ့တော့ စာမေးပွဲမဖြေနိုင်လဲ သိပ်စိတ်ဆင်းရဲတာမျိုးမရှိဘူး ။ သူများတွေလဲ ဒီလိုပဲလို့ထင်တာကိုး။ အောင်စာရင်းထွက်မှသာ တလွဲဖြစ်တာ ။ မတိုင်ခင်တော့ အိုကေစိုပြေပဲ။

နောက်ရှိသေးတယ် ဘာသာရေးနဲ့ပတ်သက်ရင်လဲ သူများတွေကိုးကွယ်တဲ့ ဘာသာရေးက ဟာကွက်တွေ ပျော့ကွက်တွေကို ဖြတ်ခနဲကြည့်လိုက်ရုံနဲ့ တန်းမြင်ပြီး ငါကိုးကွယ်တဲ့ဘာသာလောက် မိုက်ဖူးကွလို့ ထင်ပြန်ရော။ နောက်တော့ ကိုယ်ကိုးကွယ်တဲ့ဘာသာကိုလဲ ဟိုတွေးဒီတွေးတွေးလိုက်တော့
မဟုတ်သလိုလိုတွေ လိုက်မမီတာတွေ တွေ့လာပြန်တယ်။ တစ်ချို့ကတော့ ကိုးကွယ်မှုရှိလက်စကို အသိကလိုက်မမီသေးတာဆိုတော့ သိလာအောင်ကြိုးစားရမယ် ဘာညာပြောကြတာလဲတွေ့တယ်။ ဟိုတုန်းကတော့ အဲလိုပဲ ငါထပ်ကြိုးစားရဦးမယ်လို့ တွေးမိပေမယ့် နောက်ပိုင်းကျ တွေးလေ ဒီဟာတွေ ငါမသိလဲဘာဖြစ်တုန်း ဘာလို့စိတ်ပင်ပန်းခံပြီး ကိုယ်လက်မခံနိုင်တဲ့ကိစ္စတစ်ချို့ကို သက်သေပြချက်မရရအောင်ရှာနေဖို့လိုတုန်း လို့စဉ်းစားမိတယ်။ အဲ့တော့ မယုံဘူးမဟုတ်လား မကိုးကွယ်နဲ့ ဆိုတော့လဲ စိတ်က လက်မခံပြန်ဘူး။ ကိုယ့်ဖာသာ ကိုးကွယ်ချင်တဲ့ချိန် ကိုးကွယ်လို့ရနေတာပဲ။ ကိုးကွယ်ချင်တဲ့ချိန်မှာ
ဟာ ဒါတွေမဟုတ်သေးဘူးဆိုပြီး စိတ်ကိုအတင်း မကိုးကွယ်နဲ့ကွလို့ တားမနေဘဲ စိတ်ထဲရှိတဲ့အတိုင်း နေသွားတာကောင်းမယ်လို့ တွေးလိုက်မှ သက်သာရာရသွားတယ်။ အဲ့တော့ ခေငယ့်မှာ ဘာသာတစ်ခုခု ကိုးကွယ်တာရှိလားမေးရင် ဟုတ် ကိုးကွယ်ချင်တဲ့ခါ တစ်ခုသို့မဟုတ် တစ်ခုမကရှိပြီး မကိုးကွယ်ချင်တဲ့ခါ တစ်ခုမှမရှိဘူးလို့ ပြောရမလိုပါပဲ။ ဗြဲရမ်းရမ်းတော့ဖြစ်ပေမယ့် ခေငယ့်အတွက်က အဲ့တိုင်းက ပိုအဆင်ပြေတာကိုး။ အဓိက ကိုယ့်စိတ်ထဲ နေလို့အဆင်ပြေမှ ဖြစ်မယ်မဟုတ်လား။ ဟာ ခင်ဗျားအတွေးက အားနည်းတယ်လို့ ဘာသာရေးကိုးကွယ်တဲ့သူတွေက ပြောရင်ပဲဖြစ်ဖြစ် မကိုးကွယ်တဲ့သူတွေက ပြောရင်ပဲဖြစ်ဖြစ် ပြုံးပြရုံပဲတတ်နိုင်ပါတယ်။ ကိုယ့်အတွေးလေးမှ ကိုယ်မပိုင်ရရင် လောကကြီးမှာ မနေပျော်လောက်တော့ဘူးထင်ပါရဲ့။

အွန်း . . “ အ၀တ်အစားတွေက ၀ယ်ပြီးရင်ကြီးလာသည် ” ကို ပြောချင်တာကနေ ဟိုရောက်ဒီရောက်တွေ ဖြစ်ကုန်ရော။ သူများတွေလဲ သူတို့တွေရဲ့တွေ့ရှိချက်အရ အဲဒါမမှန်ဘူးဆိုရင်တောင် ခေငယ်ကတော့ ခေငယ့်တွက် အဲဒါမှန်တယ်ဖြစ်နေပြီ။ ဒါမယ့် အဲဒီအဖြစ်ကိုကြိုက်လားဆိုတော့ မကြိုက်ပါဘူးဗျာ။ အ၀တ်အစားတွေ ဟောင်းသွားတာမျိုးလဲမဟုတ်ဘဲ ၀တ်လို့မတော်တော့တာ (ကျယ်ကုန်တာ)က
ခံစားရတာ ဘယ်မိုက်မတုန်း။ ဒီတော့ ခေငယ်လူကောင်ဘာလို့ ဒီလောက်သေးလဲလို့ ကြုံလို့စဉ်းစားမိတယ်။ မျိုးရိုးဗီဇကြောင့် နေထိုင်စားသောက်မှုကြောင့် ဘာညာ ဘာညာ စသဖြင့် ဆိုတဲ့ တကယ့်အဖြေတွေထက် ခေငယ်သဘောတကျဖြစ်တဲ့အဖြေတစ်ခုကို ရှာတွေ့တယ်ဗျ။ ဘာလဲသိလား .. ဘုရားသခင်က အာဒံရဲ့ နံရိုးတစ်ချောင်းကိုယူပြီး ဧ၀ကိုဖန်ဆင်းတယ်လို့ ပုံပြင်လိုလို ကြားဖူးထားတာကို ခလုတ်တိုက်မိတယ်။ ခေငယ်က အရပ် ၅ပေမပြည့်တဲ့ ပေါင် ၈၀ကျော်ရုံလေး ဖြစ်သလို . . ခေငယ့်အာဒံဖြစ်သူကလဲ အရပ် ၅ပေ၇လောက်မှာ ပေါင်၁၀၀ကျော်ရုံ ပိန်တာရိုးလေးဗျ။ သူပြောလိုက်ရင် “ ဦးကိုက နံရိုးချည်းပဲ ” တဲ့။
အဲ့တော့ သူ့နံရိုးထဲမှာတောင် ခေငယ်က အတော်ထွားတဲ့ ချောချောလှလှ နံရိုးဖြစ်နေပြီ။
(ချောချောလှလှ ပါသွားတာက ကိုယ့်ကိုယ်ကိုယ်ဆို လက်အကျင့်ပါနေလို့ သတင်းကြေငြာသူလေသံနဲ့ ပြောရရင် သီးခံပါရှင်ပေါ့ .. :D ) ပြီးတော့ သူ့နံရိုးတွေထဲ ဒီတစ်ရိုးက ပေါချာချာအနိုင်ဆုံးလဲ ဖြစ်မယ်။ ပါချောချောလို့တော့ မရေးတော့ပါဘူး ရေးလဲအတော်များများ ပြောင်းပြန်ဖတ်ကြမှာပဲဟာ ။

အဲ့တော့ နံရိုးပိုင်ရှင်တောင် ဂလောက်ပိန်နေရင် နံရိုးဖြစ်တဲ့ခေငယ်လဲသေးတာ သဘာဝကျတယ် ။ ဒီထက်ထွားလာရင်သာ သူ့နံရိုးမစစ်တော့မှာ ။ ငါသူ့နံရိုးစစ်လို့သေးတာ . . “ဟေ့ရောင် . . ငါ . . အားမငယ်နဲ့ကွ” လို့ ကိုယ့်ဖာသာ အားပေးနိုင်သွားတယ်။ တခြားစုံတွဲတွေကျ နံရိုးကအဲ့လောက်မသေးဘူး နံရိုးမစစ်လို့လားလို့ လာမပြောကြနဲ့ဗျာ။
ခေငယ် သာယာပြီး နံရိုးပိုင်ရှင်နားတကပ်ကပ်လုပ်နေတာလေး အာရုံပျက်ပြီး ကြေကွဲသွားဦးမယ်။ ဒါကြောင့် အခုတော့ “ အ၀တ်အစားဆိုတာ ၀ယ်ပြီးရင် တဖြည်းဖြည်းကြီးလာတယ်” မှန်ပြီးရင်း မှန်နေတာကိုလဲ ခုတော့ စိတ်မညစ်တော့ပါဘူး။ သူ့နံရိုးလေးဖြစ်ခွင့်ရနေမှတော့ ဘယ်လိုဖြစ်ဖြစ် နေပျော်ပါတယ်လေ။ ။


ခရေငယ်(2011/08/22)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဲဒီနေ့မှာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ . .


အထီးကျန်တယ်ဆိုတဲ့ လက်တွေကို
တယုတယ ဆုပ်ကိုင်ခွင့် ရမယ့်နေ့ . .

သူ့ရင်ခွင်ကို ခေါင်းနဲ့အခွေ့မှာ
"မသာယာဘူး " မှန်သမျှ ပြာကျသွားမယ့်နေ့ . .

အရိုးဆုံး ချစ်စကားတို့နဲ့
နှုတ်ခမ်းကိုယ်စီ ခမ်းနားကြမယ့်နေ့ . .

အမြတ်တနိုးအပြန်အလှန်အကြည့်တွေနဲ့
သူနဲ့ကိုယ်ရဲ့ အချစ်ကြောင့်
ဟိုး . . မိုးကုပ်စက်ဝိုင်းဆီမှာ
နေ ၊ လ ၊ ကြယ်တွေအစား
ပန်းတစ်ခင်းပွင့်မယ့်နေ့ . .

ကိုယ့်ဆောင်းရာသီလေး
တွတ်တီးတွတ်တာနဲ့
စကားပြော စတတ်မယ့်နေ့ . .

အရှင်ရုက္ခစိုး နတ်မင်းကြီးက
တောင့်တလွန်းလို့ ကိုယ်ထင်ပြသလို
ကိုယ့်နှလုံးသားရဲ့ အရှင်သခင်ကို
ကိုးစားစွာ ဖူးမြင်ခွင့်ရမယ့်နေ့ . .


အာဒံ နဲ့ သူ့ဧ၀ ဆုံကြတဲ့နေ့ပေါ့ . . ။ ။


ခရေငယ်(3.8.2011)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ပေါက်ကရပို့စ်”

ဘာရယ်မဟုတ်ဘူး . . ပျင်းနေလို့ (အားနေတာတော့မဟုတ်ပါ) သူငယ်ချင်းတွေရဲ့ ဂျီတော့ မက်ဆေ့တွေကို လိုက်ဖတ်မိတော့ . . သယ်ရင်းတစ်ယောက်တင်ထားတဲ့စာသားကို ခိုက်တိုက်တိုက်ဖြစ်သွားတယ်။ မက်ဆေ့က " ရည်းစားမရှိဘူးဆိုတာ . . အတွင်းခံမ၀တ်ထားသလိုပဲ ။ လွတ်လပ်ပေမယ့် ဟာတာတာနဲ့" တဲ့ . .း) ။ အဲ့စာသားဖတ်ပြီး . . ဟိုက်ရှ် တယ်မှန်ပါလား လို့ . . တွေးလိုက်မိတယ်။ ကျန်တဲ့သူတွေတော့ ဘယ်လိုတွေးတယ်မသိဘူး။ အဲဒါက တကယ်တော့ တကယ်ပဲဗျ ဟားဟား။ အဲ့စာသားကို ကူးပြီး သူငယ်ချင်းတစ်ယောက်ကို သွားပြတော့ . . သူကပြန်ပြောတယ် . . " မ၀တ်တော့ ဟာတာတာဖြစ်သလို . . ၂ထပ် ၃ ထပ်ဝတ်တော့လဲ မကောင်းဘူး" တဲ့။
ဟော . . အဲဒါလဲ ဟုတ်နေပြန်ရော . .။ အတွင်းခံ ၂ ထပ် ၃ ထပ်နဲ့ တွေးကြည့်တော့ အဆင်မပြေဘူး။ အဲ . . နောက် ကျန်းမာရေးသတိပေးချက်တစ်ခုကို သတိရသွားပြန်တယ် ။ ပူတဲ့ အတွင်းခံတွေကို လှတာတစ်ခုကြောင့် ၀တ်တာ မကောင်းတဲ့အကြောင်း ။ ရာသီဥတုနဲ့ကိုက်ညီအောင် ၀တ်သင့်ကြောင်း ဘာညာအပြင် . . ဖြစ်နိုင်ရင် ညဖက်အတွင်းခံကို ၀တ်မအိပ်တာ ကျန်းမာရေးအတွက်ကောင်းသတဲ့ ။ တွေးလိုက်တော့ သူ့ဟာသူတော့ ကွက်တိပဲဟ . . လို့ . . အဲဒီမက်ဆေ့ကို ထောက်ခံလိုက်မိတယ် ။

နေ့ခင်းဖက် နေ့လည်စာစားတဲ့ချိန်ရောက်တော့ . . အိမ်ထောင်ပြုတော့မယ့် အမတစ်ယောက်ကို စကြရင်း အိမ်ထောင်ပြုပြီး ၂ နှစ်လောက်နေမှ ကလေးယူတာကောင်းတယ်ဆိုတာရယ် . . ချက်ချင်းယူတာ ကောင်းတယ်ဆိုတာရယ် . . ဆွေးနွေးကြပြန်ရော။ ခေငယ်က ၂ နှစ်လောက်ဆိုတာဖက်က နေလိုက်တယ်။ အဲ့တော့ ချက်ချင်းယူတာကောင်းတယ်ဆိုတဲ့ ညီမလေးက သူ့အတွေးကို ပြောပြတယ်။ " အိမ်ထောင်ပြုထားပေမယ့် လူ၂ယောက်က ဘာမှမတော်ဘူးလေ ။ ကလေးရှိလာမှ ကလေးနဲ့တ၀က်စီဆိုင်တဲ့ လူ၂ယောက်အဖြစ် သံယောဇဉ်ပိုရှိသွားကြတာ ။ တော်တန်ယုံ ဆိုးတဲ့ယောက်ျားလေးဆိုလဲ ကလေးရလာရင် လိမ္မာသွားတတ်တယ်။ ဒီတော့ ကလေးချက်ချင်းယူတာကောင်းတယ် " တဲ့။ ပြီးတော့ . .ခေငယ့်ကို ဆက်ပြောတယ် " စကားမစပ် အမကိုယ်ဝန်ရှိရင် အိမ်မြှောင်ဂေါ်လီလုံးမြိုထားသလိုပဲနေမှာ" တဲ့ဗျာ။ ၂နှစ်ဆိုတာကိုတောင် အင်တင်တင်ဖြစ်သွားမိတယ် . .း))

နောက် . . ခေငယ့်နစ်မှာ ခွေးလေးတစ်ကောင်ပုံ တင်ထားတာကို သူငယ်ချင်းတစ်ယောက်က လာပြောတယ်။ "ခွေးလေးက ချစ်စရာလေးနော်" တဲ့။ ခေငယ်က "အေး . . ဟုတ်တယ် ငါလဲချစ်လို့တင်ထားတာ " "နောက်ဘ၀ကျ ငါခွေးဖြစ်ရင် ဒီခွေးဖြစ်ချင်လို့ " ဆိုတော့ သူက စတယ်ထင်နေရော။ အမှန်က တကယ်ပြောတာ။ နောက်ဘ၀သာဖြစ်ရရင် အဲ့ခွေးပဲဖြစ်ချင်တယ်။ ပုံက လုံးလုံးလေးနဲ့ချစ်စရာလေးဗျ ။ နောက် ခွေးသူဌေး။ တိရိစ္ဆာန်များဖြစ်ချင်နေသေးတယ် လို့လာရှုံ့ချလဲ ခံရုံပဲဗျိုး ။ လူများပြန်ဖြစ်လာရင် လူမှုကျင့်ဝတ်တွေရယ် . . ကိုးကွယ်ထားမိတဲ့ ဘာသာတရား ဘာညာတွေရယ် ၊ မိတ်ဆွေများအောင် နေထိုင်နည်း ဘာညာတွေရယ် ၊ ကျောင်းတက်တယ် . . ဘာဘာသာစကားတွေနားလည်တယ် ဘာညာ ၊ မိဘအမွေ ဘယ်လောက်ရှိတယ် . . စသဖြင့် မဆုံးနိုင်တဲ့ လိုအပ်ချက်တွေနဲ့ သေသည်ထိမဆုံးနိုင်ဘူး။

ခွေးများ သိပ်အဆင်ပြေတာ ဂျပန်စကား အင်းလိပ်စကား တတ်စရာမလိုပေါင်ဗျာ ။ အမြှီးလေးဘာလေး နှံ့ပြတတ်ရင် လူချစ်လူခင်များပြီးသား ။ အဲ . . မနှံ့ပြတတ်လဲ ဘာမှဖြစ်ဘူး ။ ဟာ အထက်အရာရှိပဲ ဘာညာဆိုပြီး မပြုံးချင်ဘဲ ပြုံးပြတတ်စရာလဲ မလိုဘူး။ ရုပ်တည်နဲ့ နေရုံပဲ ။ တစ်လောကလုံး ကိုယ့်လုပ်စာထိုင်စားနေတဲ့ရုပ်နဲ့နေလဲ အဲ့ကောင် မျက်နှာကြောမာတယ် ဘာညာ အတင်းပြောမခံရဘူး။ ဆက်ဆံရေးညံ့တယ် ဘာညာ မရှိ။ ခွေးမျိုးကောင်းရင်တော့ လမ်းဘေးခွေးထက် ဘ၀ပိုလှတာပေါ့လေ ။ ဒါမယ့် အခြေခံလိုအပ်ချက်အနေနဲ့ များကြီးသိပ်မလိုဘူး ။ ငယ်တုန်းက ပညာမသင်ထားလို့ ကြီးလာတော့ ထမင်းမစားရတော့ဘူးဆိုတာမျိုးလဲ မရှိဘူးဗျို ။ ဒီတော့ . . ခွေးဖြစ်ချင်မိသပေါ့လေ။

ခွေးဖြစ်ရင် လူတစ်ယောက်ကို မှာထားတယ်။ မွေးမယ့်သူမရှိရင် မွေးပါလို့ ။ အိမ်လဲ သိပ်မလည်ဘဲ အိမ်ထဲမှာပဲ အိပ်နေမယ်လို့ ။ ပြီးတော့ ခွေးထမင်းကိုလဲ အမဲသားများများကျွေးပါ ခေငယ်က အမဲသားကြိုက်တယ်လို့ ။ ရေလဲ ခနတိုင်းမချိုးချင်ဘူး ပျင်းတယ်လို့ ။ နောက် တစ်ခါတစ်လေ ဟန်ထူးလွင်သီချင်းတို့ အရိုးသီချင်းတို့ လေးဖြူ ၊ အငဲ ၊ the ants စသဖြင့် ဖွင့်ပေးပါလို့ ။ ခွေးက တခြားအလုပ်ရှိတာမုတ်ဘူး ။ သီချင်းလေးဘာလေး ကြားရတော့ နေပျော်တာပေါ့ ဟုတ်ဖူးလား။ အင်းကျီဘာညာ ၀ယ်ပေးရင်လဲ အစိမ်းရောင်များတာလေး ၀ယ်ပေးပါ ခွေးက အစိမ်းရောင်ကြိုက်တယ်လို့ ။ ဟုတ်တယ်လေ ခွေးဖြစ်ရင် အဲဒါတွေက ပြောတတ်တော့မှာ မဟုတ်ဘူး။

အဲ့တော့ . . ခွေးနာမည်က ဘာလဲလို့ ခုနချစ်စရာလေး ဆိုတဲ့သူငယ်ချင်းက မေးတော့ . . ဟုတ်သားပဲ။ ခွေးက နာမည်မရှိသေးဘူး ။ တစ်ချို့ခွေးတွေကတော့ ဂျက်ကီ . . ဘရောင်နီ . . ရို့စ် . . ဂုတ်ကြား . . အောင်နက် . . မီးတို . . မိဖြူ . . ၀ါလေး . . စသဖြင့် အပြင် . . မင်းသားမင်းသမီးနာမည်တွေ ရဲတိုက် . . ဂျူမုံ . . ဒယ်ဆို . . အွန်စော . .တို့လဲ မနေရဘူး ။ ပေးချင်ရာပေးနေကြတာကိုး။ အဲ့တော့ ခွေးနာမည်က ဘာပေးမတုန်းလို့ ခွေးသခင်လုပ်မယ့်သူကို လှမ်းမေးလိုက်တော့ . . " ခလေး " လို့ပေးမတဲ့ ။ ဟာ . . မင်းသမီးနာမည်လိုမျိုး လှတပတလဲ မဟုတ်ပါလား လှလဲမလှဘူး နာမည်က ဆိုတော့ . . အဲဒါပဲကြိုက်သတဲ့ ။ ဘာလို့ဆို ထပ်မှတ်စရာမလိုလို့လေတဲ့။
ဒါနဲ့ . . " အွန်း . . ဒါဆိုလဲ ရှိစေ ။ ဒါမယ့် ခွေးမွေးပြီးရင် အင်းလေးမှာ မနေနဲ့ " လို့ မှာတော့
" အွန်း ဘာလို့တုန်း" တဲ့ . .
"ဟာ . . ဟိုဖက်အိမ်က ခွေးနဲ့ကြိုက်ရင် ခေငယ်ဖြစ်ချင်တဲ့ခွေးမျိုးက ရေကူးတတ်ပုံမရဘူး . .
အသည်းကွဲမှာပေါ့ " လို့ ပြန်ပြောလိုက်တော့ . . . ဟွန်း . . တီးခံလိုက်ရတယ် . . ။

ဟုတ်တယ်လေဗျာ . . အင်းလေးမှာ ရေကူးတတ်တဲ့ခွေးကတော့ထားတော့ ကြောင်တွေဘာတွေဆို လူတွေက လှေနဲ့လိုက်ပို့ရတယ်လို့ ကြားဖူးတာကိုး . . ရည်းစားထားတာတောင် လူသိရှင်ကြား . . အင်တာနက်တွေဘာတွေလဲ မသုံးတတ်တော့ ဟိုဖက်အိမ် ဒီဖက်အိမ် အသံပြာအောင် အော်နေရမှာ ဘယ်လာနိပ်ပါ့မတုန်း နော် . . ။


ခရေငယ်(၂.၈.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခါးပိုက်နှိုက်ခံလိုက်ရသော စိတ်ဓါတ်တစ်ခုအကြောင်း . .

အဲဒီနေ့က ကျောင်းသွားရမှာမို့ ရုံးကနေ သူငယ်ချင်းတစ်စု ၈ နာရီခွဲအပြီးမှာ ထွက်လာကြတယ်။ အားလုံးစုစုပေါင်း ၁၀ ယောက် ဒီအချိန်အတန်းရှိတယ်လေ။ ဒီအချိန်က ရန်ကုန်ရုံးတွေရဲ့ ရုံးတက်ချိန် နီးနေပြီဆိုတော့ ကားတွေကြပ်သလားမမေးနဲ့။ ကိုယ့်ဖာသာတစ်ယောက်တည်းဆိုရင် အဲလိုကြပ်တဲ့ကားတွေဆို မစီးတတ်ဘူး။ ရန်ကုန်ရဲ့ လိုင်းကားကြပ်ကြပ်ယဉ်ကျေးမှုမှာ မစီးမျောနိုင်သေးတာ အတော်လေးခက်တယ်။ ကြီးကြီးကျယ်ကျယ်ပြောတာမျိုးမဟုတ်ပါဘူး။ လိုင်းကားကြပ်ကြပ်စီးရရင် လူကြပ်တာထက် စိတ်ကြပ်တာကိုတော်တော်ဆိုးဆိုးရွားရွား ခံစားရတတ်လို့ အရမ်းကြောက်တာ။ ဒါပေမယ့် သူငယ်ချင်းတွေပါရင် စကားလေးဘာလေး နည်းနည်းပါးပါးပြောလို့ရသေးတော့ အဲဒါကသက်သာတယ်ပြောရမယ်။ ကိုယ်တိုင်လဲ အဖော်မင်တာပါတာပေါ့လေ။

ရွှေဂုံတိုင်မှတ်တိုင်မှာ ကားစောင့်နေရင်း ထုံးစံတိုင်းခပ်ကြပ်ကြပ်ကားတွေ တစ်စီးပြီးတစ်စီး ဆိုက်လာတယ်။ အားလုံးသဘောတူညီမှုနဲ့ ၁၇၄ တစ်စီးပေါ် တက်လိုက်ကြတယ်။ ကားက အရမ်းကြပ်တော့ အထဲထိဝင်ပေးပါ အထဲထိဝင်ပေးပါဆိုတဲ့ စပါယ်ယာရဲ့အော်သံတောင် ခါတိုင်းလိုမကြားရတော့ဘူး။ အတက်အပေါက်ဝကနေ နည်းနည်းလေးပဲတိုးလို့ရတော့တာမို့  ၁၀ယောက်လုံး အတက်နားမှာစုရပ်နေကြရတယ်။ ဘာမှကိုင်ထားစရာမလိုဘူးလေ။ တအားကြပ်နေပြီမဟုတ်လား။ မြေနီကုန်းထိပဲမို့ တော်ပါသေးတယ်။ သိပ်အကြာကြီးမစီးရဘူး။ ဒါနဲ့ ကားစထွက်လာတယ်ဆိုရင်ပဲ "မှတ်တိုင်ပါတယ်" ဆိုတဲ့အသံနဲ့အတူ အုတ်လမ်းမှတ်တိုင်မှာ ဆင်းမယ့်သူတွေ တိုးထွက်လာကြတယ်။ ရွှေဂုံတိုင်ဒီဖက်ထိပ်မှတ်တိုင်နဲ့ အုတ်လမ်းက ဘာမှမကွာဘူး။ ၅မိနစ်တောင်မောင်းရပါ့မလားမသိဘူး။ ရပ်နေရင်း ကျွန်မလက်ကို မှတ်တိုင်ဆင်းမယ့် လူတစ်ယောက်က လာလာတိုက်နေတာမို့ ဘယ်လိုအနေအထား ပြောင်းပေးရင်အဆင်ပြေမလဲလို့ တချက်လှည့်ကြည့်လိုက်တော့ . . ဟယ် . . ကျွန်မတို့အဖွဲ့ထဲက ညီမတစ်ယောက်အိတ်ထဲကို အဲဒီလူရဲ့လက်က နှိုက်နေတာပါလား။ ဇစ်အိတ်ကိုဖွင့်ပြီး ကျကျနနနှိုက်နေတာ။ ဒါနဲ့ . . အဲဒီလူရဲ့လက်ကို ကျွန်မလှမ်းကိုင်လိုက်တယ်။ ပါးစပ်ကလည်း အော်လိုက်တယ်။ "ခါးပိုက်နှိုက် . . ခါးပိုက်နှိုက်" ပေါ့။ ကျွန်မလက်က အဲဒီလူရဲ့လက်ကို ကိုင်လိုက်တယ်ဆိုရင်ပဲ အဲဒီလူက လက်ကိုအိတ်ထဲကထုတ်လိုက်တယ်။ ပြီးတော့ . . "ဘာတွေ လာပြောနေတာလဲ . . ဘယ်မှာနှိုက်လို့လဲ . . အရှက်မရှိအော်နေတယ်" လို့ တဆက်တည်းပြန်ပြောခံလိုက်ရတယ်။

အနီးနားတ၀ိုက်ကလူတွေ အားလုံးကကျွန်မနဲ့ အဲဒီလူကိုလှမ်းကြည့်ကြတယ်။ အခြေအနေက ကျွန်မ အဲဒီလူရဲ့လက်ကို ကိုင်ပြီး ခါးပိုက်နှိုက်လို့ စွပ်စွဲနေသလိုဖြစ်နေပြီ။ ဒါနဲ့ . . ဘုန်းကြီးတစ်ပါးက ထပြောတယ်။ " ကားကြပ်လို့ တိုးမိတာကို အော်နေတာ . . ဒီလောက်လေးတောင် မစီးတတ်ဘူးလား" တဲ့ ။ နောက်တော့ တစ်ယောက်တစ်ပေါက်နဲ့ အသံထွက်လာတယ်။ "ကားကြပ်တာပါ . . နှိုက်တာမဟုတ်ပါဘူး။ ကလေးမတွေ အဖြစ်သည်းနေတာ" တဲ့။ ဒီလူက ကျွန်မသူငယ်ချင်းအိတ်ထဲမှာ လက်နှိုက်နေတာကို ကျွန်မကိုယ်တိုင် တွေ့ပေမယ့် အဲဒါ အခုမှမဟုတ်တော့တာ။ လူတွေယုံကြည်အောင် ဘယ်လိုသက်သေပြမလဲ။

အဲလိုနဲ့ ကားက အုတ်လမ်းမှတ်တိုင်ကိုရောက်လာတော့ အဲဒီလူက အတင်းဆင်းတယ်။ ကျွန်မက အတင်းဆွဲထားတယ်။ အဲဒီလူက " ကိုယ့်လူကိုယ်လဲ ပြန်မေးကြည့်ဦး ဘာပါသွားသလဲလို့ " ဆိုတော့ အနှိုက်ခံရတဲ့ညီမလေးက " ညီမ ဘာမှပါမသွားဘူးအမ. . ရတယ် လွှတ်ပေးလိုက်တော့" ဆိုတာနဲ့ အဲဒီလူရဲ့လက်ကို လွှတ်လိုက်တယ်။ ကားပေါ်ကအဆင်းမှာ အဲဒီလူက ကျွန်မပြန်ရေးပြလို့ မတတ်လောက်အောင် မကြားဝံ့မနာသာတွေဆဲရင်း ဆင်းသွားတယ်။ ကားစပါယ်ယာကလည်း ကျွန်မတို့အဖွဲ့က ကားကို ကြန့်ကြာအောင်လုပ်တယ်ဆိုပြီး ဘုရှိုးရှိုးနေပြီမို့ ကိုယ်လဲပြန်ဆဲလို့ ဖြစ်တာမဟုတ်တော့ ရုပ်တည်နဲ့အဆဲခံလိုက်ရတယ်။

ကျွန်မပုံစံက လူတစ်ယောက်ကို ခါးပိုက်နှိုက်မဟုတ်ဘဲ ခါးပိုက်နှိုက်ပါလို့ စွပ်စွဲမယ့်ပုံမျိုးများ ပေါက်နေသလားလို့ ကိုယ့်ကိုယ်ကိုယ်လဲ စိတ်ပျက်သွားမိတယ်။ ပြီးတော့ ခါးပိုက်နှိုက်မဟုတ်ဘဲ ကျွန်မကသက်သက်စွပ်စွဲနေတာဆိုတဲ့ တခြားသူတွေရဲ့ အပြောနဲ့ မျက်လုံးတွေကို ကျွန်မတို့တစ်ဖွဲ့လုံးရင်ဆိုင်ကြရတယ်။ ကျွန်မအရင်တုန်းက တွေးထားဖူးတာက ခါးပိုက်နှိုက်ဘာညာဆို အားလုံးဝိုင်းဖမ်းပေးမယ်လို့ ထင်ထားတာ။ အခုတော့ အဲလိုမဟုတ်ပါလား။ သွားမယ့်ခရီးကို အားလုံးစိတ်စောနေကြသူတွေထဲမှာ ကိုယ့်အိတ်နှိုက်ခံရတာမဟုတ်ရင် ဖမ်းတဲ့သူကို အပြစ်တင်သလို လှမ်းကြည့်ကြ တစ်ချို့ကတော့ ကြည့်ရုံနဲ့အားမရ ၀ိုင်းတောင်ပြောလိုက်ကြသေးဆိုတော့ ကျွန်မစိတ်ထဲမှာ ငွေကြေးဆုံးရှုံးရတာ ကျွန်မရဲ့ဂုဏ်သိက္ခာဆုံးရှုံးရတာထက် . . တစ်စုံတစ်ခုကို နှမြှောတသစွာခံစားလိုက်ရတယ်။ ကျွန်မတို့လူမျိုးတွေရဲ့ ရိုင်းပင်းကူညီတတ်တဲ့စိတ်ထားကလေး ဒီလိုဘတ်စ်ကားတွေပေါ်မှာ ကျပျောက်သွားခဲ့ပြီလား။

သူများတွေရဲ့ခံစားမှုကို မပြောပါနဲ့ဦးလေ . . ကျွန်မကိုယ်တိုင်ရော ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ဘူးလို့ထင်တဲ့ ကိစ္စတွေမှာလစ်လျူရှုခဲ့တာ အကြိမ်ပေါင်းများပြီပဲ။ ဘယ်ကိစ္စမဆို ကိုယ့်မထိသ၍ မနာတတ်တဲ့စရိုက် ကျွန်မဆီမှာလည်းရှိတာပဲ။ ဒီအဖြစ်အပျက်ကလေးအကြောင်းကို ဇာတ်လမ်းလေးတစ်ခုထဲထည့်ပြီးရေးရရင် မဆိုးဘူးလို့တွေးရင်း စိတ်ကူးနဲ့ ဇာတ်လမ်းလေး တည်နေမိတယ်။ ဇာတ်ကောင်က အိမ်ထောင်ရှင်မ၊ ကလေး၂ယောက်အမေ ရုံးဝန်ထမ်း အမျိုးသမီးတစ်ယောက်။ သူ့အမျိုးသားကလဲ လခစားဝန်ထမ်း ၊ လုပ်တတ်ကိုင်တတ်မဟုတ်တော့ လစာအပြင် တခြားဘာမှအပိုဝင်ငွေမှမရလို့ ကိုယ့်ယောက်ျားကို အားမလိုအားမရဖြစ်နေတဲ့ မိန်းမ။ ဒါကြောင့် ရုံးမှာဖြစ်ဖြစ် ပတ်ဝန်းကျင်မှာဖြစ်ဖြစ် စိတ်ချရတဲ့ သူဆိုရင် ပစ္စည်းအပေါင်မယူဘဲ ငွေတိုးလေးဘာလေးပေးတယ်။ ကိုယ့်မှာမပိုလဲ ကိုယ့်ဆွဲကြိုးလေး လက်ကောက်လေးကို အပေါင်ဆိုင်ပို့ပြီး အတိုးက ၄ ကျပ်လောက်နဲ့ပေါင် ၊ သူများကိုပစ္စည်းမယူဘဲပြန်ချေးတော့ ၁၀တိုး ၂၀ တိုး ၁၅ကျပ်တိုးမို့ အမြတ်ကျန်တယ်ပေါ့။ ယောက်ျားအတွက် ၊ ကလေးတွေအတွက် ၊ သူ့အတွက် ထမင်းဘူးစီစဉ်ပြီး ရုံးကိုအပြေးအလွှားလာရတဲ့အချိန် . . ၉နာရီထိုးခါနီး ခုနကျွန်မ စီးတဲ့ကားပေါ်တက်လာမိတယ်။ ခါးပိုက်နှိုက်လို့ အော်သံကြားတဲ့အချိန်မှာ သူကကားနောက်ပိုင်းမှာ ဖြစ်တာကကားရှေ့ပိုင်းမှာ ။ သူ့စိတ်ထဲတွေးမိတာက ခုနေရဲစခန်းမောင်းသွားရရင် ရုံးနောက်ကျပြီ။ မနေ့က သူရုံးနောက်ကျတာများလို့ အထက်အရာရှိက ခေါ်ပြောထားတာ။ ဒါကြောင့် စိတ်ထဲမှာ ၀ိုင်းကူဖို့ထက် ရဲစခန်းမမောင်းဘဲ ရုံးကိုပဲအမြန်ရောက်ချင်နေလို့ စိတ်ပျက်သွားတဲ့အတွေးနဲ့ပေါ့။ ကံကောင်းစွာနဲ့ ခါးပိုက်နှိုက်က ခုနအဖြစ်ပျက်အတိုင်းဆင်းသွားလို့ ကားကဆက်မောင်းလာရလို့ တော်သေးတယ်လို့တွေးမိ။ ရုံးကို အချိန်မီတယ်ဆိုရုံလေး ရောက်လာ ။ ရုံးရောက်တော့ . . မနေ့ကသူ့ကို ရုံးကလုပ်ဖော်ကိုင်ဖက်က အကူညီတောင်းထားတဲ့ ပိုက်ဆံပါလား မေးတဲ့အချိန်ကျမှ ပါတယ်ဆိုပြီး အိတ်ကိုအဖွင့် . . ကိုယ့်ပစ္စည်းလေးပေါင်ပြီးယူလာတဲ့ပိုက်ဆံ ခါးပိုက်နှိုက်ခံလိုက်ရတဲ့အကြောင်းသိသွား။ ငိုရမလို ရီရမလိုနဲ့ ကိုယ့်ထိမှ ခံစားရတယ်ဆိုတာမျိုးလေး အဲဒီမိန်းမရဲ့နေရာကနေရေးမယ်လို့ တွေးနေရင်း . . . ကားက လစ်လမ်းမှတ်တိုင်ကိုကျော်လာပြီး လစ်လမ်းနဲ့ မြေနီကုန်းကြား တော်လှန်ရေးပန်းခြံနားရောက်တော့ ရှေ့မှာကားပိတ်သွားပါရော။

ဒီနားက အမြဲအဲလိုပဲ ပိတ်နေကျဆိုတော့ ရိုးနေပါပြီ။
ကားလမ်းဘေးမှာရှိတဲ့ စကြ်ာပန်းပင်လေးတွေရယ် ပိတောက်ပင်တွေရယ်ကို အပင်ချစ်တဲ့ကျွန်မက ငေးလို့ပေါ့။ ပလက်ဖောင်းပေါ်မှာတော့ ဆံပင်နီကြောင်ကြောင်ရှုပ်ရှုပ်ထွေးထွေးနဲ့ ပေတူးနေတဲ့ ၀တ်စုံတစ်စုံကိုဝတ်လို့ ကိုယ်ပေါ်မှာလွယ်ထားတဲ့အိတ်စုတ်ထဲမှာလဲ ဖိနပ်စုတ်တွေရော ဘာတွေမှန်းမသိပစ္စည်းတွေ ထိုးထိုးထောင်ထောင်နဲ့ အရူးတစ်ယောက်ထိုင်နေတယ်။  ရေကလဲဘယ်နှစ်လမချိုးထားမှန်းမသိဘူး တကယ့်ကို စုတ်ဖွာနေတဲ့ပုံစံမျိုးနဲ့ပေါ့။ ဒါမျိုးအရူးတွေ ဟိုနားတွေ့ ဒီနားတွေ့မြင်နေကျလိုဖြစ်နေတော့ စိတ်ထဲသိပ်ထူးထူးဆန်းဆန်း မခံစားမိပါဘူး။

အဲဒီအချိန် အဲဒီပလက်ဖောင်းပေါ်ကို ရေခဲချောင်းပုံးကို ပခုံးမှာချိတ်ထားတဲ့ ရေခဲချောင်းသည်တစ်ယောက် ဖြတ်လာတယ်။ ရေခဲချောင်းသည်က အသက်တော်တော်ကြီးနေပြီ ၆၀ကျော် ၇၀ လောက်များရှိမလား ။ ပိန်ပိန်ပါးပါး အဖိုးကြီးတစ်ယောက်ပါ။ ၀တ်စားထားတာလဲ ဟိုအရူးထက် သာတယ်ဆိုရုံလေးပါပဲ။ ရေခဲချောင်းပုံးကိုတောင် မနည်းမထားရတဲ့ပုံမျိုး။ ဆင်းရဲတဲ့ဘ၀ဆိုတာ ဒါမျိုးပါပဲလို့ ပြထားသလိုပါပဲ ကျွန်မစိတ်ထဲ မြင်ရတာ ဂရုဏာသက်မိတယ်။ ဒီလိုနဲ့ ရေခဲချောင်းသည်ကြီး အရူးနားဖြတ်သွားတဲ့အချိန်မှာ အရူးကမော့ကြည့်တယ်။ ရေခဲချောင်းသည်ကြီးကလည်း ပြန်ကြည့်တယ်။ ပြီးတော့ တလက်စထဲ ရေခဲချောင်းပုံးကို ဖွင့်လိုက်တယ်။ ရေခဲချောင်းတစ်ချောင်းထုတ်ပြီး အရူးကိုကမ်းပေးလိုက်တယ်။

ကျွန်မစိတ်ထဲ ဟယ် . . အရူးက ရေခဲချောင်းကိုစားရမှန်းသိပါ့မလားလို့ တွေးမိပေမယ့် အရူးကလှမ်းယူပြီး ရေခဲချောင်းကို အားပါးတရ စားနေပြီ။ အရူးဆိုတော့ ကျေးဇူးတင်ပါတယ် ဘာညာ ပြောဖို့နေနေသာသာ ရေခဲချောင်းသည်ကြီးကို ကြည့်တောင်မကြည့်တော့ဘူး။ ရေခဲချောင်းသည်ကလည်း ကျေးဇူးတင်ပါတယ်အပြောခံချင်လို့ ပေးတာမဟုတ်တော့ သူ့လမ်းသူဆက်သွားတယ်။ ရေခဲချောင်းပုံးလေးကို မနိုင့်တနိုင်မရင်းပေါ့။ ကျွန်မ ဘုရားမှာရွှေသင်္ကန်းကပ်ဖူးပေမယ့် အရူးတစ်ယောက်ကို အစာမကျွေးဖူးသေးဘူး။ ခုန လူတွေတစ်ယောက်နဲ့တစ်ယောက် မကူညီတတ်တော့ဘူး ဆိုတဲ့အတွေးကို ရေခဲချောင်းသည်ကြီးက မဟုတ်ပါဘူးလို့ ပြောသွားပြန်သလိုပဲ။ သူ . . ဘုရားမှာ ရွှေသင်္ကန်းကပ်ဖူး မကပ်ဖူးကျွန်မမသိပေမယ့် အရူးတစ်ယောက်ကိုတော့ ကျွန်မရှေ့တင်
သူတတ်နိုင်တာလေး ကျွေးသွားခဲ့တယ်။

ကားပိတ်တာပွင့်သွားပြီး ကားကမြေနီကုန်းဆီ ဆက်မောင်းလာခဲ့တယ်။ သင်တန်းရဲ့လှေကားထစ်တွေကို ကျွန်မတို့ ခုနခါးပိုက်နှိုက်အကြောင်းပြောရင်း တက်လာခဲ့ကြတယ်။ သူတို့အများဆုံးပြောကြတဲ့စကားကတော့ ခါးပိုက်နှိုက်ကို ကျွန်မဘာလို့ဖမ်းလိုက်ရတာလဲ။ တစ်ခုခုကိုယ့်ကိုပြန်လုပ်သွားမှာ မကြောက်ဖူးလား။ တော်တော်အတင့်ရဲတာပဲ။ ဆဲသွားတာခံလိုက်ရတာပဲ တော်သေးတယ်။ ဓားတွေဘာတွေနဲ့ လုပ်သွားရင် ဘယ်လိုလုပ်မလဲ စသဖြင့် . . ကျွန်မအတွက်စိတ်ပူလို့ပြောကြတဲ့ . . ကျွန်မစိတ်ထဲလက်ခံဖို့ခက်တဲ့ စေတနာစကားများ။ ဒီလိုနဲ့သင်တန်းမှာ ကျောင်းသားကဒ်ပုံးထဲ ကျောင်းသားကဒ်ထည့်ဖို့လုပ်ကြတော့မှ ကျွန်မတို့ထဲက ကောင်မလေးတစ်ယောက်မှာ ပိုက်ဆံအိတ်ပါမလာတော့ဘူး။ နှိုက်နေတာကို ကျွန်မမြင်လိုက်ရတဲ့တစ်ယောက်မဟုတ်ဘဲ နောက်တစ်ယောက်ရဲ့အိတ်ပါသွားတာ။ သူ့အိတ်ကိုနှိုက်အပြီး နောက်တစ်ယောက်ကို လမ်းကြုံနှိုက်တဲ့အချိန်မှာမှ ကျွန်မကတွေ့လိုက်တာကိုး။ ဘာမှလဲ မတတ်နိုင်တော့ဘူး ။

ခါးပိုက်နှိုက်ကလဲ လက်လွှတ်ဆင်းသွားတာ။ ကားပေါ်မှာ သူ့လူတွေပါပြီး နှိုက်ထားတဲ့အိတ်ကို လက်ဆင့်ကမ်းသွားပုံပါပဲ။ အဖတ်တင်သွားတာကတော့ ကျွန်မ . . ရစရာမရှိအောင် အဆဲခံလိုက်ရတာပေါ့။ အခုတလော . . ခါးပိုက်နှိုက်တွေ ပြန်လွှတ်လာလို့ တော်တော် သောင်းကျန်းနေတယ်လို့ သတင်းတွေကြားနေရတယ်။ ကျွန်မရှေ့မှာ ခါးပိုက်နှိုက်တာ မတွေ့ချင် မကြုံချင်တော့ပါဘူး။ ထပ်တွေ့ရင် မဖမ်းဘဲနေနိုင်ပါ့မလားလို့ ကျွန်မကိုကျွန်မ မသိနိုင်သလို ဖမ်းမယ်လို့လဲ . . မပြောနိုင်တော့ဘူး။ ကျွန်မမှာ နောက်တစ်ခါထပ်ဖမ်းဖို့ သတ္တိရှိရဲ့လား . . မသေချာစွာ . . ။


--
ခရေငယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရိုးရိုးသားသား အတိဿယ

အချစ်ကဗျာတွေမပွင့်ရသေးခင်
နာကျင်စရာတွေ ပေးမိခဲ့
ဝန်ခံပါရဲ့ကွယ်
အားကိုးတကြီးတွယ်လာရှာတဲ့ သံယောဇဉ်နွယ်ကို
သစ်စိမ်းချိုး ချိုးလိုက်မိတဲ့အကြောင်း . .

တကယ်တော့ အဲဒီနေရာမှာ
ကြည်နူးခြင်းကဗျာတွေ ပွင့်စေချင်တဲ့စေတနာ
ရှိခဲ့ဖူးတဲ့ အကြောင်းအရာက
ကိုယ်ပြခွင့်မသာလိုက်တဲ့
သူ့အတွက် အကြင်အနာ တစ်ပိုင်းတစ်စ . .

ရက်စက်မှန်းသိသိ ရက်စက်မိသွားတဲ့လက်နဲ့
တွေတွေဝေေ၀ နေထိုင်ရင်း
တစ်ချို့အနိုင်ရခြင်းတွေ မချိုတဲ့အကြောင်း
ကောင်းကောင်းနားလည်နေတတ်ပြီ . .

တစ်ခုတော့သိစေချင်ရဲ့လေ
အဲဒီမြို့ကို အလင်းပေးတယ်ဆိုတဲ့ လက်တွေ
“ မချစ်ဘူး” ရိုက်ဖို့
“အ”နေလိုက်ပုံက
အသက်စွန့်ရလိမ့်မယ်လို့တောင်
ခြိမ်းခြောက် မရနိုင်တော့တဲ့အတိုင်း . . ။ ။

ခရေငယ်(၂၁.၇.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝန်ခံချက်


မနက်အိပ်ယာနိုးလို့ သူ့ကို သတိရတဲ့အခါ . .
တစ်စုံတစ်ခု စားခါနီး သူ့ကို သတိရတဲ့အခါ . .
တစ်နေရာရာ သွားလို့ သူ့ကို သတိရတဲ့အခါ . .
တစ်ခုခု ပြုမူပြောဆိုခါနီး သူ့ကို သတိရတဲ့အခါ . .
အဲဒါကို နာမည်တပ်ဖို့ . . ဘာသာစကား . .
သင်ကြားခံထားရခြင်း မရှိသလို
ခံစားမှုကို အမည်တစ်ခုခု တပ်လိုက်ရမှာ
မသိကျိုးကျွံပြုထားမိတဲ့အခါ . .
ဘာမှန်းမသိတဲ့ ကဗျာတွေ
ရေးဖြစ်လာတော့တာပါပဲ . .
ပြီးတော့ ကိုယ့်ရာဇ၀င်မှာ လူဆိုးဖြစ်ဖို့
အခြေနေတွေ ပိုပိုတိုးလာခဲ့တော့တယ် . . ။



ခရေငယ်(11.7.2011)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှစ်သိမ့်ခြင်း

“ မျှော်လင့်ခြင်းတွေပေးတယ် ” လို့ မသုံးစွဲဖို့ ပြောချင်တယ်။
တကယ်က . . သူများဆီမျှော်လင့်ခြင်းပေးဖို့နေနေသာသာ
ကိုယ့်မှာတောင် မျှော်လင့်စရာ ဘာဆိုဘာမှ မရှိတဲ့အဖြစ် ။

ညတွေ . . မနက်တွေ . . နေ့ရက်တွေမှာ
အသက်ရှင်နေလို့ အသက်ရှင်နေရတဲ့ လူတစ်ယောက်ထက်
ကိုယ်က ဘာမှကို ပိုမသာခဲ့တာ . . အခုရော နောင်ရောပဲ ။

ကိုယ့်အတွေးတွေထဲမှာ ပိတ်မိ . . အဆိပ်သင့်ရင်း
ဘယ်သူတစ်ယောက်အတွက်မှ လင်းမှာမဟုတ်တဲ့ အလင်းနဲ့
ကိုယ်လျှောက်တဲ့လမ်းမီးတွေကို ထွန်းခဲ့မိတယ် ။

ကိုယ်နေတဲ့ လူတွေကြားက လူတွေနဲ့အဝေးနေရာကို
ဘယ်သူငယ်ချင်းမှ အလိုက်တသိ အလည်မလာသလို
ကိုယ်လဲ မဖိတ်ခေါ်ဖြစ်ခဲ့ပါဘူး ။

တစ်ခါတစ်ခါ လူတွေနဲ့ရောနှောလို့ လူလိုပဲပြုံးပျော်နေတတ်ပေမယ့်
လူကြောက်စိတ်ကြောင့် လူတစ်ယောက် မဟုတ်သလို
လူမတူတဲ့ လူ ဖြစ်ဖြစ်နေတတ်တယ် ။

လွမ်းပါတယ် . .
အဖေ့ကိုရော အမေ့ကိုရော ကိုယ့်ညီမနဲ့
ကို . . ကိုကို . . ကိုကိုး . . မောင် တို့ကိုရော
တစ်ခါတစ်လေစီ စိတ်ကူးရရင် လွမ်းတယ် ။
အဆစ်ပြောရရင် . . ကိုယ်သဘောကျတဲ့ ကဗျာဆရာတွေရဲ့ချစ်သူများ
ခိုင် . . နွယ် . . မခင်နှင်းဆီ . . မခင်သစ်ပင် . . စံပယ် စသဖြင့်တို့ကိုလဲ
တစ်ခါတစ်ခါ လွမ်းလို့။

ကိုယ်နားထောင်နေကျ စိတ်ကက်ဆက် ပျက်ပျက်သွားအောင်လုပ်တဲ့
အကြောင်းအရာ အသံဗလံ တို့ကို
တစ်ခါတစ်ခါ စိတ်ဝင်တစားလိုက်ကြည့်တယ်
တစ်ခါတစ်ခါ စိတ်ပိတ်ပြီး အိပ်ပစ်လိုက်တယ် ။

ပြီးတော့ . . ကိုယ့်မှာရှိတဲ့ မသိမှုတွေကို သိသိနေရတဲ့အခါ
အဆုံးအစွန် မသိချင်လာတယ် ။

ကိုယ့်ကိုယ်ကိုယ်ရော
ကိုယ်မဟုတ်တဲ့ ဘယ်သူကိုရော . . ကိုယ့်စိတ်ဝင်စားမှုက ပါးလျလွန်းတယ် ။
ရှေ့တိုးနေတာမဟုတ်သလို . . နောက်ဆုတ်နေတာလဲမဟုတ်တဲ့
စိတ်ရဲ့ခြေလှမ်းတွေနဲ့
သေချာတာ ကိုယ်ဘယ်သူ့အနားမှာမှ ရပ်မနေဖြစ်ဘူး။

စိတ်ချပါ
မင်း . . အဲဒီနား ရပ်နေတော့လဲ ကိုယ်က တစ်ယောက်တည်း
မင်းထွက်သွားမယ်ဆိုလဲ . . ကိုယ်က တစ်ယောက်တည်း
မင်းမှမဟုတ်ဘူး ဘာမဆို . . ကိုယ်နားလည်လက်ခံထားပြီးသား

ဒါကြောင့် . .
ဘာအတွက်မှ . . အား . . မနာပါနဲ့လေ ။

ခရေငယ်(၅.၇.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စခန်းရောက်မှရှင်း မိုးရာသီ

ဒီမှာ . . မိုးရာသီ . . .
ခင်ဗျားတော်တော်အလိုက်မသိတဲ့ ဧည့်သည်ပဲ။ မဖိတ်ခေါ်ဘဲ ၀င်လာခဲ့ပေမယ့် ကျုပ်လက်ခံထားခဲ့မိတယ်။

ခင်ဗျားသယ်လာတဲ့ မိုးစက်ကြွေသံတွေကြောင့် ခိုစရာရင်ခွင်မရှိ ထိခိုက်ကြေကွဲ လွမ်းဆွတ်ဝမ်းနည်းရတဲ့ စိုစိုစွတ်စွတ်ညတွေ ကျုပ်ရရှိခဲ့တယ် လို့ပြောရင် " မင်းကိုက အချိန်တိုင်းရူးသွပ်ခံစားနေတတ်တာမို့" လို့ ခင်ဗျား ပြန်ပြောဦးမယ် မဟုတ်လား။ ဒါတင်ဘယ်ကမတုန်း . . ခင်ဗျားသယ်လာတဲ့ တီကောင်တွေ ကျုပ်သွားတတ်တဲ့ ဟိုဟိုဒီဒီမှာ လမ်းလျှောက်နေကြတော့ ကျုပ်ဆိုတဲ့ကောင်က သတ္တိဆို တီကောင်လောက်တောင်မရှိတဲ့ကောင်မှန်း ကလေးအစ ခွေးအဆုံးသိအောင် ခင်ဗျားလုပ်တာ
ကောင်းသလားဟေ့လူ။ ပြီးတော့ လမ်းလျှောက်ရင်းလွမ်းနေတဲ့အလွမ်းထဲ တီကောင်ဝင်လာရင် လွမ်းကြောက်ကြီးဖြစ်ရတာ ဘယ်လောက်ဆိုးတုန်း။

အခုဆို ကျုပ် အ၀တ်အစားတွေ လျှော်ရင်းမခြောက်တာရော မခြောက်မှာစိုးလို့ မလျှော်တာရောပေါင်းပြီး
ဝတ်စရာရှားပါးခြင်းရဲ့ အဓိကတရားခံအကြောင်းကလည်း ခင်ဗျားကြီးစစ်စစ်။ ဟိုနားဒီနား လမ်းလျှောက်မယ်ဆိုရင်လဲ ဗွက်ထတာနဲ့ ဒီနားစိုစိစိ ဟိုနားစိုစိစိ ဘယ်လောက် လူဒုက္ခ စိတ်ဒုက္ခရောက်တယ်ထင်လို့တုန်း ။ အလိုက်ကန်းဆိုးမသိ ၀င်လာမယ်ဆိုရင်လဲ တွတ်ပီဖိနပ်လေးဘာလေး ယူလာသင့်တာပေါ့ဗျာ။ အခုတော့ ကျုပ်မှာ ခုံနည်းနည်းထူတဲ့ဖိနပ် သူခိုးခိုးခံရပြီး ခုံပါးဖိနပ်တစ်ရံနဲ့ ခြေလှမ်းရ ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျားကိုယ်ချင်းစာမိမှာ မဟုတ်ပါဘူးလေ။
ခင်ဗျားက ဖိနပ်မစီးတတ်တဲ့ နလပိန်းတုန်းကိုး။

ဟိုနားဒီနားသွားရင်လဲ ခင်ဗျားမျက်နှာမဲကြီးက လိုက်လိုက်ကြည့်နေတော့ ကျုပ်မှာ ထီးမမေ့အောင် ဂရုစိုက်ရတာကလဲ ပြသနာ။ ဒါတောင် သယ်စရာထီးတစ်ချောင်း သူငယ်ချင်းဆီက အတင်းတောင်းထားလို့ ။ အဲဒီထီးကလည်း အရိုးရှည် ဂေါက်ထီးဆိုတော့ ဟိုနားသွား ထိုးထိုးထောင်ထောင် ဒီနားသွား ထိုးထိုးထောင်ထောင်နဲ့  ဟိုလူ့ထိုး ဒီလူ့ထိုးမို့ ကျုပ်ခမြာ ဘယ်လောက်တောင်းပန်ရတယ်မှတ်တုန်း။ "ဟ ခေါက်းထီးသယ်ပေါ့ ဒါများလွယ်လွယ်လေး" လို့ ခင်ဗျားပြောဖို့ ပါးစပ် မပြင်လိုက်နဲ့ကိုယ့်လူ ကျုပ်ထီးခေါက်ရပျင်းတာ ခင်ဗျားလဲသိရဲ့မဟုတ်လား။ ပြီးတော့ မိုးရေစိုစိုခေါက်မိရင် ခေါက်တဲ့နေရာတွေမှာ
အရေးအကြောင်းတွေ တဖြည်းဖြည်းပေါ်လာတာတို့။ အဲလိုမှမဖြစ်စေချင်ရင် ခြောက်သွားအောင်လှမ်းရင်း ဂရုတစိုက်သိမ်းရတာတို့ . . ဘာတစ်ခုမှ ကျုပ်မလုပ်ချင်ဘူး။ အဲဒီထီးကိုလဲ ကျုပ်က ဟိုနားမေ့ ဒီနားမေ့ . . မေ့ထားခဲ့ပြီဆိုရင် ခင်ဗျားက ကျုပ်ကိုရန်စပြီး မိုးစက်တွေရွာရွာချနေတာ . . ဘယ်လောက်အမြင်ကတ်ဖို့ကောင်းတုန်း။

ခင်ဗျားများဝင်လာပြီဆို ကျုပ်တို့ရပ်ကွက်ထဲမှာ ဆူဆူညံညံအသံတွေလဲ တစ်ခါတစ်ခါကြားရသေးတယ်။
ဒီမှာဟေ့လူ . . ခင်ဗျားကိုခင်ဗျား စတီဒီယို အဆိုတော်မှတ်နေလား။ အဆိုတော်ဆိုရင်တောင် ခင်ဗျားကအလိုက်ကန်းဆိုးမသိ ကိုယ့်အသံနဲ့ လိုက်မှန်းမသိ မလိုက်မှန်းမသိ  အမေပေးတဲ့အမွေလိုလို အဖေပေးတဲ့ ဘိုးဘွားပိုင်ပစ္စည်းလိုလိုနဲ့ သူများအောင်မြင်တယ်ဆိုတဲ့ သီချင်းတွေခိုးကူးပြီး ဟိုခွေနားပါလိုက် ဒီခွေနားပါလိုက် . . သီချင်းဖြစ်ရင်ပြီးရော သူများသံစဉ်ထဲ စာသားတွေပေါက်ကရထည့်ပြီး သီချင်းရေးဆရာ အဆိုတော်ဆိုတဲ့ ဟိုငနဲလို ပိရိတ်သတ်အော့ကြောလန် အဆိုတော်ပဲဖြစ်မယ်။ ခင်ဗျားရဲ့ ဒိန်း ဒလိန်းလိန်း . . ဗျောင်း . . ဆိုတဲ့အသံကြီးကို ဘယ်ကောင်မှ မကြိုက်ဘူး ။ ဟေ့လူ ဖြစ်နိုင်ရင် တိတ်တိတ်ဆိတ်ဆိတ်နေစမ်းပါ။ ကျုပ်က အသည်းငယ်တယ်ဟ။

ဘာ . . ခင်ဗျားက ကျုပ်ထက်အသက်ကြီးတယ်။ ဟိုးတုန်းထဲက ဒီနိုင်ငံမှာနေလာတာ ဟုတ်လား။ အဲဒါ အစက မသိလို့ပေါ့ဗျ။ ကျုပ်ဆိုတဲ့ကောင်က ဆောင်းမှာမွေးတာ။ လောကကြီးဆိုတာ အေးအေးမြမြချစ်စရာလို့ ညာထားခံခဲ့ရလို့ပေါ့။ ကျုပ်ရောက်လာပြီး တစ်ရာသီခြားကျော်ပြီးမှ ခင်ဗျားကြီးအလည်ရောက်လာတာ။ အဲလိုကျမှသိတော့ နောက်ကျသွားပြီပေါ့။ ကျုပ်ငယ်ငယ်ကများ ခင်ဗျားနှိပ်စက်ချက်က ကမ်းကုန်တယ်။
"မိုး ရွာတော့မယ်" လို့ ဘယ်သူစစ ကျုပ်က "ဗြဲ" ဆို အော်ငိုပြီးသားဖြစ်တတ်တော့ . .
ကျုပ်နေတဲ့ကျောင်းမှာ တစ်ရက်ကို မိုးဘယ်နှခါရွာတယ်မှတ်တုန်း။ တကယ်များရွာလို့ကတော့ ကျုပ်ကိုအိမ်ပြန်ပို့ဖို့ ဆရာမတစ်ယောက်ယောက် တာဝန်ကျတော့တာလဲ ခင်ဗျားကြောင့်ဖြစ်တာ။
ကျုပ် အခြေအမြစ်မရှိ ကြောက်တတ်လို့ဖြစ်တာမဟုတ်ဘူး . . ဟင်းး။

နောက်ရှိသေးတယ်ကိုယ့်လူ . . မနက်မနက် ဖြိုးဖြိုးဖျောက်ဖျောက်နဲ့ ရွာပြပြီး ကျုပ်ကို ရုံးမသွားချင်အောင်ခင်ဗျား ခဏခဏ မလုပ်နဲ့။ ကျုပ်သူဌေးက ခင်ဗျားယုတ်မာတာကိုမသိဘူး . . ကျုပ်ပျင်းတာချည်းအထင်ခံနေရတာ ဘာကောင်းတုန်း။
ကျုပ်ထမင်းအိုးကို ခင်ဗျားတုတ်နဲ့ထိုးနေတာလား ဟေ့လူ။

နေဦး . . ဟိုစကားဟာ ဘာပါလိမ့် . . "လူလိုမသိဘူး" ဆိုတာ ခင်ဗျားကြောင့် စပေါ်လာတာပဲဖြစ်ရမယ်။ ခင်ဗျားအကြောင်း ပြောတာပဲဖြစ်ရမယ်။ ဟေ့လူ ဟေ့လူနဲ့သာ ကျုပ်က အကျင့်ပါပြီး ခေါ်ပြောနေရတာ ခင်ဗျားက လူလိုမှမသိဘဲ ။
တော်ပြီဗျာ . . ဒီမှာ . . မိုးရာသီ . . လမ်းမှာတွေ့လို့ကတော့ ထီးနဲ့ခုတ်ခံရမယ် . . ခင်ဗျားမြဲမြဲမှတ်ထား။


ခရေငယ်(၂၂.၆.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်မသိသောလမ်းများ . .

ကျွန်မစိတ်မှာ လမ်းအနည်းငယ်သာ ရှိပါသည်။ဘယ်လောက်ကျဉ်းမြောင်းလှသည့် အမြင်ပါလဲ။ ရန်ကုန်မြို့ရဲ့လမ်းများထဲမှ အနည်းငယ်သော လမ်းများနှင့်သာ ကျွန်မ သိပါသည်။ တစ်ချို့လမ်းများကို တရင်းတနှီး တစ်ချို့ကိုတော့ သိပ်မရင်းနှီးစွာ။ တစ်ချို့နဲ့တော့ စုစုပေါင်းမှ တစ်ခါသာတွေ့ဖူးသည်။
တော်တော်များများသောလမ်းများနှင့်တော့ ကျွန်မမသိပါ။ စစတုန်းကတော့ လမ်းတော်တော်များများနှင့် ကျွန်မ မသိခြင်းကို သေချာ သတိမထားမိခဲ့။

တစ်ရက် . . ကျွန်မ တက်စီတစ်စီးဖြင့် သွားစရာနေရာတစ်ခုသို့ သွားသည်။ ကျွန်မ မရင်းနှီးသော လမ်းတစ်ခုဆီမှ နောက်ထပ် ကျွန်မ မမြင်ဖူးသော လမ်းတစ်ခုဆီသို့ တက်စီကသွားနေတော့မှ ကျွန်မသတိထားမိလာသည်။ ဒီလမ်းတွေက ကျွန်မနေထိုင်သောနေရာနှင့် သိပ်ဝေးလံလှသည်
မဟုတ်သော်လည်း ကျွန်မရင်းနှီးသော လိုင်းကားမောင်း၍ရသော လမ်းများနှင့် အနည်းငယ်ကွာခြားနေသည်။ ကျင်း ချိုင့် အနည်းငယ်သာရှိပြီး ထောက်ပံ့မှုကောင်းစွာရထားသော လမ်းများဖြစ်ကြသည်ဟု ကျွန်မတွေးလိုက်မိသည်။

တကယ်တော့ ကျွန်မနဲ့ရင်းနှီးသော လမ်းများမှာ ဘတ်စ်ကားများ သွားလာလေ့ရှိသော လမ်းမကြီးများနှင့် ကျွန်မနေထိုင်သော အိမ်နားရှိ ရပ်ကွက်တွင်း လမ်းကျဉ်းလေးများသာဖြစ်သည်။ တစ်ခါတစ်လေ တက်စီစီးရင်းတွေ့ဖြစ်သော လမ်းအချို့မှာ လူအနည်းငယ် တစ်ခါတစ်ရံအသုံးပြုရန်ဖြစ်သော်လည်း
အလွန်ကောင်းမွန်နေတတ်ပြီး . . (တစ်ခါတစ်ရံမှ သုံးသောကြောင့်လည်း ကောင်းနေခြင်းများလားမသိ) . . လူအများစု မသုံးမဖြစ်သုံးနေရသော လမ်းမများမှာ အများအားဖြင့် ပေါက်ပြဲ မညီမညာ
ဖြစ်နေတတ်သည်မှာ သဘာဝတရားကြီးပင် ဖြစ်နေသလားလို့ ကျွန်မစိတ်ထဲ တွေးနေမိတော့သည်။

ကြုံလို့ပြောပြရဦးမည် . . ကျွန်မက မြန်မာနိုင်ငံမြောက်ဖက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကချင်ပြည်နယ်နှင့်နီးသော မြို့လေးတစ်မြို့တွင်မွေးဖွားပြီး ထိုမြို့လေးတွင် ကျွန်မရဲ့မိသားစု ထိုမြို့လေးနှင့်အနီးတ၀ိုက်တွင် ကျွန်မရဲ့ဆွေမျိုးများ နေထိုင်နေကြဆဲ။ ကျွန်မရဲ့ မြို့လေးအနားမှာ သာတောင့်သာယာ ဖြတ်သွားသောကားလမ်းဆို၍ ရွှေဘို-မြစ်ကြီးနားကားလမ်းတစ်ခု ရှိသည်။ ဒေသတစ်ခုရဲ့တိုးတက်ရေးမှာ လမ်းပန်းဆက်သွယ်ရေးကောင်းခြင်းကလဲ
တစ်ခုအပါအ၀င်ဖြစ်နေသည်ဆိုပါလျှင် . . ထိုအချက်မရှိဘဲ ကျွန်မရဲ့မြို့လေး တိုးတက်ရန် မနည်းရုန်းကန်နေရပါသည်ဟု ပြောချင်မိသည်။

ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ မူလက ကတ္တရာလမ်းမဖြစ်ပြီး ရွှေဘိုမှ- မြစ်ကြီးနားသို့တိုက်ရိုက်ကားဖြင့် သွားနိုင်သောလမ်းဖြစ်သည်။ ထိုလမ်းမှာ ကျွန်မတို့မြို့နှင့် ၁၈ မိုင်အကွာမှ  ဖြတ်သန်းသွားခြင်းဖြစ်သောကြောင့် နီးလှသောနေရာတော့ မဟုတ်ပါ။

ကျွန်မတို့မြို့လေး ဟိုးရှေးရှေးထဲက အသုံးပြုခဲ့သောလမ်းခရီးမှာ မန္တလေး-မြစ်ကြီးနား ရထားလမ်းဖြစ်သည်။ ကျွန်မတို့မြို့တစ်မြို့ထဲမဟုတ် . .အနီးနားတ၀ိုက်မှ ရွာများလဲ ဒီရထားလမ်းကိုပဲ အသုံးပြုပြီး ခရီးသွားကြရသည်။ ဒီနေရာမှာ မန္တလေး-မြစ်ကြီးနား ရထားများအကြောင်း
နည်းနည်းပြောပြချင်ပါသေးသည်။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ခုတ်မောင်းသောရထား လောလောဆယ် . . ၅စင်းလားမသိ ရှိသည်။ ခေါက်တို
ဟိုတစ်ပိုင်း ဒီတစ်ပိုင်းသွားသော ကားရထားဆိုတာတွေလည်း နည်းနည်းတော့ရှိပါသည်။ မန္တလေး-မြစ်ကြီးနားလမ်းကို ခရီးသွားချင်လျှင် ရက်ကြိုလက်မှတ် တန်းစီပြီးဝယ်ရသည်။ မိမိစီးမည့်ရထားလက်မှတ်ကို ၃ ရက်ကြိုတင်ဝယ်ယူနိုင်သော စနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပါသည်။
ထိုသို့ရောင်းချရာ . . ကျွန်မ မန္တလေးတက္ကသိုလ်တက်တဲ့အချိန်ကဆို အိမ်ပြန်ခါနီးလျှင် ၃ ရက်ကြိုလက်မှတ်ဝယ်ရန် မန်းလေးဘူတာကြီးရဲ့ လက်မှတ်ရောင်းသောနေရာရှေ့တွင် အိမ်ယာမဲ့များကဲ့သို့ ဘူတာသမံတလင်းပေါ်မှာ ညထဲက တန်းစီပြီးအိပ်ကြရသည်မှာ ပုံပြင်မဟုတ်ပါ။
တစ်ခါတစ်လေ ရောင်းချမည့်လက်မှတ်က ရထားတစ်တွဲလုံးမှာမှ ဘယ်နှစောင်မှမရှိဘဲ ညစောင့်အိပ်သောသူများက ပိုများနေပြီး နောက်ပိုင်းကျသူများ မရလိုက်သည်မှာလဲ ထုနဲ့ဒေး ။ ၂ ရက်အလို ၁ ရက်အလို . . ရထားထွက်မည့်ရက် တို့မှာမှ လက်မှတ်ဝယ်ဖို့မပြောနှင့် ၃ ရက်ကြိုမှာတောင် လက်မှတ်က ကုန်နေတတ်ပြီ။ ညနေ ၅ နာရီကျော် ၆ နာရီလောက်ဆို စောင့်အိပ်သူတွေရောက်လာကြပြီး ထိုအချိန်မှ
မနက်၆နာရီတွင်စရောင်းမည့်လက်မှတ်ကို စောင့်ကြပေရော့ . .

ထို့ကြောင့် ကျွန်မတို့အထက်ပိုင်းဖက်သွားချင်သူများသည် မန်းလေးတွင် သွားမည့်ရက်ထက် ၄ ရက်လောက်ကြိုရောက်နေပြီး လက်မှတ်တန်းစီနိုင်မှ လက်မှတ်ရဖို့ မျှော်လင့်ချက်ရှိသည်ဟု ကျွန်မစိတ်ထဲ ထင်မိသည်။ ဒါဆိုရန်ကုန်ကနေ ညကားနဲ့လိုက်လာ . . နေ့ခင်းကို ချက်ချင်းရထားပြန်စီးချင်သော
ကျွန်မလိုလူများ . . ဘယ်လိုလက်မှတ်ကို ရနိုင်ပါသလဲ တစ်ချက်ပြောပြချင်ပါသည်။ ဘူတာကြီးရဲ့ လက်မှတ်ပေါက်များတွင် သွား၍ ဒီနေ့လက်မှတ် ရှိသေးလား လိုက်မေးကြည့်ပါ။ မရှိတော့ နောက်၃ရက်စာတော့ရှိသေးသည် ယူမလားဟု ၃ ရက်ကြိုမှာ ကံကောင်းစွာ မကုန်သေးပါက ပြန်မေးလိမ့်မည်။

ဘူတာကြီးရဲ့နေရာ အနှံ့အပြားတော်တော်များများတွင် "မှောင်ခိုလက်မှတ်ရောင်းသူများကို သတင်းပေးပါက ဆုငွေ၁၀၀၀၀၀ (တစ်သိန်းကျပ်)ချီးမြှင့်ပါမည် " ဆိုသော ဆိုင်းဘုတ်ကို တွေ့ရပါလိမ့်မည်။ သို့သော် ခက်သည်က ဘယ်မှုခင်းဂျာနယ်မှာမှ . . ဘယ်သတင်းဂျာနယ်မှာမှ မှောင်ခိုတွေကို
ဖမ်းပေးလို့ ဆုငွေရသွားကြသူများအကြောင်း ကျွန်မမတွေ့ဖူးပါ။ ဒါ့အပြင် အိတ်ကလေးဆွဲသွား၍ ဘူတာကြီးထဲ ဟိုနားဒီနား လမ်းသလားကြည့်ပါ . .နောက်မှ ဘေးမှ မျက်နှာချင်းဆိုင်မှ ယူနီဖောင်းဝတ်များ တစ်ချို့လဲအရပ်ဝတ်များမှ လက်မှတ်လိုသေးလားဆိုသောစကားမှာ ဘူတာကြီးရဲ့လက်သုံးစကား
ဖြစ်နေတတ်သေးသည်။

အမယ် . . နောက်ရှိသေးသည်။ မှောင်ခိုလက်မှတ်ကို ဆိုင်ဖွင့်ပြီးရောင်းသောနေရာများ တစ်နေရာမက မန်းလေးမှာရှိသည်။ ဆိုင်ကယ်လေးနဲ့ အဲဒီဆိုင်ရှေ့ထိုးရပ်လိုက်လျှင် လက်မှတ်လိုသေးလား . . မေးမည်။ ဘယ်ထိလဲ . . မေးတော့ ကျွန်မရဲ့မြို့နာမည်ပြောလိုက်သည်ဆိုပါစို့။
မြစ်ကြီးနားထိလက်မှတ်တွေရှိတယ်။ ဘယ်နှစောင်ယူမှာလည်းလို့ပြန်ပြောမည်။ ဈေးနှုန်းလား . . ကျွန်မတို့မြို့ကိုရောက်ဖို့ ရိုးရိုးတန်းခုံဖြင့်စီးမည်ဆိုလျှင် အစိုးရသတ်မှတ်ဈေး ၇၀၀ ကျော်လား ၆၀၀ ကျော်လား ရှိလိမ့်မည်။ မှောင်ခိုဈေးလား . . ၁၈၀၀၀ လို့ပြောလိမ့်မည်။" ဟယ် . . များတယ် မ၀ယ်ဘူး " လို့ ပြောပါက . ." ညှိကြည့်လေ အဆင်ပြေလောက်တဲ့ဈေးပြောကြည့်" လို့ပြောလိမ့်မည်။ ကဲ . . ၆၀၀ - ၇၀၀ ပေးရသောခရီးကို ၁၈၀၀၀ ဆိုထားသည့်ဆီမှာဈေးကိုက်အောင် ဘယ်လိုများဆစ်ကြည့်ချင်သေးလဲ။ ဒီ ၇၇လမ်း ၃၁ လမ်းထောင့် လက်မှတ်ဆိုင်များကို တစ်ခါတစ်လေမှ မန်းလေးလာသော ကျွန်မလိုလူပင် အခေါက်တိုင်းနီးပါး ဆိုင်ကယ်တက်စီသမားများက မသွားတော့ဘူး ရတယ်ဆိုလဲ အတင်းလိုက်ပို့သဖြင့် ရောက်ရောက်သွားတတ်သေးတာ မန်းလေးနေ မှောင်ခိုသမားဖမ်းဆီးရေး. . ဘာဖြစ်ညာဖြစ်ဆိုသူများ . . အဟုတ်တကယ်သာ ဖမ်းနေသည်ဆိုလျှင် . . ဘယ်လိုများ မသိ . . မကြား . .မတွေ့ပါ ဆိုတာကိုတော့ . .
ကျွန်မဖြင့် ထူးဆန်းအံ့သြလို့မဆုံးပါ။ ငယ်ငယ်တုန်းက လူကြီးတစ်ချို့ ကလေးတွေ တူတူပုန်းနေတာကို မြင်နေရက်နှင့် မမြင်ချင်ယောင်ဆောင်ပြီး " ဘယ်ကိုများပုန်းနေကြတာလဲကွယ် ရှာရတာမောနေပြီ"  စသဖြင့် မျက်စိရှေ့မှာထားပြီး မမြင်ဟန်ပြု . . ရှာဖွေဟန်နဲ့
ဟိုကြည့်ဒီကြည့် ကစားနေတာကို သတိရမိသည်။

ထို့ကြောင့် ၁၈၀၀၀ မပေးနိုင်သောကျွန်မလိုလူများ ခုံမဲ့လက်မှတ်ဆိုသော ရထားပေါ်တွင် ခုံမရဘဲစီးရသော လက်မှတ်များကို ၀ယ်ကြရသည်။ ဟယ် . . ခုံမဲ့ဆိုတော့ ဘယ်လိုများစီးကြတုန်းဆို ရထားတွဲရဲ့ ကြားနေရာအလွတ်များတွင် ဖျာများ . . ပီနံအိတ်များကို ခင်းကြရင်းလိုက်ပါစီးနင်းကြရခြင်း
ဖြစ်သည်။ ထိုခုံမဲ့သမားများက ရိုးရိုးတန်းတွဲများတွင်လိုက်ကြရသည်။မဆိုးလှဘူးပဲဟု အထင်မစောလိုက်ပါနှင့်ဦး။ လူသွားများသောအချိန်တွင် ထွက်သောရထားဆို ထိုခုံမဲ့ဆိုသောလူများမှာ ရထားတွဲမှာပါသော ခုံပေါ်မှလူများထက် အရေအတွက်၂ ဆ ၃ဆလောက်များသေးသည်။ ဒီကြားထဲ . .
ဘူတာတစ်ခုရပ်လိုက်တာနှင့် ဆင်းသွားသောသူက တစ်ယောက်စ နှစ်ယောက်စ . . တက်လာသောသူက ၁၀ ယောက်စ ၁၅ ယောက်စ . . အဲဒီ ၁၀ ယောက် ၁၅ ယောက်မှာမှ ကုန်သည်များပါလာသေးသည်ဆိုလျှင် တစ်တွဲလုံး နေရာလွတ်မကျန် ကုန်ပစ္စည်းတွေတင်လိုက်သေးတာ။ အဲဒီအိတ်တွေပေါ်
တက်ထိုင်လို့ရတာလဲရှိ . . မရတာလဲရှိ။ မိုးတိုးမတ်တတ်ရပ်ရင်း ဟိုကြားညှပ်ထိုင် . . ဒီကြားညှပ်ထိုင်ဖြင့် သွားရသောခရီးမှာ တစ်ခါတစ်လေ အထုပ်အထည်များသည့်အခါများဆို ဟိုအထုပ်တစ်ဖက် ဒီအထုပ်တစ်ဖက်ထိမ်းရင်းနဲ့ မြန်မြန်ရောက်ပါတော့ဟုသာ ကျိတ်ဆုတောင်းနေရတော့သည်။
တစ်ခါတစ်လေဆို ကိုယ့်အထုပ်နဲ့ကိုယ်နဲ့ အဝေးကြီးရောက်သွားတတ်တာတို့  . . အထုပ်တွေပိပြားပြီး အိမ်ကိုပြားချပ်ချပ်ပစ္စည်းတွေ သယ်သွားရတာတို့လဲ မကြာခဏ။ ဒီလိုကြပ်ပြီဆို ရထားမှာ အပေါ့အပါးသွားဖို့မပြောနဲ့ . . ကိုယ့်ဘူတာရောက်ရင်တောင် အပေါက်ကဆင်းမရလို့ ပြတင်းပေါက်က ခုန်ချရတာလဲ ခဏခဏ။ ကျွန်မလို လူငယ်တောင် အတော်ဒုက္ခရောက်သောခရီးမှာ တစ်ခါတစ်လေဆို မန်းလေးမှာ ဆေးသွားကုပြီးပြန်လာတဲ့လူမမာများ လက်မှတ်ရမလာတဲ့အခါနဲ့ကြုံရင် ကျွန်မမှာလဲ သူ့ပေးထိုင်စရာနေရာမရှိ။ အားလုံးက ဦးစားပေးပြီးလုပ်ပေးကြပေမယ့် ဒီလောက်ကြပ်နေတဲ့ရထားပေါ်မှာ
လူတစ်ယောက်စာဆိုတာ မနည်း . . သက်သောင့်သက်သာဖြစ်ဖို့မပြောနဲ့ အသက်မထွက်တာပင် ကံကောင်းသေးတော့သည်။ တစ်ခါတစ်လေ . .ဒီလိုရထားကိုစီးရင်း မှောင်ခိုတွေပြောပြောနေတတ်တဲ့ "ညီမ ငွေကိုမနှမြှောပါနဲ့ . . ရထားပေါ်မှာ ပစ္စည်းတွေပစ်တင်ရင်း ခြေထောက်ကျိုး လက်ကျိုး တွေဖြစ်တတ်တာ မသိဘူးလား " ဆိုတာတွေကိုလဲ ကြားယောင်နေမိသည်။ အခုအထိတော့ ကျွန်မခြေလက်များ အကောင်းပကတိရှိဆဲမို့လဲ တော်သေးသည်ဟု . . စဉ်းစားမိသည်။

အဲလိုရထားတွေကိုပဲ နောက်တစ်မျိုးစီးလို့ရသေးသည် ။ တွေ့ရာရထားတစ်တွဲပေါ်တက်သွားပြီး တွဲစောင့်ဖြစ်ဖြစ် . . ရထားရဲဖြစ်ဖြစ်ကို ကျွန်မဘယ်အထိ လိုက်ချင်လို့ပါဟု ပြောပါ။ ခုံရလျှင် ဘယ်လောက် ခုံမရလျှင်ဘယ်လောက်ဆိုပြီး ပိုက်ဆံပေးလိုက်လျှင် အဆင်ပြေသွားလိမ့်မည်။ အဲဒီနည်းက မှောင်ခိုဈေး
၁၈၀၀၀ ထက်တော့ နည်းနည်းသက်သာသေးသည်။ ၈၀၀၀ လောက်ဆို ကျွန်မမြို့ကိုရောက်နိုင်သည်။ တကယ်ပဲ . . ကျွန်မတို့တော်တော်များများမှာခရီးသွားဖို့အသုံးပြုနိုင်သောငွေကြေး ၆၀၀- ၇၀၀ မကတော့ ရှိနေကြပါသည်။ ၆၀၀-၇၀၀ မက ပေးချင်သော စိတ်များလဲ ရှိနေကြပါသည်။ ၆၀၀-၇၀၀
သာတတ်နိုင်ကြရှာသော ဆင်းရဲသားများရဲ့ နေရာကို အတင်းလုယူပြီး မသွားချင်ကြသူများလဲ အများအပြားရှိပါလိမ့်မည်။ သို့သော် . . ထို့ထက်မက ပေးလိုက်ရသော ပိုက်ဆံများမှာ . . ထိုရထားပြေးဆွဲပေးသောနိုင်ငံတော်အတွက်လဲ တပြားတချပ်မှမရလိုက်ပါ။ ပြီးတော့ အဆင်ပြေချောင်ချိသော . .ရထားများ ကျွန်မတို့ အထက်ပိုင်းလမ်းကို ပြေးဆွဲပေးဖို့ဆိုတာကလည်း
မျှော်လင့်လာလိုက်သည်မှာ ကျွန်မတစ်သက်ပင်ရှိခဲ့ပြီ။ ဘယ်အချိန်သွားသွား ဒီတိုင်းက ဒီတိုင်း။

ကျွန်မတို့မြို့ကပြန်ရင်ရော . . ကိုယ့်မြို့မှာမို့လက်မှတ်အဆင်ပြေလားဆိုရင် ကျွန်မပြောခဲ့သလို တစ်နယ်လုံးဒီရထားကို အားကိုးသွားနေရသည့်အတွက် ဒီဘူတာလေးမှစီးကြရသည်။ ဒီဘူတာလေးအတွက်ရသော ခွဲတန်းလက်မှတ်က ရထားတစ်စီးကို ၁၀စောင်ထက်မပို ။ တစ်နယ်လုံးသွားကြသောသူများ . . ဘယ်လိုစီးကြမည်လဲ။ သို့သော် သူ့ဟာသူတော့ ဖြစ်သွားသည်သာ။ ဘူတာလေးနားမှာနေသော မှောင်ခိုလက်မှတ်ဌာနများဆီမှာ တစ်စောင်ကို ၄၀၀၀ ၊
၅၀၀၀ ၊ ၆၀၀၀ နှုန်းဖြင့် မှတ်ပုံတင်ပေးပြီးအပ်လိုက်လျှင် ရထားနေရာအထိအရောက် လိုက်ပို့ပါလိမ့်မည်။ တနည်းအားဖြင့် မှောင်ခိုသမားများက ရုံပိုင်ထက်ပင် လက်မှတ်ရဖို့သေချာသေးသည်။

ဟယ် . . ဒီလောက် စုတ်ပြတ်သတ်နေတဲ့ရထားလမ်းများ သုံးနေကြသေးလား။ ကားလမ်းရှိနေသားပဲ ကားလမ်းကသွားကြပါလားလို့ ဆိုလာပါက ထိုကားလမ်းကိုခေါ်ပြလိုက်ချင်သေးတော့သည်။
ရွှေဘို-မြစ်ကြီးနားကားလမ်းကြီးစပေါက်တော့ ကျွန်မတို့နယ်တွေ ပျော်လိုက်ကြတာ။
ဒေသမှာ အ၀င်အထွက်လမ်းကြီးရပဟဲ့ဆိုပြီး . . မန္တလေးနဲ့ ကျွန်မတို့မြို့တွေနားကိုပြေးတဲ့ ကားလိုင်းလေးတွေ ပေါ်လာတယ်။ ကားနဲ့က ရထားလိုလဲမကြပ်
 (ရထားလောက်မကြပ်ဟုဆိုလိုသည်)တော့ သွားရတာ အဆင်ပြေသည်ပေါ့။ ဒီလိုနဲ့ . . တစ်နှစ်လောက်များရှိမလား . . ကျွန်မတို့မြို့နှင့် မန်းလေးကို ကားလိုင်းတွေသွားကြတာ။
အဲ . . နောက်ပိုင်းတော့ လူစီးလိုင်းကားတွေမပြောနှင့် . . ရွှေဘို-မြစ်ကြီးနားလမ်းကြီးတစ်လျှောက် ကုန်ကားတွေတောင် ခက်ခက်ခဲခဲမောင်းနှင်ရတဲ့အခြေအနေ လျင်လျင်မြန်မြန်ကြီးရောက်လာတော့သည်။ ကတ္တရာလမ်းဆိုတာကလည်း ကတ္တရာတစ်စ နှစ်စကြောင့်သာ ကတ္တရာလမ်းခင်းခဲ့ဖူးသည်ဟု ပြောနိုင်ပြီး . . ချိုင့်ကြီးများ ကျောက်ခဲလုံးကြီးများက လာသမျှကားများ ဆိုင်ကယ်များကို တိုက်ခိုက်ရေးဗျူဟာ
ခင်းနေကြတော့သည်။ တစ်ဖာလုံမောင်းဖို့ မိနစ်၂၀ လောက် အချိန်ယူရသောလမ်းကြီးအဖြစ် တမဟုတ်ခြင်းပြောင်းသွားခဲ့ပြီ။

မိုးတွင်းဆို ဟိုချောင်းက ရေလျှံလို့ကားတွေတစ်ဖက်ကမ်းအိပ်ကြရသည်ဆိုတာကလဲ မရိုးနိုင်သောစကား။ တံတားကျိုးလို့ ကျွဲငှားဆွဲရသည်ဆိုတာကလဲ လမ်းရဲ့တစ်နေရာရာမှာ ဖြစ်နေကျ။ ထို့ကြောင့် ကားလိုင်းများလဲ အကုန်ပြုတ် . . ဟိုတုန်းက ကားနှင့်သွားခဲ့ကြဖူးသည်ဆိုတာကဒေသရဲ့ ပုံပြင်တစ်ပုဒ်လိုလို ။

ဒီလိုနဲ့ ရွှေဘို-မြစ်ကြီးနားကားလမ်းကြီးလဲ တစ်စစ တိမ်ကောရင်း ကားတစ်စီးစ နှစ်စီးစလောက်သာ သွားတော့သောအခြေအနေဖြစ်လာသည်။ မနှစ်က ကျွန်မဇာတိကို ပြန်ဖြစ်တော့ ကျွန်မဆွေမျိုးများရှိရာ ထိုလမ်းဘေးမှရွာသို့ ရောက်ခဲ့သည်။ ကားလမ်းကို ကုမ္ပဏီတစ်ခုကိုလုပ်ကွက်ချပေးပြီး
လုပ်ခိုင်းထားတယ်တဲ့။ အော . . ပုဂ္ဂလိကလုပ်တော့မယ်ဆိုတော့ ကောင်းတော့မှာပဲလို့ . . ကျွန်မစိတ်ထဲမျှော်လင့်တကြီးပျော်နေမိသည်။ ရန်ကုန်-မန်းလေးလမ်းမများ . . ရန်ကုန်-နေပြည်တော် လမ်းမများကို မြင်ယောင်အားကျနေခဲ့ရသော ကျွန်မတို့ဒေသသားတွေ ဒီဒေသတွေမှာလဲ
လူတွေနေထိုင်ကြပါသေးသည်ဟု . . အသိအမှတ်ပြုခံရလေပြီဟု ၀မ်းသာမိသည်။ လမ်းမကြီးက ဟိုးအရင် တစ်လမ်းမောင်းကနေ ၄ လမ်းမောင်းဖြစ်အောင်ချဲ့မှာဆိုပြီး အနားမှာရှိတဲ့ တောင်တစ်ချို့ကိုဖြိုပြီး
မြေဖို့ထားသည်။ လမ်းကိုလဲမြှင့်ထားသည်။ လမ်းလုပ်တဲ့လူတွေရောဆိုတော့
ဘတ်ဂျက်မလောက်လို့ ပြန်သွားကြပြီတဲ့။ ဖို့ထားသောမြေများက မြေ၀ါများဖြစ်ပြီး နွေရာသီဆိုတော့ ဖုန်ထလိုက်သည်မှာ မြင်မကောင်းရှုမကောင်း။

လမ်းဘေးကပ်ရက်နေကြသူများမပြောနှင့် လမ်းနှင့်အနည်းငယ်ကွာသော ရွာတွေတောင် အဝေးကလှမ်းကြည့်လျှင် ဖုန်ထုကြီးကိုသာ မြင်နိုင်သည်။ စိမ်းစိမ်းစိုစို သစ်ပင်မရှိတော့။ ဖုန်လုံးသစ်ပင်များ ။ ဖုန်လုံးအိမ်များသာရှိတော့သည်။ ၀ါဝါပြားပြားကားလမ်းမကြီးကတော့ ပြင်ဆင်သူမရှိစွာ လှဲလျောင်းလို့။
ဒါကြီးကို ကိုယ်ထူကိုယ်ထလုပ်ရအောင်ကလဲ နည်းသည့်လမ်းမကြီး  နည်းသည့်လမ်းမအရှည်မဟုတ်။ ပြောတုန်းကတော့ တစ်နှစ်စီမံကိန်းဆိုလား . .
အခုတော့ တစ်နှစ်လဲမကတော့ . . ကျွန်မတို့နယ်ကြီး ဖုန်နယ်ဖြစ်နေရပြီ။ ခုချိန် မိုးတွင်းစရောက်ပြီဆိုတော့ . . ထိုမြေလမ်းကြီးမှာ ဗွက်ထုကြီးဖြစ်ပြီး အိစိအိစိဖြစ်သွားလိုက်တာ . .ကားမပြောတော့နှင့် ဆိုင်ကယ်တောင် မောင်းမရတော့ပြီဟု . . ကျွန်မနယ်ဖက်မှ ဆွေမျိုးတွေဆီက သတင်းကြားရသည်။ လမ်းပိုင်းကို တာဝန်ယူထားသော ကုမ္ပဏီမှာလည်း ဘတ်ဂျက်အဆင်ပြေလျှင် ပြန်လာခဲ့မည်ဟု
ပြောသွားသေးသည်ဆိုတော့ . .
ဒီလမ်းဖြင့် မဖြစ်ညှစ်ကျယ်စီးပွားရေးလေးလုပ်နေကြရသော ဒီလမ်းအားကိုးဖြင့် ကုန်သွယ်နေကြရသော . . ကျွန်မရဲ့ နယ်သူနယ်သားများ ဘယ်နှနှစ်လောက်များ . . ရရာစားပြီး စောင့်နေကြရမလဲ ။ မျှော်လင့်နေကြရမလဲ . . ရန်ကုန်မှာ ဘတ်ဂျက်မလောက်တော့လို့ တိုးလို့တန်းလန်း
ရပ်ထားရသော ကန်ထရိုက်တိုက်များ . . များစွာရှိကြကြောင်း ကျွန်မရဲ့နယ်သူနယ်သားများ မသိကြပါစေနှင့် . .ဟုသာ . . ။

ကျွန်မသိသော လမ်းအနည်းငယ်သာရှိ၍ ထိုလမ်းများမှလွဲရင် တခြားလမ်းတွေ ရှိနေခြင်း မရှိနေခြင်းကို ကျွန်မစိတ်ထဲ နင့်နင့်နဲနဲကိုယ်ခြင်းစာခံစားမိခြင်းမရှိပါ။ ကျွန်မစိတ်သည် တစ်ကိုယ်ကောင်းဆန်ပြီး အလွန်ကျဉ်းမြောင်းလှပါသည်။ ကျွန်မသွားနေသော လမ်းများကိုကောင်းစေချင်ပြီး
တခြားသူတွေသွားနေသောလမ်းများ . . ကောင်းချင်ကောင်း မကောင်းချင်နေ သတိလဲမထားမိသလို ဘာမှလဲ မခံစားရပါ။ ထို့ကြောင့် ကျွန်မသွားနေကျ လမ်းများကိုလဲ . . သွားနေကျမဟုတ်သောလူများက ကိုယ်ချင်းစာခံစားပေးနိုင်ခြင်း မရှိဖြစ်ပြီး ကျွန်မလိုတစ်ကိုယ်ကောင်းစိတ်ဖြင့်  ဒီတိုင်းထားလိုက်မည်
ကိုတော့ . . တုန်လှုပ်စွာကြောက်ရွံ့မိသော . . ကျွန်မရဲ့ တစ်ဖက်သတ် တစ်ကိုယ်ကောင်းခံစားမှုကြီးကို ချရေးဖြစ်ခဲ့ပါသည်။ ကျွန်မလိုလူများနည်း၍ . . ကိုယ်ချင်းစာနိုင်သူများပါမှ ကျွန်မတို့မြန်မာပြည်အထက်ပိုင်းသွားလမ်းတွေ ပြန်ကောင်းတော့မည်ထင်ပါသည် ။              ။

ခရေငယ်(၂၃.၅.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆက်သွယ်မှုဧရိယာပြင်ပသို့

ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို့
ဘယ်သူတွေ စပြောခဲ့လဲ
ဒီလိုသာဆို . .
နှလုံးသားပျောက်ရှနေတတ်တဲ့
ငါ့ညနေရဲ့လေပြေညှင်းတွေမှာ
ပြပြလေးမကတဲ့ .. တသသအလွမ်းတွေနဲ့
ရွာမြောက်ခြမ်းက ချစ်သူ့နှုတ်ခမ်းကို
ခိုးနမ်းခွင့် . . ရချင်တယ် . . ။        ။

ဟိုးးလွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်လောက်က ကျွန်မရေးခဲ့ဖူးတဲ့ "အလွမ်းပါဆယ်" စာသားလေးတစ်ချို့ . . ။ အဲဒီတုန်းက ကမ္ဘာကြီးထဲက ကျွန်မနေထိုင်တဲ့ နိုင်ငံလေးနဲ့ ချစ်သူနေထိုင်တဲ့နိုင်ငံလေးက ပထ၀ီအနေအထားအရ . . အတော်လေးဝေးပေမယ့် . . သတိရစိတ်တို့ရှိတိုင်း
ပြေးတွေ့လို့ရတဲ့အခြေနေမို့ ကမ္ဘာကြီးဆိုတာ သိပ်မကျယ်ပါဘူးလေပေါ့။ သူ့လက်နဲ့ ကျွန်မလက်နဲ့ ထိထားလို့မရတဲ့နေရာ . .တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နှုတ်ဆက်လို့မရတဲ့နေရာပေမယ့် . . နေ့တိုင်း သူဘယ်သွား ဘာလုပ် . . ဘယ်သူနဲ့တွေ့ . .ဘာဝယ် . . ဘာစား တယ်ဆိုတာတွေ ကျွန်မ မြင်သိကြားနေနိုင်ခဲ့တယ်။ ကျွန်မရဲ့အားချိန် . . သူ့အားချိန်တွေမှာ ၂ယောက်အတူ
အကြောင်းအရာမျိုးစုံကို ငြင်းခုံပျော်ရွှင်လို့ . . ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အနေဝေးနေပေမယ့် တစ်ယောက်နှလုံးသားကို တစ်ယောက်က နွေးထွေးနိုင်စေခဲ့တယ်။

သူ့မွေးနေ့ ကျွန်မမွေးနေ့တွေရောက်တိုင်းလဲ ၂ယောက်အတူတူ မွေးနေ့ကိုကျော်ဖြတ်ရင်း . . သူပြန်လာတဲ့အခါ မွေးနေ့တွေ တစ်ယောက်တည်း မကျော်ဖြတ်ရအောင် ကျွန်မရော သူရော ကြိုးစားတွေ့ဆုံကြမယ်ရယ်လို့ . . ပြောခဲ့ကြဖူးတယ်။ မွေးနေ့တွေ . . နှစ်ပတ်လည်နေ့တွေကို
အတူတူကျင်းပကြမယ်လို့ပေါ့လေ။

ဒီလိုနဲ့ သူပြန်လာခဲ့တဲ့အခါ . . ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို့ ရေးခဲ့ဖူးတဲ့ကျွန်မအတွက် ကျွန်မနေထိုင်နေတဲ့ နိုင်ငံငယ်လေးက ကမ္ဘာကြီးထက်ကြီးမားပါလားလို့ အတွေးတွေဝင်လာခဲ့ရတယ်။ ကျွန်မတို့ ဆက်သွယ်မှုဧရိယာပြင်ပတွေအကြောင်း စပြီးကြားခဲ့ရချိန်ထဲကပေါ့ ။
အားလပ်ချိန်တွေအတူတူရှိဖို့ဆို ဆက်သွယ်မှုဧရိယာရဲ့ အထဲမှာ ရှိနေနိုင်ပါစေလို့ ကျွန်မရော သူရော ဆုတောင်းကြရတယ်။ နေ့တိုင်းနီးပါး သူဘာလုပ် ဘာဝယ် . . ဘယ်သူနဲ့တွေ့ဆိုတာတွေ ကျွန်မလဲမသိနိုင်တော့သလို သူလဲ ကျွန်မဘာတွေဖြစ်နေလဲ မသိနိုင်တော့ပါဘူး။
သူအထီးကျန်နေမလား နေထိုင်မကောင်းဖြစ်နေမလား ကျွန်မစိုးရိမ်မိတာတွေ . . နေကောင်းအောင်နေပါနော်ဆိုတဲ့ သူ့အမှာစကားတွေကို ဆက်သွယ်မှုဧရိယာပြင်ပတွေက ဖြတ်တောက်ထားလိုက်ကြတယ်။

ဒီလိုနဲ့ သူ့မွေးနေ့ရောက်လာတော့ . . တာဝန်တွေကိုယ်စီနဲ့သူနဲ့ကျွန်မ . . ဟိုးးအရင်က တစ်ယောက်နဲ့တစ်ယောက်ပြောခဲ့ဖူးတဲ့ အတူတူကျင်းပကြမယ်ဆိုတာကို မြေချင်းဆက်နေပေမယ့် တစ်ရက်နှစ်ရက်နဲ့မရောက်တော့တဲ့ခရီးမို့ မပြောခဲ့ကြဖူးသလိုမေ့ထားရင်း . .
မွေးနေ့ဆိုတာ နောက်နှစ်လဲရှိဦးမှာပါ စိတ်မကောင်းမဖြစ်နဲ့ ဆိုတဲ့ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်စကားတွေနဲ့ ဖြတ်ကျော်ကြရတော့မယ်။
သူ့အတွက်ကျွန်မရဲ့ မွေးနေ့လက်ဆောင်ကိုလဲ နောက်လပေါင်းများစွာအကြာ တစ်ယောက်နဲ့တစ်ယောက်တွေ့နိုင်ကြတော့မှပေးတော့မယ်လို့
တွေးရင်း သိမ်းထားလိုက်ရတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ . . ၂ယောက်ကြားမှာ အချစ်တစ်ခုရှိနေသ၍တော့ ကျွန်မတို့ဝေးသွားပြီလို့ မဆိုနိုင်သေးပါဘူး။ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ကျွန်မတို့အချစ်တွေမပြယ်သေးခင် တစ်နေ့နေ့မှာတော့ အဲဒီဆက်သွယ်မှုဧရိယာပြင်ပတွေ ပျောက်ကွယ်သွားနိုင်မှာပါလေ လို့
မျှော်လင့်ရင်း . .
Happy Birthday ! ဆိုတဲ့ဆုတောင်းစကားကို ဆက်သွယ်မှုဧရိယာပြင်ပထဲကို လွှတ်ချလိုက်ရတယ် . . ။    

ခရေငယ် (၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ကွဲနာ

အဲဒီနေ့ကပေါ့ ..
ညှာတာခြင်းမဲ့ ပိုးတွေကြောင့် ..
ငါ့ရင်ဘတ်နံရံတွေ ပြိုကျသွားခဲ့တာ..။

နံနက်လင်းမှာ တွေ့ရလိမ့်နိုးနဲ့
ရိုးသားစွာ ငါမျှော်လင့်မိခဲ့ပေမယ့် ..
လေတစ်ချက်အဝေ့မှာ

(အဲဒီမျှော်လင့်ချက်တွေ..)
အငွေ့ပျံသွားခဲ့တာ..။

မင်းရဲ့အနားက လှောင်ရယ်သံတွေနဲ့
ပျော်ရွှင်မှုတို့ အထွဋ်အထိပ်ရောက်ချိန်မှာ ..
ငါ့အိပ်မက်တွေ မြေမြိုခံလိုက်ရတယ်..။
ပြန်မချစ်နိုင်တာကို စိတ်မဆိုးပါဘူး။

ဒါပေမယ့် ..
ငါ့အချစ်ကို သရော်တာတော့ ..
ရင် .. နာ .. တယ်...။

...........

ဇင်သန့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီအချိန်ဆိုသူလဲ မီးရောင်အောက်မှာ

" ဘ၀ရဲ့ တစ်ဆစ်ချိုး လမ်းခွဲလေးမှာ တွေ့ခဲ့ကြဒီနေရာ . .
မေ့မရတဲ့ ဒီနေရာ . . မြင်ယောင်သေးတာ . .
လျှပ်ရောင် ပမာအလား
မီးရောင် အောက်က ဇာတ်လမ်းပမာ
............
...........
ဒီချိန်ဆို သူလဲ . . မီးရောင်အောက်မှာ
ရှိနေမှာပါ . . "

ကျွန်မ ငယ်ငယ်ကလေးဘ၀ ဂီတကိုခံစားတတ်စအရွယ်က စစချင်းရင်းနှီးခဲ့ရတဲ့ သီချင်းတွေထဲက တစ်ပုဒ် ။ ဘယ်သူ့သီချင်းလဲတော့ မသိပါဘူး။ ကျွန်မတို့ရွာမှာ (ကျွန်မအဘွားတို့ရွာ) ညောင်ရေသွန်းပွဲ ၊ ဆရာကန်တော့ပွဲ ၊ ၀ါဆိုသင်္ကန်းကပ်ပွဲ ၊ ကထိန်ပွဲ စသဖြင့် ရွာဓလေ့လုပ်လေ့ရှိတဲ့ ပွဲအသေးလေးတွေမှာ အစဉ်အလာမပျက် မပါမဖြစ် အမြဲတမ်းပါခဲ့တဲ့ တီးဝိုင်းသေးသေးလေးက ကျွန်မအတွက် ကမ္ဘာကြီးရဲ့ မိတ်ဆက်ဂီတကို စကြားခဲ့ရတယ်။ တီးဝိုင်းလေးမှာ ပါတဲ့ တူရိယာလေးတွေက ဗုံလေးတစ်လုံး
နှစ်လုံးရယ် ၊ မောင်းတန်းလေးတွေ ၂ တန်း ၃ တန်းရယ် ၊ နှဲ တစ်ခုရယ် ၊ ၀ါးလက်ခုပ် တစ်ခုရယ် ၊ လင်းကွင်း တစ်ခုရယ် . . ကျွန်မ မှတ်မိသမျှတော့ ဒါအကုန်ပါပဲ။ တီးတဲ့သူကလဲ ရွာထဲက ၀ါသနာရှင် ဦးကြီး ဘကြီးတွေ တီးကြတာ ။ ပညာရှင်ကြီးတွေမဟုတ်ပေမယ့် ရွာလေးရဲ့ပွဲတိုင်းမှာ တခြားရွာက တီးဝိုင်းကို ခေါ်စရာမလိုဘူးပေါ့။ ကိုယ့်ရွာလေးထဲတင် ဆိုကြ တီးကြကိုး ။

ကျွန်မ ငယ်ငယ် မတ်တပ်ရပ်တတ်စကတည်းက အဲလိုပွဲလေးတွေလုပ်ပြီဆို တီးဝိုင်းထဲမှာနှဲဆရာလုပ်တဲ့ ဘိုးလေးထွန်းရွှေက သူ့စက်ဘီးကယ်ရီယာမှာတင်ပြီး ခေါ်သွားနေကျမို့ တီးဝိုင်းနားမှာ ကပ်လိုက်ရတယ်။
အဲလိုပွဲမျိုးဆို ရွာထဲက အပျိုတွေ အအိုတွေ ရှိရှိသမျှ ကာလသား ကာလသမီးအကုန် ၀တ်စားဖီးလိမ်းပြီး အိမ်ကနေ ၃ နာရီလောက်အရောက် ရွာလယ်က အိုလေးစာတို့ တိုက်(စပါးကျီ)နားက မြေကွက်လပ်မှာ လူစုကြတယ်။ လူမစုံသေးခင် အရင်ရောက်နေတဲ့သူတွေက ဟိုနားတစ်စု ဒီနားတစ်စု အချိန်ကိုစောင့်ပြီး စထွက်မယ့်အချိန်ရောက်ပြီဆို တီးဝိုင်းလေးက သီချင်းစတီးတော့တာပဲ။ လူစုနေတုန်းတော့ အတီးတိုက် ကီးတိုက်နေကြတာပေါ့လေ။ စက်ဘီးကယ်ရီယာနောက်မှာ မောင်းဆိုင်းလေးတွေကိုဆင်ထားပြီး ရှေ့ကတွန်းတဲ့သူနဲ့ နောက်ကတီးတဲ့သူနဲ့ တီးရင်းသွားရတာ ။ အတီးတိုက်တဲ့အချိန်စကြားရတဲ့ မောင်နောင် မောင်နောင် ဒိန်းဒိန်း ဆိုရင်ကိုပဲ ကျွန်မမှာ ရင်တခုန်ခုန်နဲ့ ပျော်နေပြီ။

ရွာမှာ ပွဲတော်တော်များများလုပ်တိုင်း ဦးရွှေရိုးကတဲ့သူလဲ ရှိတယ်။ သူ့နာမည်က ဦးမဲတဲ့။ နေပူပူဖုန်ထူထူရွာလမ်းပေါ်မှာ ချွေးတဒီးဒီးကိုယ်လုံးနဲ့ တိုက်ပုံ အမဲရောင်ကြီးရယ် ၊ နှုတ်ခမ်းမွှေး မဲမဲကြီးရယ် ၊ ပုသိမ်ထီးအဟောင်းကြီးရယ် ၊ ခေါင်းပေါင်းနဲ့ ပုဆိုးကွက်ထောက်ကြီးရယ်နဲ့ တစ်ခါတစ်လေ ကျွဲကော်ကိုင်းမျက်မှန် အမဲကြီးတပ်လို့ ။ နာမည်နဲ့လိုက်တဲ့ ဦးမဲပါပဲ။ ဦးမဲက ရွာနဲ့ဝေးတဲ့ တောင်ချောင်ဆိုတဲ့နေရာမှာ အခင်းလုပ် လယ်လုပ်နေတဲ့သူမို့ ရွာမှာ သိပ်တွေ့ရလေ့မရှိဘူး။ ပွဲချိန်ကျမှ အဲဒီအ၀တ်အစားနဲ့ ထီးကြီးဆောင်းပြီး ရောက်လာတော့တာ။ ရွာတီးဝိုင်းကလဲ  ဦးရွှေရိုးသီချင်းရယ်မဟုတ်ဘူး သူတို့ရသမျှသီချင်းတွေ အစုံတီးတာပဲ ။ ဦးမဲကလဲ ဘာတီးတီး အဲဒီအ၀တ်အစားကြီးနဲ့ ကတာပဲ။ ပွဲတိုင်း အဲဒီဝတ်စုံနဲ့လာတာကိုး။ ဦးမဲကတဲ့သီချင်းတွေထဲက ကျွန်မကြိုက်တဲ့ သီချင်းတစ်ပုဒ်ရှိသေးတယ် ။ စာသားထဲမှာ " လမ်းပေါ်ကလူ" ဆိုပြီးပါတယ်။ အဲဒီသီချင်းနဲ့ ဦးမဲကတာနဲ့ သိပ်လိုက်တာပဲ ။ နေပူပူမှာ ဖိနပ်မပါတဲ့ ခြေထောက်ဖုန်ပေပေတွေနဲ့ တိုက်ပုံရင်ကွဲမှာပေါ်နေတဲ့ ရင်ဘတ်မဲမဲမှာလဲ ချွေးစီးကြောင်းတရွှဲရွှဲနဲ့ တကယ့်ကို လမ်းပေါ်ကလူ အိမ်ခြေမရှိတဲ့သူလိုမျိုး ကျွန်မစိတ်ထဲမှာ ထင်နေတော့တာ။

လူစုံပြီဆို တီးဝိုင်းကရှေ့ကနေပြီး ရွာလယ်လမ်းမတလျှောက်စီတန်းလို့ ဘုန်းကြီးကျောင်းဆီ သွားကြတယ်။ လမ်းတစ်လျှောက်လုံး တီးမှုတ်ကခုန်သွားတာပေါ့။ အဲလိုလမ်းမှာတီးတဲ့ ဆိုတဲ့အချိန်ဆို ရွာကကျန်တဲ့လူတွေက ၀င်မကကြပါဘူး။ ဦးမဲချည်းပဲ ဒိုင်ခံကတာ ။ဘုန်းကြီးကျောင်းရောက်ရင် စက်ဘီးပေါ်ကတီးဝိုင်းလေးကို ပျဉ်ထောင်ကျောင်းဆောင်ကြီးရဲ့ ခန်းမဆီသယ်လာကြ ။ ရှေ့ထောင့်နားမှာ
နေရာချလိုက်တယ်။ အဲဒီအချိန်ဆိုရင် ဦးမဲ မကတော့ဘူး။ သီချင်းဆိုမယ့် အပျိုတွေရှေ့ထွက်လာပြီး ဆိုတဲ့သူက သီချင်းကိုပြောပြီး စဆိုတယ်။ အစပိုင်း ကျွန်မရေးပြခဲ့တဲ့သီချင်းကတော့ မပါမဖြစ်ဆိုပါတော့။ ထူးတာက ရွာကသီချင်းဆိုမယ့်သူတွေကလဲ ရွာကတီးဝိုင်းရတဲ့သီချင်းကိုပဲဆိုကြတာ။ ဘယ်သူမှ ဘယ်သီချင်းတော့ရလား တီးပေးပါဆိုတာမျိုး သီချင်းအသစ်မပြောသလို ဆိုချင်တဲ့သီချင်းနဲ့ တီးဝိုင်းကရတဲ့သီချင်းနဲ့ ကွက်တိတွေချည်းပဲ။ ညှိစရာမလိုဘူးပေါ့လေ။

ဘုန်းကြီးကျောင်းပေါ်ရောက်ရင် ရှေ့မှာကွက်လပ်တစ်ခုချန်ပြီး နေရာတကျ တစ်တန်းပြီးတစ်တန်း ထိုင်ကြရတယ်။ အဲလိုဆိုဖို့ အတီးစလိုက်ပြီဆိုရင် ကမယ့်သူတွေ သူ့နေရာကိုယ့်နေရာက ထထွက်လာပြီး ချန်ထားတဲ့ နေရာလွှတ်မှာ စကတော့တာပဲ။ အပျိုတွေ အအိုတွေ ကလေးတွေ စသဖြင့် ကျွန်မတို့ရွာထဲမှာ မကတတ်တဲ့သူဆိုလို့ သိပ်မရှိဘူး ။ သီချင်းတစ်ပုဒ် နှစ်ပုဒ်လောက်ကပြီး မောသွားလို့ ၀င်ထိုင်နားတဲ့သူတွေလဲရှိ။ တစ်လျှောက်လုံးကတဲ့သူတွေလဲရှိရဲ့။ တစ်ချို့ကျ ကိုယ်ကချင်တဲ့အပိုင်းလောက်ပဲ ထကပြီး ပြန်ထိုင်တဲ့သူထိုင်နဲ့ပေါ့။ ကျွန်မတို့ရွာမှာ အကကောင်းတဲ့ အပျိုတွေရှိတယ် ။ အငြိမ့်မင်းသမီးလောက် မကနိုင်ပေမယ့် ကြည့်လို့တော့ အတော်ကောင်းအောင်ကနိုင်တဲ့သူတွေပေါ့။ အဲလို အမတွေက ထွက်မကသေးဘူးဆိုရင် ဘေးက အပျိုတွေ အအိုတွေက အတင်းဆွဲထူပြီး ကခိုင်းတာပါပဲ။တစ်ချို့ လုံးဝမကဖူးတဲ့အပျိုကြီးတွေဘာတွေ ကျောင်းကိုပါလာရင်လဲ  အတင်းရှေ့ကိုထုတ်ကြတော့တာ။ ဒါကြောင့် ပြောပါတယ် ကျွန်မတို့ရွာမှာ မကတတ်တဲ့သူ သိပ်မရှိဘူးလို့။ ရွာတီးဝိုင်းအဖွဲ့ရတဲ့သီချင်းက ရှိလှ ၇ ပုဒ် ၈ ပုဒ်ပေါ့။ အဲဒါကိုပဲ လှည့်ပတ်တီးနေတာ။ ကချင်တဲ့သူတွေကလည်း ဒါချည်းပဲတီးနေတယ်ရယ်လို့ မပြောကြမတွေးကြဘူး။ ခြေကုန်လက်ပန်းကျ အားရသည်ထိ တီးကြ ကကြတာ။ ကျွန်မလဲ လမ်းလျှောက်တတ်စထဲက အဲဒီသီချင်းတွေနဲ့ ကတတ်လာခဲ့တာပေါ့။ ဘယ်ပွဲဖြစ်ဖြစ် ပွဲတိုင်းကျော်။ အတီးအမှုတ်ရပ်တော့မှ ဘုန်းကြီးက ကျက်သရေခန်းထဲကထွက်လာပြီး သီလပေးတာ။

အဲ . . မှတ်မိတဲ့သီချင်းတစ်ပုဒ်ရှိသေးတယ် ။ အခုနောက်ပိုင်းမှ Remix ပြန်ထွက်ထားတဲ့ " ၀ါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ ကိုယ့်ချစ်သူရယ် ။ ဘုရားမှတ်လို့ ရှိခိုးကိုးကွယ် . . ဖွတ်ထွက်ခါမှ တောင်ပို့မှန်း သိလာတယ်ကွယ်" ဆိုတဲ့သီချင်းတို့။
"အပျော်ဆိုတာရယ် ငွေကုန်ခံနိုင်ရင် အကောင်းဆုံးပဲ ပွဲကြိုက်တဲ့ ခင်နှမရယ် . . အအိပ်ပျက်တယ် အစားပျက်တယ် . . " ဆိုတဲ့ သီချင်းတို့ကို နားရည်ကိုဝလို့ပေါ့။

ကျွန်မငယ်ငယ် ဟိုးမွေးစထဲက မီးရောင်အောက်ကဇာတ်လမ်းဟာ . . ဆယ်စုနှစ်တွေသာပြောင်းသွားတယ်။ ပွဲတိုင်းမပြောင်းဘူး ။ ကြားထဲမှာ အော်ဂင်အသေးလေးတစ်လုံး တိုးလာလိုက်သေးတယ်။ သိပ်လဲမတီးတတ်ကြပါဘူး။ အရင်သီချင်းတွေအတိုင်းပါပဲ။ မောင်းဆိုင်းတီးနေကျဦးကြီးတစ်ယောက်က အော်ဂင်တီးတယ်။
မာင်းဆိုင်းကိုတော့ နောက်တစ်ယောက်က တီးတယ်။ အော်ဂင်ရလာတဲ့အခေါက်တုန်းကများ ရွာကလူတွေမှာ အဲဒီအော်ဂင်သံ ဂွမ်ဂွမ်ဂွမ် ဆိုတာကို အံ့သြပြီး နားဝင်ချို နားထောင်ကောင်းမဆုံး။
ကက်ဆက်ခွေတွေထဲမှာပါတဲ့ အသံလိုပါပဲလား ဆိုပြီး အံ့သြကြတာ။ အဲ့ဒီအချိန် ကျွန်မတို့ရွာမှာ ဟင်္သာတထွန်းရင် ၊ တွံတေးသိန်းတန်တို့နဲ့အတူ ထူးအိမ်သင် စိုင်းထီးဆိုင်နဲ့ ဗဒင်တွေလဲ နေရာယူလာပြီ။ ကျွန်မတို့ရွာက စီးပွားရေးလဲ သင့်တင့်တဲ့ရွာဆိုတော့ တီဗီရှိတဲ့အိမ်တွေ များလာတယ်။ ရွာမှာ ကျွန်မတို့ငယ်ငယ်လေးထဲက လျှပ်စစ်မီးရတာ။  ငယ်တုန်းက လျှပ်စစ်မီး ၂၄ နာရီလာတာတော့
မှတ်မိတယ်။ မီးသိပ်မပျက်ဘူး။

နောက်ပိုင်းကျောင်းတက်နေရတာနဲ့ ကျွန်မတို့ရွာကို မရောက်ဖြစ်တော့ဘူး။ တစ်ခါတစ်လေ ရောက်ဖြစ်တယ်ဆိုလဲ ရွာ့အထိမ်းအမှတ်ပွဲတွေနဲ့ ဆုံခဲတယ်။ ဟိုတနှစ်တုန်းက ရွာတီးဝိုင်းမှာ အမြဲတက်ကြွတဲ့ နှဲဆရာ ဘိုးလေးထွန်းရွှေလဲဆုံးသွားရှာပြီ။ ရွာပွဲတွေကို ဘယ်လိုအခြေအနေနဲ့ ကျင်းပနေကြတယ်လို့ မသိနိုင်တော့ပါဘူး။

တစ်ခါတစ်လေ ရောက်ဖြစ်တဲ့အချိန် သတိထားမိတာကတော့ ကျွန်မတို့ရွာမှာ တီဗီတစ်လုံး . . စလောင်းတစ်စုံရှိကြတဲ့အိမ်တွေ အတော်များလာတယ်။ အရင်က အဘိုးတို့အဘွားတို့အိမ်မှာ နွား၁၀ကောင်လောက်ရှိရာက အခုတော့ ၂ ကောင်ပဲကျန်တော့တယ်။
အဲဒီ ရှိတဲ့ ၂ကောင်ကလဲ တစ်နှစ်လုံး ဘာမှသိပ်မလုပ်ရလို့  ၀လို့ဖီးလို့ ဖောင်းကားနေကြတာပဲ။ ချစ်စရာကြီးတွေ ။

ရွာရဲ့ အဓိကစီးပွားရေးက လယ်စိုက်တာ။ ဒါကြောင့် အရင်က နွားတွေအများကြီးရှိတာလေ။ အခုတော့ အိမ်တိုင်းနီးပါးမှာ ထော်လာဂျီရှိပြီ။ ထွန်စက်နဲ့ထွန်တော့ ပိုအဆင်ပြေတယ်ထင်ပါရဲ့။ ပြီးတော့ ထွန်စက်က နောက်ချေးလဲမကျုံးရဘူး ။ အစာလဲ မကျွေးရဘူး ။ဘယ်နား မြက်ကောင်းတယ် နွားတွေကို အဲ့ဖက်လွှတ်ရမယ်လဲ မစဉ်းစားရတော့ဘူး။ အိမ်တိုင်း ထော်လာဂျီထွန်စက်ကိုယ်စီနဲ့။
ဆိုင်ကယ်ကိုယ်စီနဲ့။ နွားတွေလဲ တစ်အိမ်မှ ၂ ကောင် ၃ ကောင်လောက် ချန်ထားကြတော့တာ။ ရွာကလူပျိုကာလသား တော်တော်များများကလဲ မလေးရှားသွားကြတာတော်တော်များလာတယ်။ ဘယ်သူကောလို့ မတွေ့မိလို့မေးလိုက်ရင် မလေးရှားမှာဆိုတာချည်းပဲ။
အဲ . . ငယ်တုန်းကလိုတော့ ၂၄ နာရီမီးမရတော့ဘူး ။ မီးက အလှည့်ကျပဲပေးတော့သတဲ့။

ဒီနှစ် သင်္ကြန်ပိတ်ရက် ၁၀ရက်ရလို့ ကျွန်မအိမ်ကို ပြန်ဖြစ်တယ်။ နှစ်တွေသာပြောင်းလာတယ် . . လမ်းပန်းဆက်သွယ်ရေးကတော့ အရင်လိုခက်ခဲတုန်းပါပဲ။ ကားလမ်းဆိုတာကလဲ လမ်းလို့ကျိန်ပြောရမယ့် ကြမ်းကြမ်းတမ်းတမ်းလမ်းကြီးတွေ။ ရထားလမ်းကသွားတော့လဲ ကြပ်လိုက်တဲ့ရထား . . ငါးပိသိပ် ငါးချဉ်သိပ်နဲ့ ထိုင်ဖို့မပြောနဲ့ မတ်တတ်တောင်မနည်းရပ်စီးရတဲ့ရထားမျိုးတွေပဲ ကျွန်မရဲ့ မြို့ကိုဖြတ်သွားကြတာ။

အိမ်မှာ သင်္ကြန်အကြိုနေ့၊ အကျနေ့နဲ့ အတက်နေ့နေပြီး အဘွားနဲ့ အဒေါ်တွေက ဖုန်းဆက်ခေါ်ကြလို့ ရွာသင်္ကြန်လဲ မနေရတာကြာပြီမို့ ညီအမ၂ယောက် သင်္ကြန်အတက်နေ့မှာ ဆိုင်ကယ်နဲ့ ကျွန်မတို့ရွာဖက်ကို ထွက်လာကြတယ်။ မနက်စောစောရောက်တာဆိုတော့ ရွာထိပ်ကသင်္ကြန်မဏ္ဍပ်မှာ လူမရောက်သေးဘူး။ ပေပါပုံးတွေအောက်ခံလုပ်ပြီး နွေဦးကဗျာ ဆိုတဲ့စာလုံးတွေကို နောက်ခံကားလိပ်မှာကပ်လို့ မိုးလုံလေလုံ ကဇာတ်ရုံလိုမျိုး ကားလိပ်တွေ မီးမောင်းတွေနဲ့ ကတဲ့စင်က တစ်စင်။ အဲဒါနဲ့ မျက်စောင်းထိုးမှာ ရွာဝင်လမ်းကိုခွပြီး
မိုးကာကန်ကြီးတစ်ကန်ရယ် စည်ပိုင်းတွေရယ်နဲ့ အုန်းလက်မိုး အုန်းလက်ကာ ရေကစားမဏ္ဍပ်ကတစ်ခု။ အမယ် ဒီလိုကျတော့လဲကျွန်မတို့ရွာ သင်္ကြန်က ပျော်စရာကောင်းမှာပါလားလို့ တွေးမိတယ်။

ရွာရောက်ပြီး ခဏကြာတော့ မဏ္ဍပ်ကသီချင်းတွေစဖွင့်တယ် ။ စက်သမားက ဘယ်ဇာတ်အဖွဲ့ကဆိုလားပါ ဇာတ်နားနေတုန်း ငှားလာတာတဲ့။ အခုနှစ်ပိုင်းခေတ်စားတဲ့ သင်္ကြန်သီချင်းတွေနဲ့ ရွာသင်္ကြန်က မြူးမြူးကြွကြွ။ အမယ် . . အခုခေတ်သီချင်းတွေနဲ့ပဲ
ရွာက အပျိုလေးတွေ ကလေးလေးတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ကသွားကြတာ ။ ညီလဲညီတယ်။ လှလဲလှတယ်။ခေတ်သီချင်းတွေနဲ့ရော Remix တွေနဲ့ရော ကတာပဲ။ မြန်မာသင်္ကြန်သီချင်းနဲ့လဲ ကတာပဲ။ ဒါပေမယ့် နေ့ပိုင်းမှာကျ မြန်မာလိုသိပ်မကဘူး ။ ကျွန်မတို့ရွာလဲ Sexy အချိုးတကျဆွဲလို့ ။
ရေပက်ခံလာတဲ့လူတွေ ရေပက်တဲ့သူတွေစိတ်ထဲပိုပြီးတက်တက်ကြွကြွရှိအောင် ခေတ်သီချင်းတွေချည်းကတာများတယ်။
အတက်နေ့လဲရောက်တော့  ရွာသင်္ကြန်သိပ်မစည်လို့တဲ့ ရွာကရွာလူကြီးတစ်ချို့ ဥပုသ်မစောင့်ရဘူးလို့ တစ်ယောက်စီ သဘောတူကြပြီး သင်္ကြန်မဏ္ဍပ်ကို အ၀န်းအ၀ိုင်းလာကြမယ်လို့ တိုင်ပင်ထားကြတာတဲ့။ စင်ပေါ်မှာလဲ ရွာလူကြီးဟောင်းက မိုက်ကိုင်လို့  " ဟလို . . ပျော်ကြရအောင် မောင်မယ်တို့ရေ . . အမျိုးသမီးတွေဆို စင်ပေါ်တက်ကလို့ရပါတယ် ။အမျိုးသားတွေကတော့ စင်အောက်မှာ ကလို့ရပါတယ်။ ဒီတစ်ခေါက် သမီးငယ်လေး ဘယ်သူရဲ့ တင်းတယ် . . ကို ခံစားကြရအောင်ပါ"
စသဖြင့် မဏ္ဍပ်နားလာသမျှ လူကြီးလူငယ်အပေါင်းကို မိုက်ကြီးနဲ့တပ်အော်ပြီး ကခိုင်းနေတော့တာ။ ဘယ်လောက်တောင်လဲဆို စင်အောက်မှာကတဲ့သူတွေထဲ ရွာလူကြီးလဲပါရဲ့ . . တခြားရွာကလူငယ်တွေလဲပါရဲ့ ။

အမယ် . . ရွာနောက်ပိုင်းက ဒေါ်မြငွေကိုလည်းကြည့်ဦး စည်ပိုင်းလောက်ကိုယ်လုံးကြီးအတွက် ဘယ်ကရှာတွေ့လာတယ်မသိတဲ့ ဂျင်းဘောင်းဘီကြီးဝတ်လို့ ။ နေကာမျက်မှန်ကြီးတပ်ပြီး
 " မောင်လေးတို့ရေ . . မမတို့နဲ့ပျော်ကြရအောင် " ဆိုပြီး မိုက်ကြီးနဲ့ လုလုအော်သေးတာ။ သူ့သမီးနဲ့ မြေးတွေကတော့ ရှက်လို့တဲ့ မလာကြဘူး။ ဒေါ်မြငွေတစ်ယောက်ထဲရယ်မဟုတ်ပါဘူး ။ အဲဒီအရွယ် တခြားမိန်းမကြီးတွေလဲ လာကကြတယ်။ မဏ္ဍပ်အောက်ဖက်မှာ ဘယ်လောက်တောင်
ကနေကြသလဲဆို ရေတွေလောင်းလိုက် ကလိုက်နဲ့ဆိုတော့ ဗွက်တွေကိုပေါက်လို့။ ကနေတဲ့သူတွေရဲ့ ခြေထောက်တွေဆို ရစရာကိုမကောင်းဘူး။ ဒါလဲ . . အိုကေ နားထား နဲ့ ခုန်ကြတုန်းပါပဲ။ အောက်မှာကနေတဲ့သူတွေက မူးပြီးကနေကြတာလို့ မထင်နဲ့ . . သောက်ထားတဲ့သူ သိပ်မပါဘူး။ အဲဒါတစ်ခုတော့ ကျွန်မတို့ရွာသင်္ကြန်က စိတ်ချမ်းသာဖို့ကောင်းတယ်။ ဒီတိုင်းသီချင်းသံကြောင့် ကနေကြတာချည်းပဲ။ စင်ပေါ်တက်မကချင်လို့ အောက်မှာပဲရေလောင်းလိုက် ကလိုက်လုပ်နေတဲ့ မိန်းကလေးငယ်တွေကိုလဲ ထိကပါးရိကပါး ဘယ်သူမှမလုပ်ကြပါဘူး။
တခြားရွာကလူတွေလဲ မလုပ်ဘူး ။ ကျွန်မတို့ရွာက လူငယ်တွေ လူကြီးတွေလဲ မလုပ်ဘူး။ ရန်ဖြစ်တာ ဘာညာလဲ မရှိဘူးရယ်။

မနက်ကနေ  ဒုန်းဒုန်း . . ဒုန်းဒုန်း  . . အုံးအုံး . . အုံးအုံးနဲ့ ကကြတာ နေ့လည် ၁၂ နာရီဆို ရေပက်တာ သိမ်းတယ်။ ကတဲ့လူတွေလဲ မောပြီးအိမ်ပြန် တရေးတမောနားကြတယ်။ ညနေ ၆ နာရီခွဲလောက်ကျ . . မီးမောင်းတွေနဲ့ အကျအနပြင်ဆင်ထားတဲ့နွေဦးကဗျာ ပေါ်မှာ မြန်မာသင်္ကြန်သီချင်းတွေပြန်နေရာယူလာပြီး တိုက်ထားတဲ့အကတွေ အဖွဲ့လိုက် အဖွဲ့လိုက် ကကြတယ်။ ရွာကလူတွေကလည်း စင်အောက်မှာ သူ့ခုံကိုယ့်ခုံအိမ်ကယူလာကြပြီး အစီအစဉ်ပြီးပါပြီဆိုသည်အထိ ထိုင်ကြည့်ကြတာ။
စင်ထောင့်မှာကတော့ ကာလသားလေးတွေစုပြီး တီးလုံးလေးနည်းနည်းမြူးလာတာနဲ့ ကကြပြန်တာပဲ။ ကျွန်မတို့ရောက်သွားတာက အတက်နေ့ဆိုတော့ အတက်နေ့တစ်နေ့ရယ် နှစ်သစ်ဆန်းတစ်ရက်နေ့ရယ် သင်္ကြန်ကိုမီတယ်။ ကျွန်မတို့ရွာရဲ့ ထုံးစံက နှစ်သစ်ဆန်းတစ်ရက်နေ့မှာပါ ရေလောင်းကြတာ။ အရင်က ဒီလို မဏ္ဍပ်မျိုးမထိုးဘူးလေ။ ဒီတိုင်းပဲ ရွာထဲမှာ အိမ်တိုင်းအိမ်တိုင်းရေလိုက်လောင်းကြတယ်။ အဆိုးဆုံးကတော့ နှစ်သစ်ဆန်းတစ်ရက်နေ့ပဲ ။ နှစ်သစ်ဆန်းတစ်ရက်နေ့ရေလိုက်လောင်းတဲ့အဖွဲ့နဲ့မိရင်
ဘယ်ပြေးပြေးမလွတ်ဘူး။ အိမ်ခေါင်မိုးနားက သင်္ဘောခြမ်းခေါ်တဲ့ . . စင်ပေါ်တက်ပြေးတောင် လိုက်လောင်းတာ။

အခုကျ ရွာမှာ သင်္ကြန်ဖြစ်တော့ နှစ်ဆန်းတစ်ရက်နေ့ထိပါ ကကြတာ။ နှစ်ဆန်းတစ်ရက်နေ့ နေ့လည် ၁၁ နာရီမှာမှ ကျွန်မတို့ရွာရဲ့သင်္ကြန်မဏ္ဍပ် သိမ်းတယ်။ လူတွေလဲ ညောင်းတဲ့သူညောင်း ။ နာတဲ့သူနာ။ လမ်းတောင် မနည်းလျှောက်ရတယ်ဆိုတဲ့သူတွေလဲ ဒုနဲ့ဒေး။

နှစ်ဆန်းတစ်ရက်နေ့ရဲ့ ညနေပိုင်းမှာ ရွာထုံးစံ ဘုရားရေသပ္ပါယ်နဲ့ ညောင်ရေသွန်းပွဲရှိတယ်။ ခါတိုင်းဆို ကျွန်မအပေါ်ကပြောပြခဲ့သလိုမျိုး . . လူစု . . တီးဝိုင်းလေးနဲ့ သွားကြတာ။ ဒီနှစ်တော့ ဘယ်လိုမျိုးလုပ်မှာပါလိမ့်။
" ၅ နာရီခွဲမှာ ဘုရားရေသပ္ပါယ်နဲ့ ညောင်ရေသွန်းမှာဖြစ်ပါသဖြင့် ပြင်ဆင်ထားကြပါရန် တိုက်တွန်းလိုက်ပါတယ်" . . ဆိုပြီး အသံချဲ့စက်နဲ့ အော်နေတာလဲကြားတယ်။ ငယ်ငယ်တုန်းက ကြုံဖူးတာကတော့ ရေထန်းတွေနဲ့ အတီးအမှုတ်တွေနဲ့သွားကြ . . ကကြနဲ့
ဘုန်းဘုန်းကိုလဲ ကန်တော့ကြ . .  သီလယူကြ ပြီးရင် ဓမ္မာရုံထဲက ဘုရားရုပ်တုတော်တွေကို ရေသပ္ပါယ်ကြ . . ရွာထိပ်က ညောင်ပင်ကြီးကို ညောင်ရေသွန်းကြ . . ညောင်ရေးသွန်းနေတုန်းမှာ တစ်ယောက်နဲ့တစ်ယောက် ရေတွေလောင်းကြနဲ့ ပျော်စရာသိပ်ကောင်းတာ။
ဒါနဲ့ ကျွန်မတို့လဲ ၄ နာရီလောက်မှာ ရေတွေဘာတွေချိုး . . ရွာလယ်မှာ လူစုရမှာလားလို့အဒေါ်တွေကိုမေးကြည့်တော့ အဲလို စုပြီးမသွားတော့ဘူး။ ဒီတိုင်းပဲ ဘုန်းကြီးကျောင်းရောက်မှ ဆုံကြတော့တာတဲ့။

အခုဆို . . ရွာဘုန်းကြီးကျောင်းက ၂ထပ် အုတ်ကျောင်းဆောင်ကြီးဖြစ်သွားပြီ။ ခန်းမကတော့ အရင်ကျွန်းကျောင်းကြီးထက်ပိုကျယ်လာတယ်။ အရင် ရွာတီးဝိုင်းလေးရှိနေကျနေရာကို လှမ်းကြည့်မိရင်း စိတ်ထဲမှာ တစ်ခုခုလိုနေသလို ဟာနေတယ်။
တစ်ယောက်စ နှစ်ယောက်စ ကျောင်းပေါ်တက်လာကြပြီး နေရာယူကြရင်း လူစုံသလောက်ရှိတော့ ဘုန်းဘုန်းက သီလထွက်ပေးတယ်။

အဲဒီနောက် ဘုရားရေသပ္ပါယ်ကြပြီး ညောင်ရေသွန်းကြတယ်။ နေရောင်ဝင်လုဝင်ခင် ညနေခင်းမှာ ဟိုးးးတုန်းက ဒီချိန်ဆို ညောင်ပင်ဒီဖက်ခြမ်းက ဟိုဖက်ခြမ်းကိုပက်တဲ့ရေနဲ့ စိုစိုရွှဲနေတတ်တဲ့ ရွာသူ ရွာသားတွေကို စိတ်ထဲမြင်ယောင်နေမိတယ်။ ဘာကိုနှမြှောမိမှန်းမသိပေမယ့် ဆုံးသွားတဲ့ဘိုးလေးထွန်းရွှေရဲ့နှဲကို မှုတ်မယ့်သူမရှိတော့တာကိုရော . . ပွဲတိုင်းအသုံးတော်ခံခဲ့တဲ့
ကြေးမောင်းဆိုင်းကလေးကို တီးမယ့်သူမဲ့သွားတာကိုရော စိတ်ထဲနှမြှောမိတယ် ။ ဗုံဗုံ ဗုံဗုံနဲ့ အသံမြည်လိုက်ရမှ ပွဲဖြစ်တဲ့ကျွန်မတို့ရွာရဲ့ ဗုံတွေရော ပတ်စာမရှိဘ၀နဲ့ ဘယ်လိုမျက်နှာငယ်နေကြရရှာမလဲ။ ကျွန်မအတွေးတွေက ဟိုးးး . . ဆယ်စုနှစ်တွေဆီက . .
" မီးရောင်အောက်က ဇာတ်လမ်း" ထဲမှာ . . အရှေ့ဖက်ဆီက မင်းဝံတောင်နဲ့ ဆင်ခေါင်းတောင်တို့နဲ့အပြိုင် မှိုင်းပျလို့ ........။     ။


ခရေငယ်(၆.၅.၂၀၁၁)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခရီးဆောင်စိတ်

အသဲကွဲသွားလို့တဲ့ . .
သူတို့လာလာပြောကြတယ်

အဆင်ပြေသွားမှာပါဟယ်
ဒီထက်သာတာ တွေ့ဦးမှာဆိုတဲ့
ကိုယ့် . . နှစ်သိမ့်စကားရဲ့နောက်မှာ
ယုံကြည်မှုတစ်ဝက်စာတောင် ကပ်ပါမသွားတာ
ကိုယ်သာ သိတယ် . . 

ဒုက္ခအဟောင်းကို မြတ်နိုးသူပါကွယ်
အတိတ်အကြောင်းတွေ ထည့်သယ်ထားတဲ့
ကျောပိုးအိတ်ကို
လူလစ်လစ် မလစ်လစ်
ပစ်မချချင်တဲ့ကောင်ပါ . .

နေ့တွေအသစ်ပြောင်းလာပြီး
မေးလ် အသစ်မရောက်ပါ
စကားအဟောင်းများထဲ၌သာ
ပြည့်စုံသာယာနေသောဘ၀ ဖြစ်တယ် . .

သတိရတိုင်း ချချရေးနေလို့
Notepad တွေ စက်ထဲမွစာကြဲကုန်ရဲ့
စကားလုံးတွေ ပြောင်းသွားကြပေမယ့်
ခံစားချက်အဟောင်းတွေနဲ့
အရောင်ညီ ကဗျာဟောင်းတွေပဲ ဖြစ်ဖြစ်နေပြန် . .

မှားကျွံမိတဲ့ခြေထောက်ကြောင့်
တစ်ဘ၀လုံးပေါက်ကျသွားသတဲ့
ပြန်ရွေးဟဲ့လို့ အခွင့်ပေးခဲ့ရင်လဲ
အဲဒီခြေရာအတိုင်း ပြန်လှမ်းပစ်လိုက်မယ်

အခုနေတော့ . . သွားလေရာရာမှာ
သူနဲ့ဆိုင်တာတွေဆို အကုန်ထုပ်ပိုး
ဒဏ်ရာကိုလဲ မြတ်နိုးတတ်ခဲ့ပြီ . . ။           ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဦးတည်ရာပျောက်သွားသော . . ပိတောက်များ

လှမ်းမျှော်ကြည့်လို့မမြင်နိုင်တဲ့ နှလုံးသားရဲ့ ဟိုအဝေးမှာ . . သူမချစ်သူ နေထိုင်တဲ့ မြို့လေး ရှိမယ် . .။ ထင်းရူးနဲ့ ယူကလစ်နံ့တွေရောနေတဲ့ လေပြေကိုသူရှူရှိုက်ဖြစ်တဲ့အခါ . . သူမလဲ ဒီလေပြေရနံ့မျိုးကို သိပ်မြတ်နိုးပါလားလို့ တစ်ခါတစ်လေတောင် သူတွေးဖြစ်မှာ မဟုတ်ပါဘူး ။ သူမ . . သူ့ကို အဲဒီအကြောင်း မပြောပြဖူးခဲ့ဘူးလေ ။

ချစ်သူ့တောင်ပေါ်ဒေသလေးမှာ ချယ်ရီတွေဝေသလို . . သူမရဲ့နေရာလေးမှာလဲ မနေ့က ပိတောက်တွေပွင့်ကြတယ်။ လမ်းဘေးဝဲယာက ပိတောက်ပင်တွေဆိုတာ . . ၀ါခဲနေအောင်ပွင့်ကြပြီး . . အရွက်စိမ်းတွေတောင် ပျောက်လုဖြစ်ရတယ်။ ဖြတ်သွားဖြတ်လာ လေပြေမှာ . . ပိတောက်နံ့နဲ့သင်းနေတဲ့ နေ့တွေ ကိုယ်ပိုင်ဆိုင်ရတော့ . . ဘာရယ်မဟုတ် သူ့ကို အောက်မေ့တယ်။ လေပြေအဝေ့မှာ တဖွဲဖွဲကြွေကျနေတဲ့ ပိတောက်ပွင့်ဖတ်တွေခင်းတဲ့လမ်းမှာအတူတူ သူတို့ တစ်ခါမှ မလျှောက်ခဲ့ကြဖူးဘူး။ ပန်းပွင့်ဖတ်လေးတွေ ဝေ့၀ဲကျလာပုံက အပင်ပေါ်မှာ အပွင့်လေးတွေ ကုန်များကုန်သွားတော့မလားလို့ စိတ်ပူမိချင်စရာလဲကောင်း . . ကြည်နူးလွမ်းဆွတ်စရာလဲကောင်းတာမို့ . . လွမ်းဆွတ် တမ်းတစိတ်တွေကို ဒီအချိန် ဒီနေရာမှာခြွေချဖို့ သူမ နှမြှောတသ မဖြစ်ခဲ့ဘူး။

ဒီနှစ် သင်္ကြန်မှာ ပိတောက်တွေသိပ်မပွင့်ခဲ့ရလို့ ထင်ပါရဲ့ . . နောက်ဆုံးလက်ကျန်ပိတောက်တွေ အစွမ်းကုန်ပွင့်နေလိုက်ကြတာ . . အဖူးအငုံမကျန်သလောက်နီးပါးပဲ ။ သူမြင်ရင်ရော ပျော်မှာပဲလား . . ။ အဆွေးဓါတ်ခံနဲ့မို့များ . . ပိတောက်ပွင့်တဲ့ရက်က သူမအတွက် ကဗျာသိပ်ဆန်နေတာလား မပြောတတ်ပေမယ့် . . ဒီလိုခံစားနိုင်တဲ့ နှလုံးသားကိုပဲ ကျေနပ်ကျေးဇူးတင်မိတယ်။ သူမရဲ့ ကမ္ဘာကြီး . . သူမရဲ့ ရန်ကုန် . . သူမ သွားနေကျလမ်းကလေး သိပ်လှတာပဲ ။ သိပ်လှတာပဲ . . သိပ်လှတာပဲလို့ သူမပြောပြချင်မိတဲ့သူတွေ တော်တော်များတယ်။

သူမရဲ့ချစ်သူ . . သူမချစ်တဲ့ သူငယ်ချင်းတွေ . .  သူမချစ်တဲ့ ကဗျာဆရာတွေကိုပေါ့ . .။ ဒါပေမယ့် . . အဲဒါတွေလိုက်ပြောပြနေရင် ဒါလေးကိုများ တခမ်းတနားခံစားနေသေးတယ်ဆိုပြီး . . သူမကို အရူးကောင်လို့ ၀ိုင်းပြောကြမလားမသိ ။ တကယ်တော့ . . ပြောပြချင်တယ်ဆိုတာကလဲ . . တုန့်ပြန်မယ့် Response တစ်ခုခုပြန်လိုချင်တာထက် သူမတွေ့တဲ့မြင်ကွင်းလေး . . သူမရတဲ့ Feeling လေးကို ကြည်နူးစေချင်တဲ့စိတ်နဲ့ ပေးသိချင်တာလေးတစ်ခုပါပဲ ။ ဒါပေမယ့် . . ဒီအတွေးနဲ့တစ်ဆက်တည်းမှာ . . သူမချစ်တဲ့သူနဲ့  အဆက်အသွယ်မလုပ်ဖြစ်တာ . . အတော်ကြာခဲ့ပြီပဲလို့ သူမဖာသာ ရှာတွေ့တယ်။ နောက် . . ချစ်တဲ့ ကဗျာဆရာတွေရဲ့ အကောင့် သူမမှာမှမရှိဘဲ ။ အင်းလေ . . သူတို့အကောင့်ရှိတော့ကော သူမလို ငတုံးငအက ဘာသွားပြောတတ်မှာလဲ ။ သူ့ကဗျာက ဘယ်လိုစာသားနဲ့ ဘယ်လိုခံစားမှုနဲ့ ဘယ်လိုအရေးအသားနဲ့ ဘယ်လိုအဆင့်မြင့်တာလို့ မချီးမွမ်းတတ်ပေါင် ။ “ခင်ဗျားကဗျာတွေကို ကြိုက်တယ်ဗျ ” ဆိုတာတစ်ခုက သူမပြောတတ်တဲ့ အစွမ်းကုန်ပဲ ထင်ပါရဲ့ ။ အကောင့်ရှိရှိ မရှိရှိ သူတို့ကဗျာတွေရေးထုတ်နေကြတာကိုပဲ အသေအလဲ ကျေးဇူးတင်နေမိတတ်တာကမှ သူမအစစ်။ ကဗျာတစ်ပိုဒ်ကို ချစ်မိသွားရင် အူထဲမှာယားလာသလိုလို . . ကလိကလိခံစားမှုမျိုးနဲ့ ကျိတိကျက်တက်ပျော်သွားရတာလေးကို သူမဖာသာ ကျေနပ်နေတော့တာ။

သူမသေသွားခဲ့တဲ့အခါ . . Dead body လှူသလိုမျိုး . . သူမရဲ့နှလုံးသားကိုလဲ ကဗျာတက္ကသိုလ်ရဲ့ နှလုံးသားအလှူခံဌာနမှာ သုတေသနပြုဖို့ လှူခဲ့ရ ကောင်းမလား ။ သူမနှလုံးသားကို အစိပ်စိပ်မွှာမွှာ စိပ်ဖြာကြည့်မယ်ဆိုရင် ခံစားထားမိတဲ့ ကဗျာအတွေးတွေ . . ရေးဖြစ်ခဲ့တာတွေနဲ့ ရေးမတတ်ခဲ့တာတွေ . . ခံစားမှုကို အရေးအသားလိုက်မမီခဲ့တဲ့ သူမရဲ့အားနည်းချက်တွေအကြောင်း ကျန်ခဲ့တဲ့ကဗျာစိတ်ဝင်စားသူတွေ သူမလိုမဖြစ်အောင် သူမနှလုံးသားအဟောင်းကြီးက ပြပေးနိုင်မလားလို့ တစ်ခါတစ်လေကြောင်တောင်တောင် မျှော်လင့်နေမိတာလဲရှိရဲ့ ။ ဒါပေမယ့် ကဗျာတွေတိုးတက်ဖို့ ရုပ်ဝတ္ထုနှလုံးသားကြီးက ဘာသွားသုံးစားလို့ရပါ့မလဲ နော် . .။

စစတုန်းက . . ချစ်သူနဲ့ သူမရဲ့ အပိတ်လိုက်ခြားထားတဲ့ အကွာအဝေး(ခရီးမိုင် မဟုတ်ပါ) အကြောင်း ရေးမယ်စိတ်ကူးထားတာ . . ဘယ်လိုကဘယ်လို စကားလမ်းကြောင်းတွေ ချော်ကုန်ပါလိမ့် ။
စိတ်ခံစားမှုကလဲ ခဏချင်းပြောင်းနေတာ . . သဝေထိုးနဲ့ န ငယ်နဲ့ကြားမှာတောင် . . သဝေထိုး ခံစားမှုနဲ့ နငယ်ခံစားမှုမတူပြန်ဘူး . . ။
 ကဲ . . ဒီတော့ သူမရေးတဲ့ အကြောင်းအရာက ဗြဲရမ်းရမ်းဖြစ်သွားတာ ဘယ်ဆန်းပါတော့မတုန်း ။

မနေ့က ပိတောက်လက်ကျန်တွေ  ဒီနေ့လဲ ထပ်တွေ့ရသေးတယ်။ ဒီနေ့ပွင့်မယ်ဆို . . အတူတူပွင့်မယ်လို့ ပိတောက်ပင်တွေ အချင်းချင်း စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်ရှိကြတာကလဲ အံ့သြစရာ။ သဘာဝပဲဆိုရင်လဲ အဲဒီသဘာဝကို သူမကတော့ အံ့သြ၀မ်းသာတာပဲ ။  အဲလို နှလုံးသားချင်းနီးနေတဲ့ သူငယ်ချင်းမျိုး . . ချစ်သူမျိုး . . သူမမှာမှ မရှိတာကွယ် ။ ဒီလိုနဲ့ ပိတောက်ပန်းတွေအများကြီး သူမ မိတ်ဆွေတွေအတွက် ယူလာခဲ့ပြီး စားပွဲပေါ်မှာ တင်ပေးထားခဲ့တယ်။ ပန်းတွေမြင်ပြီး ပျော်ပျော်ရွှင်ရွှင်လာယူကြတဲ့သူတွေရဲ့ အပြုံးကိုကြည့်ပြီး သူမကပြန် ကျေးဇူးတင်နေမိတယ် . . ။ “ ပန်းတွေ မင်းယူလာတာလား  ” ဆိုတဲ့ စကားသံကို . . “ ဟုတ်တယ် . . မင်းလိုချင် ယူလို့ရပါတယ်” လို့  ၀မ်းသာစွာပြန်ပြောတုန်း . . “ ဒီပန်းအနံ့ကို မခံနိုင်ဘူး . . တခြားမှာ ပြောင်းထားပေးလို့ရမလား” ဆိုတဲ့ စကားသံဆီမှာ . . သူမ နှလုံးသားတွေ ရုတ်တရက် ၀ုန်းကနဲ ခက်ထန်ကြမ်းတမ်းသွားကြတယ်။ အင်း . . ဒါလဲ . . သူ့Right ပဲလေလို့ တွေးပေးလိုက်ပြီး . . “ ဆောရီး ” ဆိုတာပဲ ပြန်ပြောလိုက်ပေမယ့် တကယ့်စိတ်ထဲမှာတော့ သူမလဲ . . အဲလိုလူမျိုးတွေကို သိပ် sensitiveဖြစ်တတ်လို့ တခြားမှာ သွားထိုင်ပေးလို့ရမလား ..  ထိုင်စရာတွေပေါတာပဲလို့ အကြိမ်ကြိမ်ပြောပစ်နေမိတယ်။ ပြီးတော့ ဒါက သူမတို့အတွက် ရှားပါးလွန်းတဲ့ တစ်နှစ်မှာရက်သိပ်မရှိတဲ့ ပိတောက်ပွင့်တဲ့နေ့လေ ။ သူမ စီးထားမိတဲ့ ဟန်ဆောင်ချိုသာခြင်းဖိနပ်က သူမနဲ့ အံဝင်ဂွင်ကျ မရှိလှတာကို သတိထားမိတာ တော်တော်လေးကြာခဲ့ပြီ။ ဖိနပ်ပေါက်လွန်းလို့  . . သူမစိတ်ခြေထောက်လဲ ဒဏ်ရာအနာတရဖြစ်ရတာ များပြီလေ ။

ဒီလိုနဲ့ နေစောင်းတဲ့အခါ . . ပိတောက်လမ်းက ဖြတ်ပြီး . .ပြန်လာတယ် . . သူမ နားထဲမှာ ၀င်းဦးရဲ့ ပိတောက်ရိပ်ဝယ် သီချင်းထဲက
“ လေယူရာ တလွှင့်လွှင့်
ပိတောက်ပွင့်ကလေးရေ
ချစ်ဖော်နဲ့ လွဲရလို့ အသည်းနာသေး  . .
ကပိုကရို မပျောက်စိတ် . .
ငိုမလို တစ်ယောက်မအိပ်
အို . .အိုး . .  ပိတောက်ရိပ်ဝယ် ” . .  ဆိုတာလေး ကြားယောင်နေမိတယ် . . ။

ကတ္တရာလမ်းပေါ်ကြွေနေတဲ့ ပိတောက်ပွင့်ဖတ်ဝါလေးတွေ အရှိန်ပြင်းလှတဲ့ လိုင်းကားတွေ ဖြတ်အသွားမှာ ခုန်လိုက်ကြတာမို့ ပျော်နေတာများလား . . ဒါမှမဟုတ် . . မြေမှာ မနေချင်ဘဲ ပိတောက်ကိုင်းမှာကျန်ခဲ့တဲ့ သူတို့ရဲ့ အညှာလေးတွေဆီကို ပြန်သွားဖို့ အားထုတ်နေတာလားလို့ . . . တွေးရင်း . . နောက်ထပ် . . “ အလှထူး . . လတန်ခူးရောက်ရင်ဖြင့် မြဖူးခိုင်ရွှေဝါ . . ၀င်းပပ ပိတောက်ပန်းလေးများ . . မင်းထံပို့မှာ အမှန်မသွေ” ဆိုတဲ့ သီချင်းလေးတစ်ပိုဒ်  ခပ်တိုးတိုးညည်းလိုက်မိသေးတယ်  . . ။    ။

ခရေငယ်(၂၉.၄.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS