RSS

“တခါတရံတွင် . . ပိုင်ဆိုင်ခွင့်ရရန်မကြိုးစားခြင်းသည်လည်း အချစ်ဖြစ်လေသည် ”


ခေငယ် ငယ်ငယ်ထဲက အကောင်လေးတွေကို ချစ်တတ်ပါတယ်ဗျာ ။ အကာင်လေးဆိုလို့ ကောင်လေးတွေလို့ မတွေးလိုက်ကြပါနှင့် ။
ငယ်တုန်းကတော့ “ အ” ပါသော  ခွေးလေး . . ကြောင်လေးတွေ စသဖြင့် အကောင်လေးများကို ဆိုလိုတာပါ။
ငယ်ငယ်ထဲက ခေငယ်တို့အိမ်မှာ ကြောင်လေးတွေရှိနေတတ်တယ်။ တမင်မွေးထားတာမျိုးမဟုတ်တောင်
ဘယ်က ဘယ်လိုရောက်လာမှန်းမသိသော ကြောင်ပေါက်စလေးတွေ . . တမင်တောင်းလာသော ခွေးလေးတွေနဲ့
အိမ်မှာ ခွေးကြောင် ပြတ်သည်ဟု သိပ်မရှိသလောက်ပင် ။

သေချာ မှတ်မိသော ကြောင်တစ်ကောင်ရှိပါသေးရဲ့ ။ အကောင်လဲ အရမ်းကြီးပြီး တစ်ကိုယ်လုံး ကြောင်ရောင် ( အညို)  . .
အမြီးကတော့ ရောက်လာခါစ ကြောင်သေးသေးငယ်ငယ်လေးထဲက ကောက်နေတာကြောင့် ကြောင်နာမည် အကောက်လို့  ပေးထားတယ်။
အဲဒီတုန်းက အကောက်ဆိုတာ ကျောက်စိမ်းသူဌေးတစ်ယောက်ရဲ့ နာမည်လဲ ဟုတ်သဗျ။ အကောက်က ညညဆို လျှောက်လည်နေတတ်ပြီး
မနက်မိုးလင်းရင် ခေငယ့်စောင်ပေါ်တက်အိပ်နေတတ်တယ်။ အရမ်းအပျင်းထူပြီး အအိပ်အစားမက်တဲ့ ကြောင်ကြီးပေါ့ဗျာ။
ပြီးတော့ ကိုယ်တိုင်က ဖျက်ဆီးနေတယ်ပဲပြောပြော ခေငယ်က ကြောင်ဆို အအိပ်မက်ပြီး အပျင်းထူတဲ့ ကြောင်ဆို ပိုချစ်တတ်တယ်။
ကြောင်တွေအပျင်းထူပြီး အိပ်နေပြီဆို ပျင်းနေတဲ့ရုပ်ကြီးကကို ချစ်စရာအရမ်းကြီးကောင်းနေတယ်လို့ ထင်ပါရဲ့။
တစ်ခါတစ်လေများ ခေငယ် အခန်းပြောင်းအိပ်ဖြစ်ရင် ခေငယ်နဲ့အိပ်တဲ့ကောင်တော့ ဘယ်သွားအိပ်မလဲ လို့ ပူပန်ပြီး ပြောင်းအိပ်ရပေမယ့်
မနက်မိုးလင်းရင် ခေငယ့်ကြောင်ကြီး အကောက်က စောင်ပေါ်ရောက်နေတတ်မြဲ ။ ကြောင်တွေက သခင်ရဲ့ကိုယ်နံ့ကိုခွဲသိပြီး
အဲလိုပဲ လိုက်အိပ်တတ်တယ်။ နောက်ဆို အခန်းပြောင်းအိပ်ဖြစ်လဲ အကောက်လာတတ်တာသိတော့ သိပ်မစိုးရိမ်တော့ပါဘူး။
အိမ်ရဲ့ ဘယ်နေရာမှာပဲအိပ်အိပ် အခန်းတံခါး မပိတ်ထားရင် မနက်ဆို ဂူးဂူးဆိုတဲ့  မြည်သံနဲ့ ခေငယ့်ကြောင်ကြီး ရှိနေတတ်မြဲ။
တစ်ဖြည်းဖြည်း အသက်ကြီးလာတော့ ကြောင်ကြီးက ဘယ်ရောက်သွားမှန်းမသိတော့ပါဘူး ။ ညပိုင်းလည်ရာကနေ ပြန်မလာတော့ဘူးလေ။
ခေငယ်တို့ ကလေးတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ လူကြီးတွေက အကောက်က လျှောက်လည်နေတာ သူပျော်တဲ့နေရာသွားခဲ့ပြီ ။
အဲလိုပဲ ပျော်နေတော့ ပြန်မလာတော့ဘူးလို့ ပြောပြကြတယ်။ ဟုတ်မဟုတ် သေချာမသိပေမယ့် ခေငယ့်စိတ်ထဲမှာ အကောက်က
လည်လည်သွားနေတာ ပျော်နေတာလို့ပဲ တွေးဖြစ်သွားတယ်။ သူများသတ်လိုက်တယ်လို့ကို တွေးလို့မရခဲ့ပါဘူး။
ခုချိန်ဆိုရင်တော့ မရှိတော့လောက်ဖူးပေါ့ ။ ကြောင်ကြီးရောဂါနဲ့ ဆုံးလောက်ရောပေါ့ဗျာ ။

နောက်ပိုင်း ကြောင်တွေ ခွေးတွေနဲ့ကတော့ ကျောင်းသွားတက်တာ ဘာညာနဲ့ သိပ်ရင်းရင်းနှီးနှီးမနေဖြစ်တော့ပါဘူး။
ဒါပေမယ့် ချစ်တာတော့ ချစ်တုန်းပဲဗျ။ ငယ်တုန်းက ခွေးတွေ ကြောင်တွေချစ်လို့ ဘယ်ကောင့်ဖြစ်ဖြစ် တရင်းတနှီးဖက်လိုက်
ပွေ့လိုက်လုပ်တတ်လွန်းလို့ ကြောင်ကုတ်ခံရ . . ခွေးဟပ်ခံရတာလဲ ခဏခဏပေါ့ဗျာ။ ဒီကောင်တွေက စကားသာ အသံနဲ့
မပြောတတ်တာ စိတ်မကောင်းဖြစ်ရင်လဲ သိသာတယ် ။ မျက်လုံးအကြည့်တို့ မျက်နှာရိပ်မျက်နှာကဲတို့ကျ ခွေးတွေကြောင်တွေက
သိပ်လုပ်တတ်တာ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကျနေတာပဲ ။ နည်းနည်းအော်မိလို့ စိတ်မကောင်းဖြစ်သွားပြီဆို မျက်နှာလေးတွေတောင် အိုလို့။
ဒီကောင်တွေ ပျော်နေပြီဆိုလဲ ဆူဆူညံညံနဲ့ ကြည့်ရတာကို မြူးနေရော ။ အစာတောင်းကြပြီဆိုလဲ တစ်ကောင်တစ်မျိုး ချစ်စရာ အကျင့်လေးတွေနဲ့။
လက်နဲ့ပုတ်တောင်းတဲ့ကောင်နဲ့ အီအီ အီအီ အသံပြုတဲ့ကောင်နဲ့ . . သစ်သားချောင်းလိုဟာကို ဂွပ်ဂွပ်နဲ့ အသံမြည်အောင် ကိုက်ပြီး ဗိုက်ဆာတယ်လို့
ဆန္ဒပြတဲ့ကောင်နဲ့ ။ တစ်ခါတစ်လေ အချင်းချင်း စားမာန်ခုတ်ကြနဲ့ အစုံပဲ ရီရတယ် ။ အမှန်တော့ ခွေးကြောင် မချစ်တတ်တဲ့သူအတွက်တော့
ဘာမှလဲ မဟုတ်လောက်တဲ့ပုံစံတွေပေမယ့် ချစ်တတ်တဲ့ခေငယ်လိုကောင်ကျတော့ သူတို့အမူအရာတွေလုပ်တတ်တာထက် ကိုယ့်ဖာသာ
ဒါလေးကတော့ ဒီလိုထင်တယ်ဆိုပြီး ခံစားကြည်နူးနေတာမျိုးက ပိုတာပေါ့ဗျာ . . ဟီး ။

ဒါပေမယ့် ခွေးတွေကြောင်တွေမွေးရတာက သံယောဇဉ်ထားမိရင် မလွယ်ဘူးဗျ ။ တစ်ခုခုများဖြစ်လာရင် စိတ်မကောင်းဖြစ်ရတာ
ဆိုးသလားမမေးနဲ့ ။ ဒီကောင်တွေကလဲ တော်တန်ရုံဘေးရန်တော့ ရှောင်တတ်ကြပေမယ့် အကုန်လုံးတော့ ဘယ်ဟုတ်ပါ့မလဲဗျာ။
သူတို့ချင်းကိုက်လို့ ပေါက်ပြဲတာမျိုးဖြစ်ဖြစ် . . ဆေးမိလာလို့ ပဲဖြစ်ဖြစ် ။ ရောဂါဖြစ်ပြီဆိုရင်ဖြစ်ဖြစ် စိတ်ပူရတာ တအားပဲ။
ကုပေးလို့ရရင်တော်သေး . . ကုလို့လဲမရရင် ကိုယ့်ရှေ့  မှာမြင်နေရတာ အရမ်းရင်နာစရာကောင်းတာ ။
အဲဒါနဲ့ နောက်ပိုင်းကျ သံယောဇဉ်အရမ်းဖြစ်ပြီး တစ်ခုခုဆို ခံစားရတာဆိုးလို့ အိမ်မှာ ခွေး ကြောင် လုံးဝ မမွေးတော့ဘူးလို့
ဆုံးဖြတ်ပြီး ခုဆို ဘာကောင်မှ မမွေးဖြစ်တော့ဘူး ။

ဒါပေမယ့် ခွေးချစ် ကြောင်ချစ် အကောင်ချစ်တဲ့ စိတ်ကတော့ မကုန်သေးဘူးဗျ ။ လမ်းသွားရင်း ခွေးတွေကြောင်တွေတွေ့ရင် စချင်သေးတာ။
ပြီးတော့ ခု ခေငယ်က ရန်ကုန်မှာ အဆောင်နေရတော့ ခွေးကြောင် အကောင် မွေးဖို့လဲ အဆင်မပြေပါဘူးလေ။
ကိုယ့်ဖာသာတောင် ထမင်းနပ်မှန်အောင် မနည်းစားနေရတာ ။ မွေးလဲ ဒီကောင်တွေ ဒုက္ခရောက်ဖို့ပဲရှိတယ် ။
ဒါကြောင့် ခုနောက်ပိုင်းတော့ ခွေးတွေကြောင်တွေ သူများမွေးထားတာလေးတွေပဲ လိုက်လိုက်ကြည့်ပြီး ပျော်နေတတ်တော့တယ်။
ဘယ်သူ့ဆီမှာ ဘာကောင်လေး မွေးထားတယ် ဆို သတင်းကြားရတာနဲ့တင် ပျော်နေတတ်ပြီ။ အကျင့်လေးက ဘယ်လို ဆို
သဘောတကျပဲ စိတ်ထဲမြင်ယောင်လို့ပေါ့ ။ ခေငယ်နေတဲ့ရပ်ကွက်က လမ်းခွေးလဲ များတော့ ဒီကောင်တွေနားက ဖြတ်သွားရင်
မကြောက်တဲ့ပြင် ချစ်တောင်ချစ်သေး ။ ဘယ်ကောင်ကတော့ ဘယ်လိုဟ ဆိုပြီး နှုတ်ဆက်ရတာနဲ့ ။ (သူတို့ကတော့ ပြန်နှုတ်မဆက်ကြပါဘူး )
အခုတော့ ကြောင်တွေ ခွေးတွေဆိုတာ မွေးဖို့မဟုတ်တော့ဘဲ သူများမွေးထားတာလေးကို မြင်ရ ကြားရရင်ကို ခေငယ့်အတွက်
ပျော်စရာကောင်းနေပါပြီ ။ ကိုယ်ပိုင် အကောင်လေး မွေးချင်ပေမယ့် ကိုယ့်ဆီထားတာထက် ကိုယ့်ထက်စောင့်ရှောက်နိုင်တဲ့သူတွေ
မွေးကြတာကိုပဲ ၀မ်းသာတော့မယ်လို့လဲ စဉ်းစားမိတယ် ။ သူတို့ကို ချစ်တဲ့စိတ်သာ ရှိပေမယ့် စောင့်ရှောက်နိုင်တဲ့ လုံခြုံအောင် ထားနိုင်တဲ့
အရည်အချင်း မပြည့်မီတော့ ဒီလိုပဲ အဝေးက ချစ်နေရတာကပဲ ခေငယ့်တွက် အသားကျ အဆင်ပြေသွားတော့မယ်ထင်ပါရဲ့။

တစ်ခါတစ်ခါကျတော့လဲ ကိုယ့်ဆီမှာ ရှိဖူးတဲ့ အကောင်လေးတွေအကြောင်း သတိရမိတယ် ။ ချစ်စရာအကောင်လေးတွေတွေ့ရင် လိုချင်သလိုဖြစ်သွားတတ်ပေမယ့်
အကောင်လေးတွေ ခေငယ့်နားမှာထက် သူများဆီမှာပိုအဆင်ပြေကြမှာ ဆိုတာတွေးမိရင် မတောင်းဖြစ် မ၀ယ်ဖြစ်တော့ပါဘူး ။
ဒီကောင်တွေကို ချစ်ချစ်ခင်ခင်နဲ့ စောင့်ရှောက်ပေးကြတဲ့သူတွေကိုပဲ စိတ်ထဲကျေးဇူးတင်ပြီး . . ဒီကောင်တွေတွက် ၀မ်းသာနေဖြစ်တော့တယ်။
ခေငယ်လဲ ချစ်တော့ချစ်တတ်ပါတယ်ဗျာ . . ဒါပေမယ့် . .သူတို့အတွက် အဆင်မပြေဘူးဆိုရင် ဘယ်တစ်ကောင်ကိုမှ ကိုယ့်နားခေါ်မထားချင်တော့ပါဘူး ။
သူတို့အဆင်ပြေပျော်ရွှင်ကြတာကြည့်ရင်း ကြည်နူးဝမ်းသာချင်မိပါရဲ့ ။ သူတို့မသိလဲ . . ခေငယ်ကတော့ သူတို့ကိုချစ်တဲ့စိတ်နဲ့ ကြည်နူးနေရရင်ပဲ တော်ပါပြီဗျာ ။              ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

ပြောခဲ့ပါ . . တစ်ခုခုပေါ့