RSS

အရောင်စုံ ရထား

ရန်ကုန်-မန်းလေး ရထားကြီးပေါ် ကျောပိုးအိတ်ခပ်လေးလေးကိုလွယ်ရင်း
ကျမထိုင်ရမယ့် ကျမရဲ့ထိုင်ခုံနံပါတ်ကို မြန်မြန်လိုက်ရှာလိုက်တယ် ။
ဟုတ်တယ်လေ . . ခုံမြန်မြန်တွေ့ရင် စောနေသေးတော့ ခဏဖြစ်ဖြစ် ခုံပေါ်လှဲအိပ်လို့ရသေးတယ်မဟုတ်လား ။
တွေ့ပါပြီ . . ပြတင်းပေါက်နဲ့ ကပ်ရက်မို့ ၀မ်းသာသွားတယ် ။ မနက်စောစောရထားဖြစ်တာရယ် ဘူတာစဉ်တွေရပ်တာများလို့ စီးရအချိန်ကြာတာရယ်ကြောင့် လူသိပ်မစီးတော့ ချောင်မယ်လို့ မျှော်လင့်ရတာပဲ။
 ကိုယ့်တွက်ကိန်းနဲ့ကိုယ် စိတ်ချမ်းသာသွားတယ်။

ကျမနဲ့ အတူတူ ရန်ကုန်တက်တွေလဲ ကိုယ့်နေရာကိုယ်ရှာရင်း ထိုင်ငိုက်တဲ့သူငိုက် အိပ်တဲ့သူအိပ် အချင်းချင်း စကားပြောသူပြောလို့ ။
မနက်အရမ်းစောတော့ နေ့လည်ရထားတွေ ညနေရထားတွေလို အလွမ်းသည်လေးတွေ မတွေ့ရတာများတယ်။
စောစောစီးစီးဆိုတော့ လိုက်ပို့ဖို့ခက်ကြတာကိုး ။

ဘေးခုံက မလာသေးဘူးဆိုတော့ အိပ်ဦးမယ် တွေးနေတုန်း . .
မျက်နှာချင်းဆိုင်ခုံမှာ သီလရှင်တစ်ပါး နဲ့ ကလေးအမေတစ်ယောက် နေရာယူနေကြပြီ ။
ကလေးက ၅ နှစ် ၆ နှစ်လောက်များရှိမလား မသိ။ သိပ်မခန့်မှန်းတတ်တော့ မပြောတတ်ဘူး။ ဈေးသက်သာမယ့် အနွေးထည်လေးဝတ်ပြီး ညိုညစ်ညစ် အသားလေးနဲ့ ဆံပင်စုတ်ဖွားလေးရယ်။

ရထားစထွက်သည်ထိ ဘေးခုံက မလာသေးတော့ လမ်းဘူတာမှာ တက်မှာသေချာသွားပြီမို့ စိတ်ချလက်ချ အိပ်လိုက်တယ်။
မနက်သိပ်မလင်းသေးတော့ ပတ်ဝန်းကျင်ရှုခင်းကြည့်ဖို့လဲ မကောင်းလှသေးဘူးမဟုတ်လား။

“ ဘော် ဘူး . . ဘော် ” ဆိုတဲ့ ဘူတာဝင်ရထားဥသြသံကြောင့် ဘယ်ရောက်ပြီလဲ နားစွင့်ကြည့်လိုက်တော့
ပဲခူးဝင်တော့မယ် လို့ ကြားလိုက်တယ်။
ရထားစီးရတာ ဘူတာဝင်ရင် ဘယ်ဘူတာလဲ ထကြည့်ဖို့ သိပ်မလိုဘူး။
ခရီးသည်တွေ အချင်းချင်းပြောနေတဲ့ ဘာဘူတာထင်တယ်ဆိုတာ နားထောင်လိုက်ရင် ရပြီကိုး။
အိပ်ရေးလဲ နည်းနည်းဝသွားလို့ ထထိုင်လိုက်တုန်း ကွက်တိပဲ ဘေးခုံကို လူရောက်လာတယ်။
အမယ် . . မျက်နှာချင်းဆိုင်ခုံကို အားကျမခံပဲရှင် ။ ကျမခုံဘေးကိုလဲ သားအဖ ၂ ယောက် တက်လာတာပါလား။
သမီးတစ်ယောက် အဖေတစ်ယောက်ပေါ့လေ။ ဆွဲလာတဲ့ခြင်းတောင်းကြီးထဲမှာလဲ စားစရာဘူးတွေအပြည့် ။
သမီးလေးကို ဆင်ထားတာကလဲ လိမ္မော်ရောင် အနွေးထည်ခပ်လှလှ လတ်လတ်လေးနဲ့ ။

၂ယောက်ခုံကို ၃ ယောက်ထိုင်ရမှာဆိုတော့ သူတို့အနေမခက်အောင် ကလေးလေးကို စခေါ်မှပါ ။
“ လာလာ . . သမီး ဒီမှာထိုင် ” ဆိုပြီး အလယ်မှာ နေရာပေးရင်း ပြုံးပြလိုက်တယ်။
ကလေးက လူတော့နည်းနည်းကြောက်တတ်ပုံရတယ် ။ ကျမကို ပြန်ပြုံးမပြပဲ ကြောက်နေပုံနဲ့ ကြည့်နေတယ်။
ကလေးအဖေကတော့ ကျေးဇူးတင်တဲ့ အပြုံးနဲ့ “ သမီး တီတီ့ဘေးမှာထိုင်လိုက်လေ ” ဆိုပြီး ကလေးကို နေရာချ သူလဲဘေးဖက်က ၀င်ထိုင်ပေါ့ ။ သူတို့သားအဖ နေရာယူနေတုန်း ရထားကြီးက ထွက်လာပြီ ။

မိုးလဲလင်းတော့မှာဆိုတော့ ပြန်မအိပ်ဖြစ်တော့ပါဘူး။ ဆောင်းမနက်ခင်းတွေကို ရထားပေါ်ကကြည့်ရတဲ့ အရသာက
အရမ်းမိုက်တာလဲ ပါတာပေါ့လေ။
နှင်းမှုန်တွေရယ် တဲအိမ်စုလေးတွေ လယ်ကွင်းပြင်ကျယ်တွေရယ်က ရန်ကုန်မြို့ရဲ့ တိုက်ရှည်ရှည်ပုပုတွေကြားမှာ မွန်းကျပ်ပိတ်လှောင်နေတဲ့ စိတ်ကို အတော်ကြီး ပြေလျော့လန်းဆန်းစေတာပဲ။
ကျွန်မရဲ့ ဇာတိမြို့လေးနားမှာလဲ ဒီလိုရှုခင်းစိမ်းစိမ်းတွေရှိတယ်လေ။ ဒါကြောင့် ဇာတိမြေကိုချစ်တဲ့စိတ်နဲ့ ကြည့်လို့လားမသိ အကုန်လုံးကို လှနေတော့တာပါပဲ။

“ ညီမ . . ဘယ်သွားမှာလဲ ” ဘေးခုံက ကလေးအဖေရဲ့ အမေးကို “ မန္တလေးပါရှင့် . . အကိုတို့ရော ဘယ်သွားကြမှာလဲ” လို့ အမေးနဲ့ တုန့်ပြန်ဖြစ်တယ် ။ “ . . . နားက ရွာကိုသွားမှာ ညီမ ။ အိမ်ပြန်ကြမှာလေ” တဲ့။
သူပြောတဲ့ရွာကိုတော့ ကျမ မကြားဖူးပါဘူး။ “ ပဲခူးကို ဘာလာလုပ်ကြတာလဲ ။ အလည်သက်သက်ပဲလား”
မျက်နှာချင်းဆိုင်က သီလရှင်ဆရာလေးရဲ့ အမေးစကား။
“ ဟုတ်ကဲ့ အလည်ဆိုပါတော့ဘုရား ။ တပည့်တော်ရဲ့ အဖေနဲ့ သူ့မိန်းမကို လာတွေ့တာပါ ။
တပည့်တော်အဖေက ဒီမှာ အင်ဂျင်နီယာ တာဝန်ကျပါတယ် ။ နောက်အိမ်ထောင်နဲ့ပါ ။ အမေကတော့ ဆုံးတာကြာပါပြီ။
 သမီးကိုလဲ မတွေ့ဖူးသေးလို့ လာပြရင်း အမွေကိစ္စဘာညာလဲ တပည့်တော် ညီမတွေအတွက် စီစဉ်ဖို့လာတာပါ ” တဲ့။
“ တပည့်တော်က ရန်ကုန်ဇာတိ အိမ်မှာ အကြီးဆုံးသား ။ အောက်မှာ ညီမ၂ယောက်ရှိသေးတယ် ။ ညီမအလတ်ကတော့ သူ့အိမ်ထောင်နဲ့သူဖြစ်သွားပါပြီ ။ ညီမအငယ်ဆုံးပဲ အလွတ်ကျန်နေတာ။
 တပည့်တော်တို့ အမေလက်ထက်ထဲက အိမ်နဲ့ဝိုင်းမှာ ညီမအငယ်ဆုံးနေနေတယ် ဘုရား။
မိထွေးကို သူတို့ အခုလက်ရှိနေတဲ့အိမ် အတွင်းပစ္စည်း ဘာညာ ပေးပြီးပေမယ့် အမေ့အိမ်ဝိုင်းကိုလဲ သူက ဝေစုလိုချင်သေးသလိုလိုဖြစ်နေလို့ ။ ညီမ အငယ်ဆုံးကလဲ အပျိုလေးဆိုတော့
တစ်ခုခုဆို နေစရာ အဆင်မပြေမှာစိုးလို့ တပည့်တော်က လူကြမ်းဝင်လုပ်ပြီး မောင်နှမ ၃ ယောက် နာမည်နဲ့ စာချုပ်ချုပ်ခဲ့ရတယ်။ တပည့်တော်ကတော့ ပြန်မနေနိုင်တော့ပါဘူးဘုရား ။ သူ့အတွက်ပါပဲ ။
တပည့်တော်ဖာသာ ယာလုပ် အခင်းလုပ်နဲ့ စီးပွားရေးက အဆင်ပြေနေပါပြီ ။ ရန်ကုန်ဖက်ကို ပြန်မလာချင်တော့ပါဘူး ။”

အော် . . အမွေကိစ္စ ရှုပ်လာရင် မိသားစုတွေ အမှုတွေဖြစ်ကြ စိတ်ဝမ်းကွဲကြ ဘာကြနဲ့ . . ကျမမြင်ဖူးတာတွေများနေပေမယ့် အခု ညီမအငယ်ဆုံးကို အကုန်ပေးလိုက်တော့မယ် ဆိုတဲ့ အကိုတစ်ယောက်ရဲ့ မေတ္တာနဲ့
မိသားစုစိတ်ဓါတ်ကိုတော့ သဘောကျသွားမိတယ်။ ဒီလိုမျိုးကြားရတာပဲ စိတ်ချမ်းသာစရာပါလေ။

သူတို့စကားကောင်းနေတုန်း မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကလေးအမေနဲ့ ကလေးကို မသိမသာ အကဲခတ်နေမိတယ်။ ကလေးအမေကတော့ ပါတိတ်လုံချည် တစ်ပတ်နွမ်းလေးရယ် ဈေးသိပ်မရှိတဲ့ ဇာအင်္ကျီ
ီလေးရယ်ဝတ်လို့ ။မျက်ခုံးမျက်လုံးခပ်ကောင်းကောင်းနဲ့  အပျိုတုန်းကတော့ ညိုညိုလုံးလုံးလေးနဲ့ ချစ်စရာကောင်းမယ့်ပုံပါ။ အပျိုတုန်းက ဆိုလို့ အခုကလဲ သိပ်တော့ အသက်မကြီးသေးဘူး။ ရှိလှ ၃၅ လောက်ပေါ့။

ကလေးကတော့ အပေါ်ကပြောခဲ့တဲ့အတိုင်း ဆံပင်စုတ်ဖွားနဲ့ မျက်နှာပေါ်မှာ ကြေး(ဂျီး) ကြောင်းလေးတွေနဲ့။  ဒါပေမယ့် ထူးခြားတာက ကလေးရဲ့ မျက်လုံးတွေက ၅ နှစ် ၆ နှစ်ကလေးတစ်ယောက်ရဲ့ မျက်လုံးတွေထက် တဆိတ်တော့ တောက်လွန်းသလားလို့။ လူသိပ်ကြောက်ပုံမရဘူး ။ အမေနားလဲ သိပ်ကပ်တယ်မရှိဘူး ။ သူ့ကစားစရာ ပလတ်စတစ်ဒယ်အိုးလေးတွေ ထုတ်ပြီး ကစားနေလေရဲ့။

“ ဒါနဲ့ အမတို့ကရော မန်းလေးအထိလားခင်ဗျ” လို့ ဒီဖက်က ကလေးအဖေက စနှုတ်ဆက်သံကြားတယ်။
“ မဟုတ်ဘူး။ သာစည်အထိပါ။ ကျမက သာစည်သူ ၊ ယောက္ခမများဆီကနေ သမီးကိုသွားခေါ်ပြီး ပြန်လာတာ။
 သာစည်မှာ ကျောင်းထားဖို့လေ။ အခုသမီးက ၁ တန်းရောက်ပြီ။ ကျောင်းတ၀က်နဲ့ ခေါ်ခဲ့ရတာ။ ကျောင်းထွက်လက်မှတ် မရလာဘူး။ တစ်နှစ်အောက်သွားတာပေါ့။ ”
အဲလိုပြောလိုက်တော့ ကျမစိတ်ထဲ တစ်မျိုးဖြစ်သွားမိတယ်။ သာစည်လို မြို့မပြောနဲ့ ကျမတို့ အဘိုးအဘွားတွေနေတဲ့ ရွာတွေဖက်မှာတောင် ကလေးတစ်ယောက်ကို ကျောင်းထားဖို့ မိဘတိုင်းစိတ်အားထက်သန်ကြတယ်။
တကယ်တွက်ကြည့်ရင် တစ်တန်းကလေးတစ်ယောက်ကို ကျောင်းထားတာ ဘယ်လောက်များ ကုန်စရာရှိလို့လဲကွယ်။
ကလေးလေးရဲ့ ပညာရေးအစပိုင်းမှာ တစ်တန်းနောက်ကျအောင် ဘာလို့များလုပ်လိုက်ရတာလဲ။
ကလေးကတော့ စိတ်ထဲဘယ်လိုရှိမယ် မသိပေမယ့် ကျမစိတ်ထဲမှာတော့ ကလေးအမေကို အပြစ်တင်မိသွားတယ်။
စိတ်လဲ နည်းနည်းတိုသွားတယ်။

ဟုတ်တယ်လေ . . ကိုယ့်သားသမီးပညာရေးကို အရေးမကြီးသလိုပုံမျိုး သူမို့တွေးရက်တယ်။

အတွေးထဲမှာ ဒေါသထွက်နေတုန်း ကလေးအမေဆက်ပြောတာက
“ အရင် ကျမက ရန်ကုန် ယောက္ခမအိမ်မှာ လိုက်နေတာ။
ကျွန်မယောက်ျားက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထိုင်းကိုအလုပ်လုပ်ဖို့ ထွက်သွားတယ်လေ။
အဲဒီထဲက လူလဲမလာ ပိုက်ဆံလဲမလာ စာမလာ ဖုန်းမလာ ဖြစ်နေတော့တာ အခုထိပါပဲ။
သူသွားတော့ ယောက္ခမများကလဲ ကလေးတွေနဲ့ ကျမကို မကြည်ဖြူတော့တာနဲ့
သာစည်အိမ်ကို ဒီသမီးအောက် ကလေးအငယ် ၂ ယောက်ကိုခေါ်ပြီး ပြန်ခဲ့ရတယ်။
သမီးကြီးကိုတော့ ဒီသမီးလေးထားခဲ့ရင်များ သူ့အဖေဆီက အဆက်အသွယ်လေးဘာလေး ရမလားလို့ မျှော်လင့်ပြီး
ရန်ကုန်မှာ ကျောင်းထားပေးဖို့ အပ်ခဲ့တာပါ။
အခုတော့ ယောက်ျားဆီက အဆက်အသွယ်လဲ မလာတော့တာအပြင် ယောက္ခမများက
ကလေးစားရိတ်ကြီးလို့ မနိုင်တော့ဘူး လာခေါ်ပါဆိုလို့ သွားခေါ်ပြီးပြန်လာတာ။
ယူတုန်းကလဲ ကျမဖာသာ ချစ်လို့ကြိုက်လို့ယူခဲ့တာဆိုတော့
အိမ်ကိုဒုက္ခမပေးချင်ပေမယ့် တခြားသွားစရာမရှိတော့လဲ သာစည်ပဲပြန်ရတာပေါ့ ”

“ သတင်းလေးဘာလေး မစုံစမ်းဘူးလား” သီလရှင်ရဲ့ စိတ်ဝင်တစားအမေး . .
“ ဒီကသွားတဲ့ အသိတွေကတော့ ပြန်ပြောကြပါတယ်။ ဘယ်မှာတွေ့တယ် ဘာညာပေါ့။
သိပ်လဲ အဆင်မပြေလှဘူးလို့တော့ ကြားတယ်။ ဒါပေမယ့် အဆင်မပြေလဲ တစ်နှစ် နှစ်နှစ်ဆိုတော်သေးတယ်လေ။
အခုက ၃ နှစ်ကျော်ထိ အဆက်အသွယ် တစ်စက်မှမလုပ်တော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။
အဆင်မပြေလို့ပြန်လာရင်တောင် ကိုယ်လင်ကိုယ်မယား ဒိုးတူဘောင်ဘက် လုပ်စားနိုင်ပါတယ်။
ဆင်းရဲတာကို ကျမမကြောက်ပါဘူး ။ ဒါပေမယ့် အဆက်အသွယ်တောင် မလုပ်တော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။
ကျမလဲ လိုက်သွားတတ်တာမှမဟုတ်ဘဲ။”

ကြားလိုက်ရတဲ့စကားအဆုံးမှာ ကျွန်မစိတ်ထဲ အံ့သြပြီးရင်း အံ့သြမိသွားတယ်။
ကလေး ၃ ယောက်ရတဲ့ထိပေါင်းသင်းခဲ့တဲ့ လင်ယောက်ျားတစ်ယောက်က အားကိုးပြီးလိုက်လာခဲ့တဲ့ မိန်းမဆီကို
အဆက်အသွယ်မလုပ်တော့ဘူးဆိုတော့ . .
ကျမသာ ဒီအမျိုးသမီးလိုအဖြစ်မျိုးကြုံရင် ဘယ်လိုများ ခံနိုင်ရည်မွေးရမှာပါလိမ့်။
စစတုန်းက ကလေးကို ပညာရေးတစ်နှစ်အောက်ခဲ့တာကို အပြစ်တင်မိသွားတာကိုလဲ စိတ်မကောင်းဖြစ်သွားမိတယ်။ လိုက်ရှာလို့တွေ့တယ်ပဲထားပါဦး လူအနားသာရောက်နိုင်ပေမယ့် သံယောဇဉ်နဲ့ ချစ်ခြင်းတွေကိုတော့ ပြန်ရဖို့မလွယ်တော့တာ သေချာသလောက်ရှိနေတဲ့ အချိန်ဖြစ်နေတဲ့အခါ . .
ကျမဆိုရင်ရော လိုက်ရှာဖြစ်ပါ့မလား ။ ပြီးတော့ တစ်ချို့တစ်ချို့အတွက် ကမ္ဘာကြီးက ရွာကြီးလို့သတ်မှတ်နိုင်ကြပေမယ့် ဆင်းဆင်းရဲရဲသာစည်သူလေးအတွက်ကတော့ ထိုင်းနယ်စပ်က ဝေးလွန်းလှတဲ့အရပ် ဖြစ်နေသတဲ့လားကွယ်။

“ မေမေ . . ရှူးပေါက်ချင်တယ်” လို့ ကလေးမလေးရဲ့ ပြောသံက ကျမအတွေးကို ခဏရပ်တန့်သွားစေတယ်။ ကျမတို့ထိုင်ခုံက ရထားတွဲရဲ့အလယ်လောက်မှာဆိုတော့ အိမ်သာနဲ့ နည်းနည်းလှမ်းတယ်ပြောရမှာပေါ့။
“ အေးအေး လိုက်ပို့မယ်” လို့ ကလေးအမေကဆိုပေမယ့် ကလေးက “ မလိုက်နဲ့ သမီးဖာသာ သွားတတ်တယ်” တဲ့။
ကျွန်မတောင် အခုတစ်ခေါက်က တစ်ယောက်တည်းလာတာမို့ အိမ်သာဘာညာသွားရင်
တစ်ယောက်တည်းသွားတာ . . သူငယ်ချင်းတွေပါရင် အတူတူခေါ်သွားနေကျ။
ကျမမှလဲ မဟုတ်ပါဘူး ကျမသူငယ်ချင်းတွေလဲ ဒီလိုပဲ တစ်ယောက်ယောက်သွားမယ်ဆို နောက်တစ်ယောက်တော့ အနည်းဆုံးခေါ်နေကျ။ ကြောက်လို့ရယ်မဟုတ်ပေမယ့် အဖော်မင်တာလို့ပြောရမှာပဲ။ အဲလို ကလေးသေးသေးက တစ်ယောက်တည်းသွားမယ်လို့ပြောတော့ ရဲမှရမယ့်ဘ၀လေးမို့ ရဲရတာများလားလို့ တွေးမိသွားတယ်။

ရထားကြီးကလဲ တရွေ့ရွေ့နဲ့ ဘူတာစဉ်တော်တော်များများကိုကျော်လို့ ။ နေတောင် နည်းနည်းမြင့်လာပြီ ။

“ ညီမ ဗိုက်ဆာတယ်ဆို ယူစားနော် ။ ၀ယ်မစားနဲ့ အကိုတို့အများကြီးထည့်လာတာ။ သမီးက ငါးကြော်အရမ်းကြိုက်တော့ သူ့အဖိုးကထည့်ပေးလိုက်တာ။ အများကြီးပဲ။ ညည်းဆာတဲ့အချိန်သာ ယူစား” ဆိုလို့
“ ဟုတ်ကဲ့ရှင့် မဆာသေးပါဘူး” လို့ အားနာနာနဲ့ ငြင်းရင်း မျက်စိခဏအနားပေးဖို့  မှိတ်ထားလိုက်တယ်။
အမှန်တော့ နည်းနည်းဆာနေပြီ ။ မနက်ထဲက ဘာမှမှ မစားရသေးတာ။ ဖြတ်သွားသမျှ ဈေးသည်တွေဆီကလဲ
ဟိုဟာဝယ်ကျွေး ဒီဟာဝယ်ကျွေးဆိုတော့ အားနာတာနဲ့ မစားဖြစ်တာ။

“ ဟော . . မိုးတွေရွာလာပြီ ” လို့ ရထားထဲက ခရီးသည်တွေပြောလို့ မျက်စိဖွင့်ကြည့်တော့ ဟုတ်ပါရဲ့ ဆောင်းတွင်းကြီး မိုးတွေရွာလို့။ ရန်ကုန်မှာသာ သိပ်မရွာတာ တစ်ချို့နယ်တွေမှာဆို ဒီနှစ်ဆောင်းက
မိုးတော်တော်ရွာသတဲ့။ အအေးလဲအရမ်းပိုတယ်ပြောကြတယ်။

“ မိုးတွေရွာတာ မကောင်းဘူး ဆရာလေးရေ . . တပည့်တော်ရဲ့ ငရုတ်ခင်းတွေ ပျက်ကုန်တော့မှာ။ ဒီနှစ်တော့ အရှုံးများတယ်။ ”လို့ မိုးကြောင့် စိတ်ညစ်ရတဲ့အကြောင်း ကလေးအဖေက ပြောတော့ ဆရာလေးက
“ဟုတ်ပါ့ . . မုံရွာဖက်လဲ အခင်းတွေပျက်ကြ လယ်တွေပျက်ကြနဲ့ ရာသီဥတုများဖောက်ပြန်တော့ စီးပွားလဲထိကြတာပေါ့လေ” လို့  သူတို့နယ်ဖက်အကြောင်းပြောပြနေတယ်။

 “ ဟုတ်တယ်ဆရာလေး . . ငရုတ်စိုက်ရတာ စားရတဲ့နှစ်ကြတော့လဲ အရမ်းမြတ်တာ။ ၂ နှစ် ၃ နှစ်ထိုင်စားပဲ။ ရှုံးပြီဟေ့ဆိုလဲ ဘာနဲ့လိုက်လိုက်ကို မမီတာများတယ်။ တပည့်တော်ဆို စစတုန်းက လယ် ၊ ယာ မလုပ်တတ်ဘူး။ မိန်းမရတော့မှ စလုပ်ရတာ ။ လက်တွေလဲပေါက်လို့ပြဲလို့ ။  ဒါမယ့် စလုပ်ထဲက တပည့်တော်က ပျော်တယ်ဘုရား။
တပည့်တော်က တောတွေမှာပျော်တယ်။ ဒါကြောင့် ရန်ကုန်ကနေ ဒီမှာလာနေရတာ စိတ်မညစ်ဘူး။
မြို့ပြစရိုက်ထက် တောစရိုက်ကို ပိုကြိုက်တယ်။ လူသာပင်ပန်းပေမယ့် စိတ်ချမ်းသာရတယ်ဘုရား ။
တပည့်တော်ကGTI ကျောင်းဆင်းမို့ အဖေကတတ်ထားတဲ့ပညာတွေ နှမြောစရာလယ်လုပ်ပစ်တယ်ဆိုပြီး ရန်ကုန်ပြန်ပြောင်းလာစေချင်တာကို မလာတော့ဘူးလို့ပြောခဲ့တာ။ ကိုယ့်ဘ၀ကိုယ် တပည့်တော်က ကျေနပ်နေပြီဘုရား”

ဒီလိုပြောနေတဲ့ ကလေးအဖေရဲ့မျက်နှာဆီမှာ ဘ၀ကိုကျေနပ်နေတဲ့ အရိပ်တွေအပြည့်ဖြတ်သွားနေကြတယ်။ ရန်ကုန်သားက တောမှာ လယ်ယာလုပ်ပြီးပျော်နေသတဲ့ ။ ဟိုးးး . . အထက်ပိုင်းမြို့ငယ်လေးက တောသူမ ကျွန်မကျတော့ မန်းလေး . . ရန်ကုန် . . နောက် . . တခြား . . စသဖြင့် ဘ၀ရဲ့အောင်မြင်မှုဆိုတာကြီးကို မမောသလို မပမ်းသလို လိုက်ရှာနေလိုက်တာ . . အိမ်နဲ့ဝေးရာသွားနေလိုက်တဲ့ ခရီးတွေနဲ့ ဘယ်ချိန်အိမ်ပြန်ရမယ်တောင် မသိနိုင်သေးတဲ့ဘ၀တစ်ခုထဲမှာ အသားမကျတကျ ကျော်ဖြတ်နေရတယ်။

တကယ်တော့ ကျမကလေ လယ်ကွင်းပြင်တွေကိုဖြတ်တိုက်လာတဲ့ လေနဲ့ ကြီးပြင်းခဲ့ရသူမို့
အပင်တွေကိုချစ်တယ် . . တောင်တန်းညိုတွေကိုချစ်တယ် . . လယ်ကွင်းပြင်တွေကိုချစ်တယ် . . မြေနီလမ်းတွေကိုချစ်တယ် . . ပြီးတော့ မထည်ဝါလှတဲ့ ကျမရဲ့မြို့လေးကိုလဲချစ်တယ်။
ကျမရဲ့ အိမ်က ဘယ်မှာလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖြစ်တဲ့အခါတွေလဲ မကြာခဏ။
တိုးတက်ပါတယ်ဆိုတဲ့ မြို့တွေဆီမှာနေရင်း ဘယ်အချိန်မှာရောင့်ရဲရမှန်း . . ဘယ်အချိန်မှာရပ်တန့်ရမှန်းမသိတဲ့
ကျေးတောသူမတစ်ယောက် ဆီမှာ ဘယ်တော့များမှ ကိုယ့်ဘ၀ကိုယ်ကျေနပ်ပျော်ရွှင်တဲ့အရိပ် မျက်နှာပေါ်တင်နိုင်မှာလဲလို့ မသိနိုင်တဲ့ တွေဝေမိန်းမောမှုများနဲ့ . . တောကိုချစ်တယ် ပြီးတော့ ဘ၀ကိုကျေနပ်တယ်ဆိုတဲ့
လယ်သမားကြီးတစ်ယောက်ကို Programmer ကျမတစ်ယောက် အားကျမိခြင်းများစွာနဲ့ပေါ့။

ရထားကြီးကတော့ ရပ်ရမယ့်ဘူတာရပ်လို့ . . ဆင်းသွားတဲ့ခရီးသည်ကိုချန်ခဲ့ . . တက်လာတဲ့ခရီးသည်ကို တင်ဆောင်လာရင်း . . တရွေ့ရွေ့နဲ့ မန်းလေးဆီသို့ ခရီးဆက်မြဲဆက်လျက် ။ရထားကြီးပေါ်ကို
ဘ၀တွေတက်လိုက်ဆင်းလိုက်နဲ့ အရောင်တွေစုံနေကြတယ်။  ဒီရထားရဲ့ ခရီးဆုံး ပန်းတိုင်က မန်းလေး သေချာပေမယ့် ကျမလျှောက်နေတဲ့ ခရီးမှာတော့ . . ပန်းတိုင်နဲ့ လမ်းဆုံးက သေခြင်းတရားကိုမေ့ထားရင်တောင်
ခုထိယောင်ဝါးဝါးဖြစ်နေသေးရဲ့ ။ ကျမ  မြင်မြင်ရာမှာ နှင်းမြူတွေဆိုင်းနေကြတယ် . . ။
ဘယ်တော့များမှ ကုန်မှာလဲ ကျမရဲ့ ဆောင်းရယ် . . . ။  ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

ပြောခဲ့ပါ . . တစ်ခုခုပေါ့