RSS

နာရီတစ်လုံး ရှိခဲ့ဖူးပါသည် . . .

ကျမမှာ နာရီတစ်လုံး ရှိခဲ့ဖူးပါသည်။

နာရီ စပတ်တတ်စ အရွယ်မှစ ပတ်လာခဲ့သော နာရီပေါင်းများစွာမှာ ပုံစံရော အမျိုးအစားပါ စုံလင်နေသည်။
ဈေးနှုန်းအသင့်တင့် နာရီများနှင့် ရင်းနှီးလာခဲ့သော ကျမ၏သက်တမ်းမှာ အတော်ပင်ကြာခဲ့ပြီ။
ကျမ၏ အကျင့်မှာ ပုံမှန်အားဖြင့် လက်ပတ်နာရီအပို မထားတတ်ဘဲ တစ်လုံးပျက်သွားမှ တစ်လုံးဝယ်ပတ်တတ်သည်။
အကြောင်းကြောင်းကြောင့် တစ်ခါတစ်ရံ ကျမမှာ ပိုနေသောလက်ပတ်နာရီရှိနေပါက ထိုနာရီသွားနေသော
နာရီလက်တံ စက္ကန့် မိနစ်တံများကို ဘာကြောင့်မှန်းမသိ အသေအလဲ နှမြှောနေတတ်သည်။ သူ့ဟာသူသွားနေသော လက်တံများဖြစ်ပြီး
ကျမအတွက် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမထားနိုင်ရင်လဲ ခဏသာဖြစ်ပြီး ဘယ်လိုမှ လက်ပတ်နာရီအပိုတစ်ခု ဆောင်ထားလို့မရပါ။

အရွယ်လေးရလာတော့ တစ်ချို့သူငယ်ချင်းများ နာရီအမျိုးမျိုးကို အ၀တ်အစားနှင့် အချိန်အခါကြည့်ပြီး ပတ်ကြ . . လှကြတာကို အားကျမိသောကြောင့်
နာရီအပိုဝယ်ထားလိုက်မိလျှင် ကျမရဲ့ ဟိုဆိုက်ကိုကြောင့် မပတ်ဖြစ်သော နာရီကို အားနာ လက်တံများသွားနေကြသည်ကို နှမြှောနှင့် နောက်ဆုံးတော့
ကျမမှာ ပုံမှန်ပတ်တဲ့ နာရီတစ်လုံးထဲနှင့်သာ အဖော်ပြုနေထိုင်ရလေတော့သည်။

ထိုအချိန်များထဲမှ နာရီပျက်သွားသောအချိန်တစ်ခုတွင် ကျမသူငယ်ချင်းက လမ်းလျှောက်ရင်း နာရီတစ်လုံးကောက်ရလာသည်။
နာရီက ရွှေရောင် မိန်းမပတ်နာရီလေးဖြစ်ပြီး ကောက်ရသည့်အချိန်တွင်ပင် အတော်လေး ဟောင်းနေပြီ။
ကျမတစ်သက်တာတွင် ရွှေရောင်နာရီကို မကြိုက်သောကြောင့် တစ်ခါမှ ၀ယ်မပတ်ဖူးပါ။ ၀င်းလက် ၀င်းလက်နှင့် နေရခက်မည်ဟု တွေးမိသောကြောင့်ရယ်
ကျမရဲ့ အသားရောင်နှင့် ရွှေရောင်နာရီနှင့် မလိုက်ဟု ထင်မိသောကြောင့်ရယ် ဖြစ်ပါသည်။ သို့သော် သူငယ်ချင်းကောက်ရလာသော နာရီလေးကိုမူ မြင်မြင်ချင်း
ကျမနှင့်ရင်းနှီးသလိုခံစားရပြီး ခဏပတ်ကြည့်ရင်း ဒါကျမရဲ့ နာရီလေးဟုပင် ထင်မြင်လာမိသည်။ နာရီမှာ ကောက်ရလာသောနာရီဖြစ်သည့်ပြင် ဟောင်းလဲဟောင်းနေခြင်း
ရွှေရောင်ကို ကျမလိုပဲ ကျမသူငယ်ချင်းများမကြိုက်ကြခြင်းကြောင့် ထိုနာရီကို ကျမပတ်မည်ဟု ပြောသောအခါ အလွယ်တကူပေးလိုက်ကြသည်။
နာရီလေးမှာ ကျမလက်ထဲမှာ ခဏခဏ စက်ရပ်ရပ်သွားသောကြောင့် ပြင်ဆိုင်မကြာခဏ ပို့ရတတ်သည်။

ခါတိုင်းနာရီများဆိုလျှင် စိတ်မရှည်တတ်သောကျမ  ပျက်သွားသည်နှင့် အသစ်တစ်လုံးဝယ်ပတ်ပြီး နာရီအဟောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်သည်။
ဒီနာရီလေးကိုမူ ဘယ်လိုပျက်ပျက် မရရအောင်ပြင်ရင်း နာရီလေး ကျမလက်မှာ အချိန်ကြာကြာရှိနေခြင်းကို ကျေနပ်နေမိသည်။
ဟိုအရင်ဆိုလျှင် ဖြစ်ကတတ်ဆန်းနေတတ်သော ကျမရဲ့နာရီများအားလုံး ရေစိုခံများဖြစ်ကြပြီး ရေချိုးခြင်း မျက်နှာသစ်ခြင်း စသော ရေထိရသည့်အချိန်တိုင်း
ဘယ်တော့မှ မချွတ်တတ်။ မချွတ်ရအောင်လဲ အပျင်းကြီးသော ကိုယ့်ကိုယ်ကိုယ်သိသောကြောင့် ရေစိုခံပဲဝယ်ဖြစ်သည်။
သို့သော် သိကြသည့်အတိုင်း ကျမ၏ နာရီလေးမှာ ဒီအတိုင်းနေရင်းပင် ဖွတ်ချက်ဖွတ်ချက် ပျက်လှသည့်အပြင် မိုးရွာထဲလျှောက်သွားပြီး မိုးနံ့လေးများရလိုက်လျှင်
ရေငွေ့ရိုက်ပြီး ရပ်သွားလိုက် နေပူတော့မှ ပြန်သွားလိုက်နှင့်မို့ မိုးသံရေသံကြားလျှင် ကျမမှာမျက်လုံးပြူးနေရပြီ။ မိုးရွာလျှင် ရပ်သွားလိုက် နေပူလျှင်ပြန်သွားလိုက်နှင့်
သူ့ဟာသူတော့ ဟုတ်နေသေးတော့သည်။ တစ်ခါတစ်လေတော့ ရေငွေ့ထိတာများလျှင် သူ့ဖာသာပြန်မနိုးတတ် ပြင်ဆိုင်ပို့ပြီးနှိုးရတတ်သေးသည်။
ရေချိုးလျှင် မျက်နှာသစ်လျှင် မီးဖိုချောင်ဝင်လို့ လက်ရေစိုမည်ဆိုလျှင် နာရီလေးကိုချွတ်ချွတ်ထားရသည်ကလဲ ကျမရဲ့ ပုံမှန်အလုပ်တစ်ခုအဖြစ် တိုးလာတော့သည်။
ဒီလိုနှင့် ကျမဆီ နာရီလေးရောက်တာ ၃နှစ်ကျော်ကျော် ၄ နှစ်နီးပါးရှိတော့မည်ထင်ပါသည်။

မနက်အိပ်ရာနိုးသည်နှင့် နာရီလေးကောက်ကြည့် မျက်နှာဘယ်နှမိနစ်သစ်မယ် ရေချိုးခန်းအိမ်သာ ဘယ်နှမိနစ်ဝင်မယ်။ ကျမ ဘယ်လောက် အချိန်ရတယ်ဟု
ကိုယ့်ဖာသာ အချိန်တွက်ရာတွင်လဲ ကျမ၏နာရီလေးကို တကြည့်ကြည့်။ ရုံးသွားဖို့ လမ်းထွက်လာရင်း ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်ခြင်း . . ဘတ်စ်ကားပေါ်တွင်
ကျမ နောက်ကျပြီလား . . အချိန်ဘယ်လောက်များ လိုဦးမလဲဟု စိတ်ပူရာမှာလဲ နာရီလေးကို မကြည့်ရမနေနိုင်။ တစ်နေ့တာရဲ့ အချိန်ဇယားထဲတွင် ဘာလေးပဲလုပ်လုပ်
နာရီကြည့်တတ်သော အကျင့်လဲ ဘယ်လိုကဘယ်လိုရလာသည်မသိ။ ဘာမှလုပ်မနေရင်တောင် နာရီလေးကို ငုံ့ငုံ့ကြည့်နေတတ်သေးသည်။ အောင်မြင်ပျော်ရွှင်မှု
တစ်ခုခုရှိလျှင်လဲ ကျမ၏နာရီလေးက ကျမနှင့်အတူ ပျော်ရွှင်နေပြီး စိတ်ပျက်အားငယ်စရာများကြုံလျှင်လဲ နာရီလေးက ဒိုင်ခွက်သေးသေး လက်တံလေးများဖြင့် ကျမကို
အားပေးပြုံးပြနေတတ်သည်ဟု ခံစားရပါသည်။

တစ်နေ့က ကျွန်မသူငယ်ချင်းများနှင့် ချိန်းထားသောကြောင့် ရေချိုးရန် နာရီလေးကို ချွတ်ခဲ့သည်။ ရေချိုးခန်းမှ ပြန်ထွက်လာတော့ မေ့တတ်သော နမော်နမဲ့နိုင်လှသော
ကျမအကျင့်အတိုင်း နာရီလေးကို ဘယ်နေရာတင်ထားခဲ့မိမှန်း စဉ်းစားမရတော့။ အချိန်လဲ နောက်ကျနေသောကြောင့် ပြန်လာမှရှာမည်ဟု တွေးကာ သူငယ်ချင်းတွေဆီ
ထွက်လာခဲ့သည်။ သူငယ်ချင်းများနှင့် စကားပြောနေချိန်များတွင်လဲ သတိမေ့ပြီး ဘယ်ဖက်လက်ကောက်ဝတ်ကို ငုံ့ငုံ့ကြည့်နေမိသည်။ အပြင်မှ ပြန်လာတော့ ကျမနာရီလေးကို
ထားတတ်သောနေရာများအနှံ့ လိုက်ရှာရတော့သည်။ ရေမချိုးခင် ဘယ်နေရာကထွက်တယ် ဘယ်လိုချွတ်လိုက်တယ် ထိ စဉ်းစား၍ရသော်လည်း ဘယ်နေရာတင်လိုက်တယ်
ကိုမူ ဘယ်လိုမှ စဉ်းစားမရတော့။ ကျမ၏နာရီလေး ပျောက်သွားလေပြီ။ နာရီလေးပျောက်သွားပြီး ၄ ရက်ရှိပြီဖြစ်သော်လည်း ကျမစိတ်ထဲတွင် ကျမ၏ပစ္စည်းများကြားတွင်
နာရီလေးရှိနေသည်ဟု ထင်ကာ ကျမ၏နေရာလေးကို မွှေနှောက်ရှာဖွေနေသည်မှာလဲ ခဏခဏဖြစ်သည်။ တစ်ခါရှာပြီးသွားလျှင် နာရီလေး ဒီနေရာများတွင် မရှိနေဟု
ကျမလက်ခံသွားသော်လည်း အတော်ကြာပြန်လျှင် ကျမနာရီလေး ဒီနေရာမှာရှိနေသည်ဆိုပြီး တွေးမိပြန်ရင်း ထပ်ဖွရှာပြန်ရင်းဖြင့်  မတွေ့နိုင်သော ဒီနေရာမှာပင် တွေ့မည်ဟု
စိတ်စွဲကာ ရှာ၍မမောနိုင်ဖြစ်နေမိတော့သည်။

ယခုတော့ နာရီမရှိလျှင် မနေတတ်သောကျမအတွက် နာရီတစ်လုံးဝယ်ရမည်ကို စဉ်းစားမိသော်လည်း ကျမနာရီလေး ပြန်ရမည်ဟု စိတ်စွဲကာ အသစ်မ၀ယ်ဖြစ်သေးပါ။
ဘယ်သွားသွား ဘာလုပ်လုပ် ဘယ်ဖက်လက်ကောက်ဝတ်ကို မျက်လုံးဝေ့ကြည့်ရင်း မြင်နေကျ ရွှေရောင်ဖျော့ အစင်းကြောင်းသေးသေးလေးများနှင့် နာရီလေးကို
ပြင်းပြင်းပြပြလွမ်းဆွတ်ရင်း တစ်ရက်မှာ အကြိမ်ပေါင်းများစွာ ယောင်ချာချာဖြစ်ရသည်။ နား နားကို လက်ရောက်ဖြစ်တိုင်း ကြားနေကျ ချက်ချက် မြည်သံလေးနှင့် နှုတ်ဆက်တတ်သော
ကျမ၏ချစ်စရာ နာရီလေးနှင့်ဝေးခဲ့ပြီ။ ကျမရင်ထဲတွင် စူးနစ်စွာဝင်ရောက် အဖော်ပြုပေးခဲ့သော ကျမ၏နာရီလေးနေရာတွင် ဘယ်လိုနာရီမျိုးကို အစားထိုးလျှင်များ အဆင်ပြေမလဲ ။
တစ်ပုံစံထဲ အသစ်တစ်လုံးဝယ်ရကောင်းမလားနှင့် နာရီဆိုင်များကို လိုက်ကြည့်ဖြစ်သော်လည်း ကျမချစ်ခင်သော နာရီဟောင်းလေးကိုသာ စိတ်ထဲမှ မဖျောက်နိုင်ဘဲ ပြန်ပြန်လာခဲ့ရသည်။
ပြီးတော့ အသစ်ဝယ်လိုက်လျှင်လဲ ကျမ၏နာရီဟောင်းလေးလောက် နာရီအသစ်ကို မချစ်ခင်နိုင်ဟုတွေးမိသောကြောင့် အသစ်ကိုအားနာရင်း ကျမစိတ်ကို ပြင်ဆင်ဖို့ကြိုးစားရပါသည်။
သို့သော် အလုပ်သွား အလုပ်ပြန်မှအစ နာရီမပါဘဲ ဘာတစ်ခုမှ မလုပ်နိုင်သော ကျမအတွက် နာရီအသစ်တစ်လုံးကိုတော့ အဟောင်းလေးကိုလွမ်းရင်း
မ၀ယ်မဖြစ်ဝယ်ရတော့မည်ဖြစ်ပါသည်။  ဟော . . ခဏနေမိုးလင်းတော့မည်။ ထားတတ်သောနေရာများတွင်
ကျမနာရီလေးများရှိနေမလား ခါတိုင်းရှာရင်း ကျမပဲမျက်စိရှန်းနေသလား သေချာအောင် ကျမနေရာလေးကို ထပ်ပြီးမွှေနှောက်ဦးမှ ဖြစ်ပါမည်။       ။


ခရေငယ် (၅.၃.၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

ပြောခဲ့ပါ . . တစ်ခုခုပေါ့