RSS

“လျှို့ဝှက်ဆန်းကျယ် ပေါတောတောပို့စ် ”


“ အမ ဂမုန်းနက်ကိုသိလား . . သမီးအဲဒါစားချင်လို့”
လှည်တန်းက ရွှေမှာ ပဲကြာဆံသုတ်စားနေရင်း မဆီမဆိုင် မေးလာတဲ့ မေဇွန့်အမေးကို
“ အွန်း . . ဘာကြီးတုန်း သိဘူး . . ၀ါးစရာလား” ဆိုတော့
“ ဟုတ်တယ် စားလို့ရတယ် ။ တအားရှားတယ်လေ ။ တစ်ခါစားထားရင် ဗိုက်မဆာတော့ဘူးတဲ့ ။ သမီးလဲ ၀တ္ထုစာအုပ်တွေထဲက တောတွင်းအတွေ့အကြုံတွေထဲမှာ ဖတ်ဖူးတာ ။ ဂမုန်းနက်တစ်ခါစားထားပြီးရင် ဗိုက်မဆာတော့ ကောင်းတယ်လေ ။ အခုလဲ ရှိရင်ကောင်းမယ် ” တဲ့။ ဒီကောင် ၀တ္ထုတွေဖတ်ပြီး စားချင်လာပုံရတယ်။ “ ဟာ . . ဗိုက်မဆာဘူးဆိုရင် စားရသက်သာပေမယ့် ပျင်းတော့ပျင်းစရာကြီးထင်တယ် ။ ပဲကြာဆံသုတ် လေးဘာလေး
တစ်ခါတစ်လေစားဖို့တောင် အစာစားချင်စိတ်မရှိရင်. . စားလို့အရသာမရှိဘူးဖြစ်မှာပေါ့ ။ ပိုက်ဆံရှိတဲ့ချိန်တော့ အစာမစားချင်တာက ပျင်းစရာကြီးဖြစ်မယ် ထင်တယ်” လို့ ပြန်ပြောလိုက်တယ်။  ဟုတ်တယ်လေဗျာ . . အစာစားဖို့စိတ်မရှိရင် သူများတွေကိုယ့်ရှေ့မှာ အားရပါးရစားပြနေလဲ . . ကိုယ်ကတော့ အရသာမခံစားတတ်တဲ့ နလပိန်းတုန်းကြီးလို စပ်တယ် ၊ ချဉ်တယ် ၊ ငန်တယ် ၊ ခါးတယ် ဘာမှမရှိ စိတ်လှုပ်ရှားစရာမရှိ အစာမစားချင်တဲ့စိတ် တပြေးတည်းကြီးဆီမှာ
ဘယ်လောက် ပျင်းဖို့ကောင်းတုန်း။ တစ်ခါတစ်ခါ နတ်ပြည်တို့ဘာတို့အကြောင်း လူတွေပြောသလောက်တွေးမိရင် . . စာမေးပွဲတွေဘာတွေ မရှိတော့ ကျလို့ဝမ်းနည်းစရာလဲမရှိ အောင်လို့ဝမ်းသာစရာလဲမရှိ တပြေးတည်းခံစားမှုကြီးက စိတ်လှုပ်ရှားစရာတော့ မရှိဘူးဖြစ်နေတာပေါ့။ ဒီတော့ နတ်ပြည်သွားမနေတော့ဘူး . . ခွေးဖြစ်တာကမှ အမဲသားစားရတဲ့နေ့ဆိုပျော် ၀ါးတီးမမိုက်တဲ့နေ့ဆို ၀မ်းနည်းနဲ့ နည်းနည်းပိုစိတ်လှုပ်ရှားဖို့
ကောင်းသေးတယ် ဟုတ်ဖူးလား။ (ခွေးဖြစ်ချင်စိတ် တအားများနေပုံကတော့ နတ်နဲ့ခွေးတောင် ခွေးဖက်မျက်နှာလိုက်လိုက်သေးတယ် :P)

မေဇွန်က ဆက်ပြောတယ် . .
“ ပြီးတော့ ဂမုန်းနက်က တစ်သက်လုံးမဆာတာတော့ မဟုတ်ဘူးတဲ့အမရ ။ အချိန်အတိုင်းအတာတစ်ခုအထိပဲ မဆာတာတဲ့ ။ အဲ့တော့ ဒီလတစ်ခုခုဝယ်စရာရှိတယ်ဆို ဂမုန်းနက်စားထားပြီး ၀ယ်ပစ်လိုက် ။ အစာစားဖို့ ပိုက်ဆံမရှိတာကို စိတ်မပူရတော့ဘူးလေ အမရ” ဆိုတော့ . . အဲဒါကို သဘောကျသွားတယ် . . ။ လကုန်ခါနီးလောက်ဆို ပိုက်ဆံပြတ်ပြတ်နေတတ်ပြီး စားဖို့သွားဖို့ ပူပန်ရတဲ့ဆီကနေ အဲဒီ ဂမုန်းနက်ဆိုတာစားပြီး အေးဆေးဒူးနန့်နေလို့ရရင် မဆိုးဘူးလို့ တွေးမိတာကိုး။ အွန်း ဒါတောင် ခေငယ်ပိုက်ပိုက်အသုံးတတ်ပုံနဲ့က လကုန်ခါနီးတောင်မဟုတ်ပါဘူး . . လအစလောက်ဆိုရင်တောင် စစားရလောက်တယ်။ ဒီတစ်ခါရုံးလေးဘာလေးပိတ်ရင်
ရခိုင်ရိုးမထဲသွားပြီး ဂမုန်းနက်ရှာရကောင်းမလား ။

အဲလိုသာဆို NGO တွေဘာတွေလဲ မရှိဆင်းရဲသားနဲ့ ဒုက္ခသည်တွေကို ဆန်လှူတာတို့ စားစရာလှူတာတို့ထက် ဂမုန်းနက်ရှာပြီး လှူသင့်တယ် ။ ရေကြီးလို့ လယ်တွေပျက်သွားလဲ မပူရဘူး။ ဂမုန်းနက်စားပြီး နေရုံပဲ။ လူတွေများ အပင်ပန်းခံပြီး အစာစားရဖို့ အလုပ်တွေလုပ်နေလိုက်ကြတာ ။ ဂမုန်းနက်သာ ရှိရင် စား ၀တ် နေ မှာ စားအတွက် မလိုတော့ဘူး ။ ၀တ် . . နေအတွက်ပဲ လုပ်ရတော့မယ်။ ဒါ့အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ဂမုန်းနက်က အဓိကဇာတ်လိုက်ဖြစ်လာတော့မှာဆိုတော့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးအကြံပေးတွေလဲ ဒီဂမုန်းနက်ရှာပြီး မျိုးယူတာတို့ ဂမုန်းနက်ထုတ်လုပ်တာတို့ ဂမုန်းနက်သုတေတနတို့ လုပ်ဖို့ အကြံပေးသင့်တယ် ။ ဒီလူတွေ စီးပွားရေးဘာကျမ်းညာကျမ်းကြီးတွေထက် တောတွင်းမုဆိုးဝတ္ထုတွေပိုဖတ်သင့်တယ်လို့ ထင်တယ် ။
ဒါမယ့် ဒီဂမုန်းနက်ရှာဖွေရေးကို လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ဖွင့်တဲ့လူတွေကတော့ ဘယ်အားပေးမလဲ ။ အစာစားဖို့မစဉ်းစားတော့တဲ့ လူတွေကြားမှာ ရွှေကောင်းက ဆိတ်ကောင်လုံးကင်ဆိုတာလဲ မျက်နှာငယ်လိုက်မယ့်အဖြစ်။ ပြီးတော့ . . ဂမုန်းနက်နဲ့သာဆိုရင် YKKOရှေ့ကလဲ ဂလုဂလုနဲ့တံတွေးမြိုချပြီး ဖြတ်လျှောက်ရမယ့်အဖြစ်တွေ မရှိနိုင်တော့ဘူး ။ ဒီတော့ ဆိုင်တွေက လာစားမယ့်သူတွေတိုးလာအောင် အစားအသောက်ကို အဓိကမဟုတ်ဘဲ တခြားစွဲလန်းစရာတွေနဲ့ ဆွဲဆောင်လာကြရတော့မယ် ။ ဆိုင်လာမယ့်သူတွေရဲ့ အစာစားချင်စိတ်ထက် တခြားလိုအပ်ချက်တွေကို ထည့်စဉ်းစားပြီး ၀န်ဆောင်မှုတွေ ပေးရတော့မယ် မဟုတ်လား။

အဲလိုဆိုမှ စဉ်းစားမိတယ် . . မြန်မာမှာ အစားအသောက်ကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင်းတွေကြောင့် လူစည်နေတဲ့ စားသောက်ဆိုင်နာမည်ခံတွေရှိနေတာ ကြာပါပကော။ အဲလိုဆိုင်တွေသွားတဲ့လူတွေက အစားအသောက်စားဖို့ထက် တခြားအကြောင်းတွေကြောင့်က ပိုနေတတ်တယ်။ ဒီတော့ . . အဲလိုလူတွေက ဂမုန်းနက်ရထားတဲ့လူတွေများလား။ မသေတော့ မသေချာပေမယ့် ဖြစ်နိုင်ချေတော့ ရှိတယ်။ ရိုးမသွားပြီး ဂမုန်းနက်မရှာဘဲ ဒီလူတွေဆီက ကပ်တောင်းတာက ပိုသေချာမလား။ (လိပ်စာကဒ်တောင်းတာမဟုတ်ပါ . . :D) ဂလိုတွေးမိတော့ . . ဟ တစ်ချို့လဲ အဲဒါလုပ်နေကြတာပါလား။ ဒီလိုလူတွေနဲ့ရင်းနှီးအောင်ပေါင်းပြီး ဂမုန်းနက်တောင်း ကိုယ်ရှာတဲ့ပိုက်ဆံတွေကို တခြားအလှအပတွေ ဖုန်းတွေ ကားတွေဆီမှာ အကုန်အကျခံနိုင်နေကြတဲ့သူတွေလဲ ရှိသဟလို့ တွေ့ပြန်ရော။ ဒါဆို ဂမုန်းနက်ကတော့ မြန်မာနိုင်ငံမှာ လျှို့ဝှက်ပြန့်ပွားနေတာ သေချာနေပြီ ။ ခေငယ်တစ်ယောက် အသိနောက်ကျလေခြင်း။

နောက်ဆက်ပြီး ခေငယ်က “ ဒါဆို စားဖို့ပိုက်ဆံ တအားရှိတဲ့လူကျ ဂမုန်းဖြူတွေစားရမှာထင်တယ် ။ ဂမုန်းဖြူဆိုတော့ ဂမုန်းနက်နဲ့ပြောင်းပြန် ခနတိုင်းစားချင်သောက်ချင် ဖြစ်မလားမသိဘူး ”လို့ပြောတော့ . . မေဇွန်က “ ဟားဟား . . အဲလိုသာဆို သမီးတို့ ဂမုန်းဖြူမစားမိအောင် အသေအလဲရှောင်ရမယ် ” တဲ့။

အခုတလော ဟိုဟာစားချင် ဒီဟာစားချင်ဖြစ်ဖြစ်နေတာ ခေငယ်ကိုယ်တိုင်မသိလိုက်ဘဲ ဂမုန်းဖြူများ စားမိသလား။ စားချင်စိတ်သာရှိပြီး ၀ယ်စားစရာပိုက်ဆံမရှိတော့ ပါးခြုပ်တပ်ပြီး မြက်ခင်းထဲလွှတ်ခံရတဲ့နွားလို မြင်သာမြင်ရ မကြင်ရတဲ့ဘ၀ ။ ဒါ ခေငယ်ဝယ်စားနေကျ ထမင်းဆိုင်လက်ချက်ပဲဖြစ်ရမယ် ။ စားချင်စိတ် အချိန်တိုင်းဖြစ်နေတာ ဘာလို့လဲလို့ စဉ်းစားမရတာ . . အခုတော့ သိပြီ ။ ဒီလိုလုပ်ကြံလို့ ရရိုးလား ။ စားနေကျ လမ်းဘေးဆိုင်ကို FDA နဲ့တိုင်ရမယ်။

“ အမ . . ၀ပြီလား . . သမီးတော့ မ၀ဘူး ” လို့ နံရိုးပေါင်းကော်ရည်တစ်ပန်းကန်စားအပြီးမှာ မေဇွန်က  ခေငယ့် ပဲကြာဆံပန်းကန်ပြောင်လေးကိုကြည့်ရင်း မေးတော့ . .
“ ဟေ့အေး . . မ၀ဘူး . . ဒါမယ့်ထပ်မစားတော့ဘူး ။ အိမ်မှာ မနက်က ဟင်းဝယ်ထားတာ ကျန်သေးတယ်။ ကျုပ်ကြိုက်တဲ့ဟင်း ရှိတယ်။ ချဉ်ပေါင်ကြော်နဲ့ ငါးဥကြော် ။ ပြန်ရင် ထမင်းစားဦးမှာ ” လို့ ပြောလိုက်တယ်။ “ အော . . အမက ငါးဥကြိုက်တာလား” တဲ့ ။
 “ ဟုတ်ဖူး . . ကျုပ်ဝယ်စားတဲ့ဆိုင်လေးက ဘာဟင်းမှချက်တာ မကောင်းဘူး။ အသားလဲဒီအရသာ . . အရွက်လဲ ဒီအရသာ . . ဘာမှစားမကောင်းဘူး ။ ဒါမယ့် ချဉ်ပေါင်ကြော်တစ်ခုတော့ ကောင်းသဟ ။ အဲ့ဆိုင်မှာ ကျုပ်အကြိုက်ဆုံးက ချဉ်ပေါင်ကြော် ” လို့ ပြန်ပြောဖြစ်တယ်။

ခေငယ်ဝယ်စားတဲ့ဆိုင်က ချဉ်ပေါင်ကြော်က စားလို့အတော်အဆင်ပြေတယ် ။ သွားဝယ်တာနောက်ကျတဲ့နေ့ဆို ချဉ်ပေါင်ကြော် မရတော့ဘူး။ တခြားဟာစားပေတော့ပဲ ။ အဲ့တော့ ချဉ်ပေါင်ကြော်ရလာတဲ့နေ့ဆို ထီပေါက်သလိုပဲ ၀မ်းသာတယ်။ ထီတော့ မပေါက်ဖူးပေမယ့် ခေငယ်က ချဉ်ပေါင်ကြော်ရတဲ့နေ့ဆို ပျော်တော့ . . အော ထီပေါက်တဲ့လူတွေလဲ ငါ ချဉ်ပေါင်ကြော်ဝယ်လို့ရသလိုပဲ ၀မ်းသာမှာပါလားလို့ တွေးမိတာကိုး :P . . ။

ဒါနဲ့ ဒီနေ့မနက်ကျ . . အင်တာနက်မှာ ဂမုန်းနက်လို့ ရိုက်ရှာလိုက်တော့ . . ဂမုန်းနက်က ဆရာကြီးရွှေဥဒေါင်းရဲ့ ဘာသာပြန် ၀တ္ထုတစ်ပုဒ်နာမည်လို့လဲပြတယ်။ ပြီးတော့ http://www.thupyadict.com/ မှာကျ ဂမုန်းမျိုး ၃၁ပါးမှာ ဂမုန်းနက်က အာဟာရသိဒ္ဓိမြှောက်တယ်လို့ မရေးထားပေမယ့် ကိုယ်ပျောက်တယ်ဆိုပါလား ။ သုဝဏ္ဏဓမ္မရာဇ်ဖြစ်၏ ဆိုတာက ပါသေးတယ် ။ အဲဒါကိုတော့ ဘာဖြစ်တယ်မသိဘူး ။ ခေငယ်က ဗဟုသုတကြွယ်ဝတယ်ဆိုတော့ ဘယ်လိုလုပ်သိလိမ့်မတုန်း ။

ဟော . . ပြောရင်းဆိုရင်း နေ့လည်စာစားချိန်တောင်ရောက်ပြီ . . ဂမုန်းနက်မစားထားတော့ ဗိုက်ဆာလိုက်တာ။ ဂမုန်းနက်ကြော် (အဲလေ) ကန်စွန်းရွက်ကြော် စားဖို့ သွားမှ။ နောက်နေ့တွေကျ မေဇွန်ပြောတဲ့ ဂမုန်းနက်အကြောင်းပါတဲ့ တောတွင်းအတွေ့အကြုံစာအုပ်တွေ ငှားဖတ်ရဦးမယ်။ ဒါမှ ဘယ်နားရှာရမယ်သိအောင်ပေါ့ . . နောက်နေ့တွေ လတော်တော်များများ ခေငယ်ပျောက်နေရင် စိတ်မပူကြဖို့ အားလုံးကိုမှာခဲ့ရမယ် . . ဂမုန်းနက်သွားရှာတယ်လို့ . . မှတ်ယူကြပါကုန်ပေါ့ . . . :D . . ။


မေဇွန်နဲ့ပြောရင်း ပေါက်ကရတွေးမိလို့ ရေးထားတာ . .

ခရေငယ်(2011/08/31)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Unknown said...

LIKE......!!

Post a Comment

ပြောခဲ့ပါ . . တစ်ခုခုပေါ့