RSS

“အ၀တ်အစားဆိုတာ ၀ယ်ပြီးရင်တဖြည်းဖြည်းကြီးလာတတ်တယ် ”

ခေငယ်လူကောင်တအားသေးတာ သူငယ်ချင်းအကုန်နီးပါး သိကြတာများပေမယ့် ဘာလို့ လူကောင်တအားသေးလဲလို့ မသိကြတဲ့သူများတယ်။ ခေငယ်မို့ အင်းကျီ ဘောင်းဘီများဝယ်ပြီဆို ငယ်လေးထဲက ၀ယ်ထားတဲ့အင်းကျီတွေလဲ ခုထိဝတ်လို့ရသေးတယ်။ အ၀တ်အစားနဲ့ပတ်သက်လို့ ခေငယ့်ကိုယ်ပိုင် သီအိုရီက
“အ၀တ်အစားဆိုတာ ၀ယ်ပြီးရင်တဖြည်းဖြည်းကြီးလာတတ်တယ် ” တဲ့လေ။

ဟုတ်တယ် ခေငယ်ဝယ်ဖြစ်သမျှ ဘောင်းဘီဆိုလဲ ဘောင်းဘီမို့ အသေးဆုံး စမောဆိုဒ်ကို ၀ယ်လိုက်ပြီး ဆွဲကျယ်အသားမျိုးမဟုတ်ဘဲ ဒီတိုင်းရိုးရိုးဂျင်းသားပုံမှန်လိုမျိုးဆိုရင်တောင် ၃ ခါ ၄ ခါလောက်ဝတ်လိုက်ပြီးရင် ဒူးနားက ပွတာလိုလို ခါးကချောင်တာလိုလို ခြေသလုံးကပဲမတော်တော့တာလိုလိုနဲ့ နောက်ဆုံးကျ ၀တ်လို့ အဆင်မပြေတော့တာမို့ ဒီတိုင်းထားလိုက်ရတာတို့ သူများပေးလိုက်ရတာတို့ချည်းပဲ ။ သူများကိုပေးတာကလဲ
ကလေးတွေကိုပဲပေးလို့ရတာလေ ရွယ်တူထဲက ခေငယ်လောက်သေးတာ ဘယ်သူမှမှမရှိတာ။ စ၀ယ်တော့ ခပ်ကျပ်ကျပ် နောက်တော့ ရက်ပ်ပါဘောင်းဘီတွေလို ချောင်ဂလောင်တွေဖြစ်ကုန်ရော။ စိတ်ပျက်ချက်။

သူငယ်ချင်းတွေကို ခေငယ့်အ၀တ်အစားသီအိုရီပြောပြရင် သဘောမတူကြတာများတယ် ။ သူတို့တော်တော်များများရဲ့ သီအိုရီက အ၀တ်အစားက ဟောင်းသွားလို့ဝတ်မရတော့တာရယ် သေးသွားလို့မတော်တော့တာရယ်ပဲရှိသတဲ့။ ကြီးလာတယ်ဆိုတဲ့ကိစ္စကို ဘယ်သူမှလက်မခံကြဘူး။ ခေငယ့်မှာလဲ အ၀တ်အစားကကြီးလာတာမဟုတ်ရင် ငါများတဖြည်းဖြည်းသေးလာလားဆိုပြီး စိတ္တဇ ခဏဏဖြစ်ရတယ်။

ခေငယ်ဆို ငယ်ငယ်ထဲက တစ်ချို့ကိစ္စတွေကို ကိုယ့်ဖာသာအဖြေမရှာဘဲ လက်လွတ်စပယ်ပေးထားတဲ့ အဖြေတွေကို အဖြေမှန်ပဲလို့ ထင်ထင်နေမိတတ်တယ်။ ဥပမာ ခေငယ်တို့မြို့လေးရဲ့အိမ်ရှေ့က ရေမြောင်းတွေမှာ “ တုတ် တုတ်” ဆိုတဲ့အသံမျိုးဆို ခေငယ့်စိတ်က ဒါ ခရုတုတ်သံပဲ လို့ထင်နေရော။ အဲဒါ အခုအသက်ကြီးသည်ထိ အဲလိုပဲရုတ်တရက်ဆိုတွေးမိတုန်း။ ခရုတုတ်သံလို့အရင်တွေးလိုက်တယ်။
ပြီးတော့မှ ခရုကမအော်တတ်ဖူးလေလို့ ပြန်တွေးပြီး အဲဒီအသံဟာ ခရုတုတ်သံမဟုတ် ဆိုတာမျိုး ပြန်ပြင်ရတယ်။ အဲဒီမှာ ခရုတုတ်သံလို့ ထင်ထားတာကို မဟုတ်ဘူးလို့ပြန်တွေးရတော့ ခရုအော်သံလေးဆိုပြီး သာယာနေတဲ့ ကြည်နူးမှုလေးတော့ ဆုံးရှုံးသွားတာပေါ့။ ဒါကြောင့် တစ်ချို့ကိစ္စတွေက အမှန်မဟုတ်မှန်းသိရတာက အမှန်မဟုတ်မှန်းမသိတာလောက် မကောင်းတာလဲရှိတာပဲလို့ ထင်သွားပြန်ရော။

ခေငယ့်သူငယ်ချင်းတစ်ယောက်ဆိုလဲ အသက်၁၀နှစ်လောက်မှာ မျက်မှန်စတပ်ရတယ်။ ပါဝါ ၄၀၀ ကျော်လောက်ဖြစ်မယ်ထင်တယ်။ အဲဒီအချိန်ကျမှ ဘာလို့မျက်စိမကောင်းကြောင်းပြောလဲ စောစောစီးစီးထဲက ပြောရင်ဒီလောက်များများတပ်ရမှာမဟုတ်ဘူး ဘာညာ အိမ်ကပြောတော့
သူငယ်ချင်းက “ အားလုံးလဲ သမီးလိုပဲမြင်ရတယ်လို့ ထင်တာကိုး” လို့ ပြောသတဲ့။ ဟုတ်တော့ ဟုတ်တယ် . . ရုတ်တရက်ဆို ကိုယ်မြင်တာကပဲ အမှန်။ ကိုယ်တွေးတာကပဲ အမှန်လို့ တွေးမိတာချည်းပဲ။ သူများတွေတော့မသိဘူး ခေငယ်ဆို ငယ်တုန်းက စာမေးပွဲဖြေရင်
ကိုယ်မဖြေနိုင်တဲ့အပုဒ်ဆို သူများလဲဒီလိုပဲ ဖြေနိုင်ဘူးလို့ ထင်နေရော။ ကိုယ့်ထက်ညံ့တယ်လို့ တွေးမိတာမျိုးမဟုတ်ဘဲ ကိုယ်လိုပဲလို့ထင်နေတာမျိုး။ ကိုယ့်ထက်တော်မယ်လို့တွေးတာက ရာနှုန်းနည်းတယ်။ အဲ့တော့ စာမေးပွဲမဖြေနိုင်လဲ သိပ်စိတ်ဆင်းရဲတာမျိုးမရှိဘူး ။ သူများတွေလဲ ဒီလိုပဲလို့ထင်တာကိုး။ အောင်စာရင်းထွက်မှသာ တလွဲဖြစ်တာ ။ မတိုင်ခင်တော့ အိုကေစိုပြေပဲ။

နောက်ရှိသေးတယ် ဘာသာရေးနဲ့ပတ်သက်ရင်လဲ သူများတွေကိုးကွယ်တဲ့ ဘာသာရေးက ဟာကွက်တွေ ပျော့ကွက်တွေကို ဖြတ်ခနဲကြည့်လိုက်ရုံနဲ့ တန်းမြင်ပြီး ငါကိုးကွယ်တဲ့ဘာသာလောက် မိုက်ဖူးကွလို့ ထင်ပြန်ရော။ နောက်တော့ ကိုယ်ကိုးကွယ်တဲ့ဘာသာကိုလဲ ဟိုတွေးဒီတွေးတွေးလိုက်တော့
မဟုတ်သလိုလိုတွေ လိုက်မမီတာတွေ တွေ့လာပြန်တယ်။ တစ်ချို့ကတော့ ကိုးကွယ်မှုရှိလက်စကို အသိကလိုက်မမီသေးတာဆိုတော့ သိလာအောင်ကြိုးစားရမယ် ဘာညာပြောကြတာလဲတွေ့တယ်။ ဟိုတုန်းကတော့ အဲလိုပဲ ငါထပ်ကြိုးစားရဦးမယ်လို့ တွေးမိပေမယ့် နောက်ပိုင်းကျ တွေးလေ ဒီဟာတွေ ငါမသိလဲဘာဖြစ်တုန်း ဘာလို့စိတ်ပင်ပန်းခံပြီး ကိုယ်လက်မခံနိုင်တဲ့ကိစ္စတစ်ချို့ကို သက်သေပြချက်မရရအောင်ရှာနေဖို့လိုတုန်း လို့စဉ်းစားမိတယ်။ အဲ့တော့ မယုံဘူးမဟုတ်လား မကိုးကွယ်နဲ့ ဆိုတော့လဲ စိတ်က လက်မခံပြန်ဘူး။ ကိုယ့်ဖာသာ ကိုးကွယ်ချင်တဲ့ချိန် ကိုးကွယ်လို့ရနေတာပဲ။ ကိုးကွယ်ချင်တဲ့ချိန်မှာ
ဟာ ဒါတွေမဟုတ်သေးဘူးဆိုပြီး စိတ်ကိုအတင်း မကိုးကွယ်နဲ့ကွလို့ တားမနေဘဲ စိတ်ထဲရှိတဲ့အတိုင်း နေသွားတာကောင်းမယ်လို့ တွေးလိုက်မှ သက်သာရာရသွားတယ်။ အဲ့တော့ ခေငယ့်မှာ ဘာသာတစ်ခုခု ကိုးကွယ်တာရှိလားမေးရင် ဟုတ် ကိုးကွယ်ချင်တဲ့ခါ တစ်ခုသို့မဟုတ် တစ်ခုမကရှိပြီး မကိုးကွယ်ချင်တဲ့ခါ တစ်ခုမှမရှိဘူးလို့ ပြောရမလိုပါပဲ။ ဗြဲရမ်းရမ်းတော့ဖြစ်ပေမယ့် ခေငယ့်အတွက်က အဲ့တိုင်းက ပိုအဆင်ပြေတာကိုး။ အဓိက ကိုယ့်စိတ်ထဲ နေလို့အဆင်ပြေမှ ဖြစ်မယ်မဟုတ်လား။ ဟာ ခင်ဗျားအတွေးက အားနည်းတယ်လို့ ဘာသာရေးကိုးကွယ်တဲ့သူတွေက ပြောရင်ပဲဖြစ်ဖြစ် မကိုးကွယ်တဲ့သူတွေက ပြောရင်ပဲဖြစ်ဖြစ် ပြုံးပြရုံပဲတတ်နိုင်ပါတယ်။ ကိုယ့်အတွေးလေးမှ ကိုယ်မပိုင်ရရင် လောကကြီးမှာ မနေပျော်လောက်တော့ဘူးထင်ပါရဲ့။

အွန်း . . “ အ၀တ်အစားတွေက ၀ယ်ပြီးရင်ကြီးလာသည် ” ကို ပြောချင်တာကနေ ဟိုရောက်ဒီရောက်တွေ ဖြစ်ကုန်ရော။ သူများတွေလဲ သူတို့တွေရဲ့တွေ့ရှိချက်အရ အဲဒါမမှန်ဘူးဆိုရင်တောင် ခေငယ်ကတော့ ခေငယ့်တွက် အဲဒါမှန်တယ်ဖြစ်နေပြီ။ ဒါမယ့် အဲဒီအဖြစ်ကိုကြိုက်လားဆိုတော့ မကြိုက်ပါဘူးဗျာ။ အ၀တ်အစားတွေ ဟောင်းသွားတာမျိုးလဲမဟုတ်ဘဲ ၀တ်လို့မတော်တော့တာ (ကျယ်ကုန်တာ)က
ခံစားရတာ ဘယ်မိုက်မတုန်း။ ဒီတော့ ခေငယ်လူကောင်ဘာလို့ ဒီလောက်သေးလဲလို့ ကြုံလို့စဉ်းစားမိတယ်။ မျိုးရိုးဗီဇကြောင့် နေထိုင်စားသောက်မှုကြောင့် ဘာညာ ဘာညာ စသဖြင့် ဆိုတဲ့ တကယ့်အဖြေတွေထက် ခေငယ်သဘောတကျဖြစ်တဲ့အဖြေတစ်ခုကို ရှာတွေ့တယ်ဗျ။ ဘာလဲသိလား .. ဘုရားသခင်က အာဒံရဲ့ နံရိုးတစ်ချောင်းကိုယူပြီး ဧ၀ကိုဖန်ဆင်းတယ်လို့ ပုံပြင်လိုလို ကြားဖူးထားတာကို ခလုတ်တိုက်မိတယ်။ ခေငယ်က အရပ် ၅ပေမပြည့်တဲ့ ပေါင် ၈၀ကျော်ရုံလေး ဖြစ်သလို . . ခေငယ့်အာဒံဖြစ်သူကလဲ အရပ် ၅ပေ၇လောက်မှာ ပေါင်၁၀၀ကျော်ရုံ ပိန်တာရိုးလေးဗျ။ သူပြောလိုက်ရင် “ ဦးကိုက နံရိုးချည်းပဲ ” တဲ့။
အဲ့တော့ သူ့နံရိုးထဲမှာတောင် ခေငယ်က အတော်ထွားတဲ့ ချောချောလှလှ နံရိုးဖြစ်နေပြီ။
(ချောချောလှလှ ပါသွားတာက ကိုယ့်ကိုယ်ကိုယ်ဆို လက်အကျင့်ပါနေလို့ သတင်းကြေငြာသူလေသံနဲ့ ပြောရရင် သီးခံပါရှင်ပေါ့ .. :D ) ပြီးတော့ သူ့နံရိုးတွေထဲ ဒီတစ်ရိုးက ပေါချာချာအနိုင်ဆုံးလဲ ဖြစ်မယ်။ ပါချောချောလို့တော့ မရေးတော့ပါဘူး ရေးလဲအတော်များများ ပြောင်းပြန်ဖတ်ကြမှာပဲဟာ ။

အဲ့တော့ နံရိုးပိုင်ရှင်တောင် ဂလောက်ပိန်နေရင် နံရိုးဖြစ်တဲ့ခေငယ်လဲသေးတာ သဘာဝကျတယ် ။ ဒီထက်ထွားလာရင်သာ သူ့နံရိုးမစစ်တော့မှာ ။ ငါသူ့နံရိုးစစ်လို့သေးတာ . . “ဟေ့ရောင် . . ငါ . . အားမငယ်နဲ့ကွ” လို့ ကိုယ့်ဖာသာ အားပေးနိုင်သွားတယ်။ တခြားစုံတွဲတွေကျ နံရိုးကအဲ့လောက်မသေးဘူး နံရိုးမစစ်လို့လားလို့ လာမပြောကြနဲ့ဗျာ။
ခေငယ် သာယာပြီး နံရိုးပိုင်ရှင်နားတကပ်ကပ်လုပ်နေတာလေး အာရုံပျက်ပြီး ကြေကွဲသွားဦးမယ်။ ဒါကြောင့် အခုတော့ “ အ၀တ်အစားဆိုတာ ၀ယ်ပြီးရင် တဖြည်းဖြည်းကြီးလာတယ်” မှန်ပြီးရင်း မှန်နေတာကိုလဲ ခုတော့ စိတ်မညစ်တော့ပါဘူး။ သူ့နံရိုးလေးဖြစ်ခွင့်ရနေမှတော့ ဘယ်လိုဖြစ်ဖြစ် နေပျော်ပါတယ်လေ။ ။


ခရေငယ်(2011/08/22)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

ပြောခဲ့ပါ . . တစ်ခုခုပေါ့